ကမ္ဘာ့ပညာရေး လေ့လာမှုတွင် သိပ္ပံ၊ သင်္ချာနှင့် စာဖတ်စွမ်းရည်တို့၌ အာရှနိုင်ငံများက ထိပ်ဆုံးအဆင့်များ ရရှိ

ကမ္ဘာ့ပညာရေး လေ့လာမှုတွင် သိပ္ပံ၊ သင်္ချာနှင့် စာဖတ်စွမ်းရည်တို့၌ အာရှနိုင်ငံများက ထိပ်ဆုံးအဆင့်များ ရရှိ
Published 7 December 2016
Ref: AFP

သိပ္ပံ၊ သင်္ချာနှင့် စာဖတ်စွမ်းရည်တို့တွင် စင်ကာပူ ဆယ်ကျော်သက်များသည် ကမ္ဘာ၌ အတော်ဆုံးများဖြစ်ကြကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သော အပြည်ပြည်ဆိုင်ရာ ပညာရေးလေ့လာဆန်းစစ်မှု တစ်ခုက  ဖော်ပြခဲ့သည်။ ယင်းဘာသာရပ် သုံးမျိုးတွင် စင်ကာပူကျောင်းသားများ၏ ကျွမ်းကျင်မှုနှင့် သိနားလည်မှုသည် အမေရိကန်၊ ပြင်သစ်နှင့် ဆွီဒင်မှ ကျောင်းသားများက နောက်ထပ်နှစ်နှစ် ထပ်မံလေ့ကျင့် သင်ကြားရန် လိုအပ်မည်ဟု လေ့လာမှုက နှိုင်းယှဉ်ဖော်ထုတ်ခဲ့သည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ OECD က ဦးစီးသော PISA  အဆင့်သတ်မှတ်ချက်သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် အသက် ၁၅ နှစ်အရွယ် စစ်ဆေးမှု ရလဒ်များကို အခြေပြုထားခြင်း ဖြစ်သည်။  စင်ကာပူကျောင်းသားများသည် သိပ္ပံဘာသာရပ်တွင် ပျမ်းမျှ ၅၅၆ မှတ်ရရှိခဲ့ပြီး OECD  အဖွဲ့ဝင်နိုင်ငံများ၏ ပျမ်းမျှသတ်မှတ်ချက် သည် ၄၉၃ မှတ်ဖြစ်သည်။
တစ်ချိန်က ပညာရေးဆိုင်ရာ ထူးချွန်မှုများတွင် ဖင်လန်က ဦးဆောင်ခဲ့ပြီး ယခု စင်ကာပူက အခြားနိုင်ငံများအတွက် နမူနာဖြစ်လာနေကြောင်း OECD   အစီရင်ခံစာက ဖော်ပြခဲ့သည်။ ရှန်ဟိုင်းသည် ယခင်က ထိပ်တန်းပညာရေးစနစ် ရှိသည့်နေရာအဖြစ် သတ်မှတ်ခံရသော်လည်း ယခုနှစ်တွင် တရုတ်၏ ပြည်နယ်လေးခုရှိ ကျောင်းများကို စုပေါင်း၍ အဆင့်သတ်မှတ်ပေးခဲ့ပြီး ရှန်ဟိုင်းကို ထိုစာရင်းတွင် ထည့်သွင်းခဲ့သည်။
ပေကျင်း၊ ရှန်ဟိုင်း၊ ကျန်စု၊ ကွမ်တုံ လေးပြည်နယ်ကို ပေါင်းထားသော အစုသည် သင်္ချာနှင့် သိပ္ပံတွင် ထိပ်တန်းအဆင့်များ ရရှိခဲ့သည်။ ဟောင်ကောင်နှင့် မကာအိုသည်လည်း ထိပ်တန်းအဆင့်များတွင် ပါဝင်ခဲ့ကြသည်။ သင်္ချာဘာသာရပ်တွင် ထိပ်ဆုံး ခုနစ်နေရာကို စင်ကာပူ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့က လွှမ်းမိုးထားခဲ့သည်။
သင်္ချာ၊ သိပ္ပံနှင့် စာဖတ်စွမ်းရည်တွင် ထိပ်ဆုံးငါးနိုင်ငံ စာရင်းဝင်ခဲ့သော အာရှ မဟုတ်သည့် နိုင်ငံများမှာ ဖင်လန်၊ အိုင်ယာလန်၊ အက်စတိုးနီးယား၊ ကနေဒါတို့ ဖြစ်ကြသည်။
သိပ္ပံဘာသာရပ်တွင် ထိပ်ဆုံးခုနစ်နေရာကို အရှေ့အာရှနိုင်ငံများက လွှမ်းမိုးထားပြီး အက်စတိုးနီးယား၊ ဖင်လန်နှင့် ကနေဒါတို့သည် အာရှမဟုတ်သော ထိပ်တန်းနိုင်ငံများ ဖြစ်ခဲ့ကြသည်။
၂၀၁၅ ခုနှစ်က ဆောင်ရွက်ခဲ့သော PISA စစ်ဆေးမှုရလဒ်များတွင် သိပ္ပံဘာသာရပ်အတွက် ထိပ်တန်း ငါးနိုင်ငံမှာ စင်ကာပူ၊ ဂျပန်၊ အက်စတိုးနီးယား၊ ထိုင်ဝမ်နှင့် ဖင်လန်တို့ ဖြစ်ကြသည်။ သိပ္ပံဘာသာရပ် သင်ကြားမှုတွင် အောင်မြင်မှုအတွက် အဓိက အချက်မှာ ယင်းဘာသာရပ်အား သင်ကြားရန်အတွက် စိုက်ထုတ် သုံးစွဲသည့်အချိန် ဖြစ်ကြောင်း OECD ၏ လေ့လာမှုက တင်ပြခဲ့သည်။ သိပ္ပံဆိုင်ရာ စိတ်ကူးထည်များကို အမှန်တကယ် သရုပ်ဖော်နိုင်သော ဆရာများ နှင့် ကျောင်းသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် သင်ကြားနိုင်သော ဆရာများက ရလဒ်ကောင်းများကို ထွက်ပေါ်စေကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
စင်ကာပူတွင် ကျောင်းသားငါးဦးလျှင် တစ်ဦးလျှင် အဆင့်မြင့်ဆုံးသော သိပ္ပံပြဿ နာများကို ဖြေရှင်းရာတွင် ထူးချွန်သူများဖြစ်ကြကြောင်း OECD ၏ အတွင်းရေးမှူးချုပ် အိန်ဂျယ်ဂါရီယာက လန်ဒန်တွင် အစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနား၌ ပြောကြားခဲ့သည်။