လိင်အလုပ်သမများနှင့် အိပ်ချ်အိုင်ဗွီ

လိင်အလုပ်သမများနှင့် အိပ်ချ်အိုင်ဗွီ
Published 8 December 2016
ကျွန်း

လိင်အလုပ်သမတွေနဲ့ ပတ်သက်လို့ ရေးစရာလေးတွေ ရှိပေမယ့် အခြားသူတွေလည်း ရေးနေကြပြီမို့ မလိုတော့ဘူးလို့ ယူဆဖြစ်ခဲ့ပါတယ်။ မကြာသေးမီက ‘လိင်အလုပ်သမ’ ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ မှတ်ချက်တစ်ခုကို တစ်ဆင့်စကားနဲ့ ကြားသိရတဲ့အတွက် ကျွန်မ ဒီဆောင်းပါးကလေးကို ရေးဖြစ်ပါတယ်။
လိင်အလုပ်သမတွေနဲ့ ပတ်သက်လို့ ဆိုးရွားတဲ့ အခေါ်အဝေါ်တွေကို အားလုံးသိပြီးသား ဖြစ်မှာပါ။ အဲဒါတွေက နှုတ်အားဖြင့် အကြမ်းဖက်ခြင်းဆိုတဲ့ အမျိုးအစားထဲမှာ ရှိပါတယ်။ ‘အခေါ်အဝေါ်လေး ပြောင်းလိုက်တာနဲ့ သူတို့ရဲ့ဘဝက ထူးခြားသွားမလား’ တဲ့။ ကျွန်မအနေနဲ့တော့ ထူးခြားမယ်လို့ ထင်ပါတယ်။ သူတို့က လူသားတွေဖြစ်ကြပါတယ်။ အခြားဘက်တွေကို မေ့ထားပြီး အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကူးစက်ပျံ့နှံ့မှု ရှုထောင့်တစ်ခုတည်းနဲ့ ကြည့်ရင်တောင် အတော်လေးထူးခြားပါတယ်။ ကျွန်မတို့ ဆိုးရွားတဲ့ အခေါ်အဝေါ်တွေနဲ့ သူတို့ကိုချဉ်းကပ်ဖို့ မဖြစ်နိုင်ပါဘူး။ အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်အကြောင်း ပညာသွားပေးလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ အခြားသူတွေကို ကာကွယ်ဖို့ သွားပြောဖို့လည်း မဖြစ်နိုင်ပါဘူး။
လိင်အလုပ်သမတစ်ယောက် မိမိကိုယ်မိမိ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခြင်းမခံရအောင် ကာကွယ်ရတာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ အလားတူပါပဲ။ မိမိမှာ အိပ်ချ်အိုင်ဗွီပိုး ရှိသွားမှန်းသိပြီးတဲ့ နောက်ပိုင်းမှာ သူတစ်ပါးကို မကူးစက်အောင် ကာကွယ်ပေးရတာလည်း လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ လိင်အလုပ်သမတွေ ကြုံတွေ့ရတဲ့ အကြမ်းဖက်ခံရမှုပေါင်းစုံနဲ့ သူတို့ လုပ်ငန်းသဘာဝ၊ ပတ်ဝန်းကျင်၊ ဥပဒေစတဲ့ အနေအထားတွေက သူတို့ကို အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံစားဖို့ အလွန်လွယ်ကူတဲ့ အနေအထားကို ရောက်ရှိစေပါတယ်။ လိင်အလုပ်ကရရှိတဲ့ ငွေကြေးကို ‘လွယ်ကူစွာရရှိတဲ့ ငွေကြေး’လို့ ခေါ်ဝေါ်ခဲ့ကြဖူးပေမယ့် တကယ်တမ်းမှာ အန္တရာယ်အလွန်များပြီး မလွယ်ကူလှပါဘူး။
အလွန်အံ့သြစရာကောင်းတဲ့ အချက်တစ်ခုက သူတို့ထက် ပိုမိုရွေးချယ်နိုင်တဲ့ အခြေအနေရှိပြီး၊ ပါဝါပိုမိုမြင့်မားတဲ့ သူတို့ထံလာကြတဲ့ ဧည့်သည်တွေ၊ သူတို့ကို အနိုင်ကျင့်သူတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုကို အပြည့်အ၀ မဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။ ပညာတတ်သူ၊ မတတ်သူ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ ရာထူးအာဏာရှိသူ၊ မရှိသူတွေ အားလုံးထဲမှာ မိုက်မဲသူတွေ ရှိကြပါတယ်။ နောက်ဆက်တွဲအနေနဲ့ တစ်ဆင့်ထပ်မံ ကူးစက်ခံရတာက သူတို့ရဲ့ချစ်သူတွေ၊ လက်တွဲဖော်တွေ၊ အိမ်ထောင်ဖက်တွေ၊ သားသမီးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် လိင်အလုပ်သမတွေ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရခြင်းက အများပြည်သူနဲ့ မသက်ဆိုင်ဘဲ သူ့ချည်းသီးခြားတည်ရှိနေတဲ့ ကိစ္စမဟုတ်ပါဘူး။ အားလုံးနဲ့ သက်ဆိုင်ပါတယ်။
မြန်မာနိုင်ငံက လိင်အလုပ်သမတွေ ဘယ်လိုအကြောင်းကြောင့် ဒီအလုပ်လုပ်ဖြစ်သလဲဆိုတာကို မေးမြန်းလေ့လာထားတဲ့ သုတေသနလေး ရှိပါတယ်။ ကဲရ်မြန်မာက ပြုလုပ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိခဲ့တာပါ။ အဲဒီမှာ အဓိကအချက်အနေနဲ့ တွေ့ထားတာက မိသားစုကို ရှာကျွေးဖို့ဖြစ်ပါသတဲ့။ နောက်ခံအကြောင်းရင်းတွေက ဆင်းရဲမှု၊ ပညာမတတ်မှုနဲ့ မိသားစုကို ထောက်ပံ့ဖို့ တာဝန်ရှိခြင်းတွေ ဖြစ်ပါတယ်။ အဲဒီအလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်ဖြစ်စေတဲ့ တွန်းအားတွေထဲမှာ အကြွေးတင်ခြင်း၊ ဆေးကုသစရိတ်လိုအပ်ခြင်း၊ ချစ်သူ၊ အိမ်ထောင်ဖက် စသူတွေနဲ့ကွဲကွာခြင်း၊ ဒီအလုပ်နဲ့ ဆက်စပ်ပတ်သက်နေသူတွေနဲ့ ဆက်သွယ်မှုရှိနေခြင်း ဥပမာ - မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတွေထဲမှာ ဒီအလုပ်ကို လုပ်နေသူတွေရှိတာ၊ လိင်လုပ်သားအသစ် ရှာဖွေနေသူတွေ ပတ်ဝန်းကျင်မှာ ရှိနေတာ စတာတွေ ပါဝင်ပါတယ်။
ကျွန်မ အိပ်ချ်အိုင်ဗွီ တားဆီးကာကွယ်ရေး လုပ်ငန်းခွင်ထဲမှာ ရှိနေစဉ်က တွေ့ခဲ့ဖူးတဲ့ လိင်အလုပ်သမလေးတွေကို ပြန်စဉ်းစားရင်လည်း အဲဒီအချက်တွေက မှန်ကန်နေတာကို တွေ့ရပါတယ်။ မှတ်မှတ်ရရရှိခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ကျွန်မနဲ့တွေ့ချိန်မှာ အလွန်ကို ပြန်လည်ချောမောလှပနေပြီဖြစ်တဲ့ လိင်အလုပ်သမလေးက မိသားစုကိုရှာကျွေးဖို့ အဲဒီအလုပ်ကို လုပ်ခဲ့ရတာပါ။ အဲဒီအလုပ်နဲ့ ရှာကျွေးနေတဲ့ ပိုက်ဆံကိုသိလျက်နဲ့ စားသုံးနေကြပေမယ့် ဒီအလုပ်လုပ်တဲ့သူကို သမီးတော်ရတာ၊ အမျိုးတော်ရတာ အတော်လေးရှက်ကြပါတယ်။ အဲဒါကြောင့် သူမ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရပြီး နေမကောင်းဖြစ်ချိန်မှာ မိသားစုဝင်တွေက သူမကို လယ်ကွင်းပြင်ထဲ သွားပစ်ထားကြပါတယ်။ အိပ်ချ်အိုင်ဗွီ ဆေးခန်းတစ်ခုကတွေ့ပြီး ဆေးကုသပေးရာက ပြန်လည် ကျန်းမာလာခဲ့ခြင်း ဖြစ်ပါတယ်။ သူမက အဲဒီနောက်ပိုင်းမှာ သူမဘဝအတွက် ရွေးစရာတွေကို မြင်တွေ့သွားတဲ့အတွက် အိမ်မှာကုန်စုံဆိုင် ကလေးဖွင့်ပြီး မိသားစုကို ဆက်လက်ရှာကျွေးနေခဲ့တယ်လို့ သိရပါတယ်။
ပြည့်တန်ဆာခေါင်း အိမ်မှာတွေ့တဲ့ မိန်းကလေးငယ်အချို့ကို ဒီနေရာကို ဘယ်လိုရောက်လာသလဲ မေးမိတော့ အမေပို့တာ၊ အိမ်ကပို့တာ စသဖြင့် ဖြေတာတွေကြုံဖူးပါတယ်။ မယုံချင်ပေမယ့် အဖြစ်မှန်က အဲဒီလိုတွေ ရှိနေပါတယ်။ ယူမိတဲ့ယောက်ျားက အနိုင်ကျင့်ပြီး ဒီအလုပ်နဲ့ ရှာကျွေးခိုင်းသူတွေလည်း ရှိပါတယ်။ အိမ်ထဲက အကြမ်းဖက်မှုကို မခံနိုင်လို့ လမ်းပေါ်ထွက် ပိုက်ဆံရှာ၊ လမ်းပေါ်မှာ ထပ်အနိုင်ကျင့်ခံရတဲ့ ဖြစ်ရပ်မျိုးစုံကိုလည်း ကြားသိဖူးပါတယ်။ လမ်းဘေးဈေးရောင်းတာ၊ စက်ချုပ်တာ၊ အုတ်သယ်တာစတဲ့ လုပ်စရာရှိတာတွေ အားလုံးကို ကြိုးစားခဲ့ပြီး ဘယ်လိုမှ အဆင်မပြေတဲ့ အဆုံးမှာမှ ဒီဘဝကို ရောက်ခဲ့သူတွေလည်း ရှိပါတယ်။ ဘဝတွေက အလွန်ကို ခက်ခဲကြမ်းတမ်းခဲ့ကြပေမယ့် သူတစ်ပါးအပေါ်မှာ စိတ်ကောင်းစေတနာကောင်းတွေ ထားရှိနိုင်ဆဲသူတွေ၊ အပင်ပန်းခံပြီး ကူညီတတ်သူတွေကိုလည်း တွေ့ဖူးပါတယ်။
ကျွန်မ အခုအချိန်အထိ နားထဲမှာကြားနေဆဲ အသံတစ်ခုက ‘သမီးတို့ တစ်ချိန်မဟုတ်တစ်ချိန် အိပ်ချ်အိုင်ဗွီပိုးကူးခံရမှာပဲ မဟုတ်ဘူးလား ဆရာမရယ်’ ဆိုတဲ့ စကားသံပါ။ ငယ်ရွယ်ချောမောတဲ့ လိင်အလုပ်သမလေးတစ်ဦး အဖွဲ့လိုက် ပညာပေး အစီအစဉ်တစ်ခုမှာ ပြောခဲ့ဖူးတဲ့ စကားဖြစ်ပါတယ်။ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရနိုင်တဲ့ အနေအထားကနေ ကာကွယ်တားဆီးဖို့ သူတို့မှာ အသိပညာရှိရုံနဲ့ မလုံလောက်ပါဘူး။ သူတို့အပေါ်မှာ သြဇာသက်ရောက်သူတွေ၊ အနိုင်ကျင့်မယ့်သူတွေ၊ ဧည့်သည်တွေကိုယ်တိုင်က အသိစိတ်နဲ့ ဆင်ခြင်မှ ဖြစ်မယ့်ကိစ္စပါ။ သူတို့ကို ဒီဘဝကနေ လွတ်မြောက်အောင် ကယ်တင်ပေးဖို့အထိ စိတ်ကူးယဉ်ဖို့ မလိုပါဘူး။ မိမိကိုယ်တိုင် ဆင်ခြင်ရင်း၊ မိမိသူငယ်ချင်းတွေ၊ ပိုမိုငယ်ရွယ်သူတွေကို ဆင်ခြင်ဖို့၊ ကာကွယ်ဖို့ အသိပညာပေးရင်း ကူညီနိုင်ကြပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ကြည့်ရင် ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အရွယ်အတွင်းမှာ ရှိနေတဲ့ လိင်အလုပ်သမတွေက အခြားသက်ရွယ်တူ အမျိုးသမီးတွေထက် ၁၃ ဒသမ ၅ ဆ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ မြန်မာနိုင်ငံပါဝင်တဲ့ အာရှပစိဖိတ်ဒေသမှာတော့ လိင်အလုပ်သမတွေက အခြားသက်ရွယ်တူ အမျိုးသမီးတွေထက် အိပ်ချ်အိုင်ဗွီ ကူးစက်ခံရနိုင်ခြေ ၂၉ ဆ ပိုများပါတယ်။
အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရနိုင်ခြေ ပိုများစေတဲ့အကြောင်းတွေထဲမှ တစ်ခုက အကြမ်းဖက်ခံရမှု ဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသက နိုင်ငံလေးနိုင်ငံကို လေ့လာမှုမှာ လိင်လုပ်သားတွေကို အများဆုံးအကြမ်းဖက်သူတွေက ရဲတွေဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ ဧည့်သည်တွေရဲ့ ကွန်ဒုံးမသုံးဖို့ အကျပ်ကိုင် အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှု၊ အဖွဲ့လိုက် အဓမ္မပြုကျင့်မှု၊ အတူနေချစ်သူ ဒါမှမဟုတ် လက်တွဲဖော် အိမ်ထောင်ဖက်က အကြမ်းဖက်မှု စတာတွေကြောင့်လည်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရနိုင်ခြေ ပိုမိုများပြားနိုင်ပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှုခံယူမယ့် နေရာတွေမှာ စောင့်ရှောက်မှုပေးမယ့် သူတွေနဲ့ အခြားသူတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် လိုအပ်တဲ့ ကုသမှုတွေ အချိန်မီမရရှိခြင်းကလည်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရနိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။ ဖမ်းဆီးနိုင်တဲ့သူတွေက ငွေညှစ်ပိုက်ဆံတောင်းတာ၊ ဧည့်သည်က ပိုက်ဆံမပေးတာ၊ ပိုက်ဆံလုသွားတာစတဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် အဲဒါတွေကို ပြန်ကာမိအောင် အလုပ်ပိုလုပ်ရရင်းကလည်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရနိုင်ခြေ ပိုများလာပါတယ်။
အိပ်ချ်အိုင်ဗွီ ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ဖို့ ကြိုးစားနေကြတဲ့ ပညာရှင်တွေက လိင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဖယ်ရှားပြီး လိင်အလုပ်သမတွေ၊ လိင် လုပ်သားတွေကို မဖမ်းဆီးဖို့ ထောက်ခံပြောဆိုကြပါတယ်။ လိင်အလုပ်သမတွေကို ဖမ်းဆီးတဲ့ ဥပဒေတွေကို ဖယ်ရှားမှုက လိင်အလုပ်သမတွေကို အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု ရပ်တန့်စေမယ့် ဆောင်ရွက်မှုတွေထဲက အရေးအကြီးဆုံး ဆောင်ရွက်မှုတစ်ခု ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ အဲဒါက အိပ်ချ်အိုင်ဗွီပိုး မရှိသေးတဲ့ လိင်အလုပ်သမတွေကို အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု ၃၃ - ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားစေနိုင်ပါသတဲ့။
အခြားတစ်ဖက်ကကြည့်ရင် လိင်အလုပ်သမတွေ၊ လိင်လုပ်သားတွေကို ဖမ်းဆီးနေတဲ့ ဥပဒေတွေက လိင်လုပ်ငန်း လုပ်ကိုင်ခြင်းကို ကျဆင်းသွားစေခြင်းမရှိဘဲ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုကိုသာ ပိုမိုများပြားစေတာလို့ ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ လုပ်ငန်းခွင်မှာ အကြမ်းဖက်ခံရမှု၊ အနိုင်ကျင့်ခံရမှုတွေ လျော့နည်းပြီး ပိုမိုလုံခြုံမှုရှိလာခြင်းကလည်း လိင်အလုပ်သမတွေမှာ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုကို လျော့ကျစေနိုင်ပါသတဲ့။ လုပ်ငန်းခွင် ပိုမိုလုံခြုံလာမှုတွေကြောင့် လိင်အလုပ်သမတွေရဲ့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုက ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့မှာ ၃၇ ရာခိုင်နှုန်း၊ ကင်ညာနိုင်ငံက မွန်ဘာဆာမြို့မှာ ၂၁ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ ဘယ်လာရီမြို့မှာ ၄၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါသတဲ့။ လိင်အလုပ်သမတွေ၊ လိင်လုပ်သားတွေ ကိုယ်တိုင် မိမိရဲ့ အခွင့်အရေးတွေကို မိမိသိရှိလာပြီး အိပ်ချ်အိုင်ဗွီ တားဆီးကာကွယ်ရေးမှာ ပါဝင်ဆောင်ရွက်ခြင်းကလည်း သူတို့ကို အိပ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်ခြေ လျော့ကျစေပါတယ်။ သက်သေ အထောက်အထားတွေလည်း ရှိထားပြီး ဖြစ်ပါသတဲ့။
ဒီဇင်ဘာလ ၁ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (World AIDS Day) အတွက် တွေးစရာ၊ ဆွေးနွေးငြင်းခုံစရာ တစ်စုံတစ်ရာရမယ်လို့ ယူဆမိပါတယ်။
(Ref: Policy Brief: Sex Work, Violence and HIV in Asia-from Evidence to Safety, Living on the Edge–Sex Workers’ Lives in Myanmar)

Most Read

Most Recent