ထိုင်းဘုရင့် အကြံပေးအဖွဲ့သစ်ထဲ၌ စစ်ဗိုလ်ချုပ်ကြီးများ ကြီးစိုးနေ

ထိုင်းဘုရင့် အကြံပေးအဖွဲ့သစ်ထဲ၌ စစ်ဗိုလ်ချုပ်ကြီးများ ကြီးစိုးနေ
Published 6 December 2016

ထိုင်းဘုရင်သစ် မဟာဝိဇယလောင်ကွန်းသည် သြဇာကြီး ဘုရင့်အကြံပေး အဖွဲ့သစ်ထဲသို့ စစ်အစိုးရနှင့် ဆက်စပ်နေသည့် ဗိုလ်ချုပ်ကြီးသုံးဦးအပါအဝင် ထိပ်ပိုင်းစစ်တပ်အရာရှိများဖြင့် ဖြည့်တင်းလိုက်ကြောင်း ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။ ထိုလုပ်ရပ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်ငါးခုအတွင်းက ထိုင်းနိုင်ငံရေးကို ပုံဖော်ခဲ့သော စစ်တပ်နှင့် ထီးနန်းတို့၏ နီးကပ်သည့် မဟာမိတ်ဆက်ဆံရေးကို ညွှန်ပြနေသည်။
ထိုင်းနိုင်ငံတွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုမှာ ၂၀၁၄ ခုနှစ်က ဖြစ်သည်။ လေ့လာသူများက ထိုင်းဘုရင် ဘူမိဘော၏ ကျန်းမာရေးဆိုးရွားလာချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် ထီးနန်းအပြောင်းအလဲအား ထိန်းချုပ်နိုင်ရန်အတွက် စစ်တပ်ဗိုလ်ချုပ်ကြီးများသည် ၂၀၁၄ ခုနှစ်က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။
ကာလရှည်ကြာ နာမကျန်းဖြစ်နေခဲ့သည့် ဘုရင်ဘူမိဘောအဒူလျာဒက်သည် နိုင်ငံကို ဆယ်စုနှစ် ခုနစ်ခုကြာ အုပ်ချုပ်ခဲ့ပြီးနောက် အောက်တိုဘာလက ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ တစ်ဦးတည်းသော သားဖြစ်သူ အသက် ၆၄ နှစ်အရွယ် မဟာဝိဇယလောင်ကွန်းက ပြီးခဲ့သည့် သီတင်းပတ်တွင် တရားဝင် နန်းတက်လာခဲ့သည်။
ဒီဇင်ဘာ ၆ ရက်က ရုပ်သံမှ ကြေညာချက်ထဲ၌ ဘုရင့်အကြံပေးအဖွဲ့ဝင်ဦးရေကို ဘုရင်သစ် ဝိဇယလောင်ကွန်းက အနည်းငယ်ချုံ့လိုက်သည့်အတွက် ယခင်က ၁၆ ဦး ရှိရာမှ ၁၁ ဦးသာရှိတော့သည်။ ဖခင်ခန့်အပ်ထားသည့် အဖွဲ့ဝင်ရှစ်ဦးကိုမူ ဆက်လက်ထားရှိပြီး အဖွဲ့ဝင်သစ်သုံးဦးကို ထပ်မံထည့် သွင်းခဲ့သည်။ အဖွဲ့ဝင်သစ်သုံးဦးမှာ စစ်အာဏာသိမ်း စစ်အစိုးရနှင့် ဆက်စပ်မှုရှိသူများ ဖြစ်သည်။ ထိုသုံးဦးအနက် နှစ်ဦးသည် စစ်အစိုးရ၏ လက်ရှိဝန်ကြီးအဖွဲ့ဝင်များ ဖြစ်ကြသော တရားရေးဝန်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကြီး ပိုင်ဘွန်းကွန်ချာယာ နှင့် ပညာရေးဝန်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဒါပွန်ရက်တန်ဆူဝန်တို့ ဖြစ်သည်။ တတိယအဖွဲ့ဝင် သစ်မှာမူ ၂၀၁၅ ခုနှစ်က စစ်ဦးစီးချုပ်ဖြစ်ခဲ့ပြီး ယခုနှစ် အစောပိုင်းက အနားယူသွားသည့် တီရာချိုင်နက်ဗင်နစ်ရှ် ဖြစ်သည်။ ယခင်ကတည်းက ဘုရင့်အကြံပေးအဖွဲ့ထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း သုံးဦးရှိနေခြင်းဖြစ်ရာ ယခုသုံးဦး ထပ်မံရောက်လာသဖြင့် အဖွဲ့ထဲတွင် စစ်တပ်၏အင်အားမှာ အများစုဖြစ်နေသည်။
ထိုင်းစစ်တပ်က ၎င်းတို့သည် ထီးနန်းအား ကာကွယ်သူများအဖြစ် ရှေးယခင်ကတည်းက မှတ်ယူထားကြသည်။ ထိုင်းနိုင်ငံ၏ အာဏာသိမ်းမှု အားလုံးနီးပါးကိုလည်း စစ်တပ်က ထိုခေါင်းစဉ်တပ်၍ လုပ်ဆောင်ခဲ့သည်။ ယခင်အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက် ဘုရင့်အကြံပေးအဖွဲ့ကပင် ကြားဖြတ်ဝန်ကြီးချုပ်များကို ခန့်အပ်ခဲ့သည်။ ထိုင်းစည်းမျဉ်းခံ ဘုရင်စနစ်၏ တရားဝင်အာဏာမှာ အကန့်အသတ်ရှိသော်လည်း ထိုင်းနိုင်ငံ ရေးဖြစ်စဉ်များ၏ နောက်ကွယ်တွင် ဘုရင့်အကြံပေးအဖွဲ့က သိသိသာသာ သြဇာလွှမ်းမိုးမှုများ ရှိနေသည်။ Ref ; AFP                

Most Read

Most Recent