လူသစ် ထရန့် အနေဖြင့် တရုတ်ကို ဆန့်ကျင်ဘက် မပြုရန် လေ့လာသင်ယူရမည်ဟု တရုတ်က သတိပေး

လူသစ် ထရန့် အနေဖြင့် တရုတ်ကို ဆန့်ကျင်ဘက် မပြုရန် လေ့လာသင်ယူရမည်ဟု တရုတ်က သတိပေး
Published 6 December 2016

ဒေါ်နယ်ထရန့်သည် ကုန်သွယ်ရေးနှင့် ထိုင်ဝမ်တို့ ကဲ့သို့သော ကိစ္စများ၌ တရုတ်ကို ဆန့်ကျင်ဘက် မပြုရန် လေ့လာသင်ယူရမည့် သံတမန်ရေးရာ လူသစ်လေးဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံပိုင် မီဒီယာက ပြောကြားခဲ့သည်။ အမေရိကန် အနေဖြင့် ထရန့်၏ မသိနားမလည်မှုအတွက် အကြီးအကျယ် ပေးဆပ်ရနိုင်သည်ဟုလည်း သတိပေးလိုက်သည်။
ထရန့်၏ သံတမန် လုပ်ထုံးလုပ်နည်းကို ချိုးဖောက်ကာ ထိုင်ဝမ်သမ္မတနှင့် ဖုန်းပြောခဲ့မှုနှင့် Twitter မှနေ၍ တရုတ်၏ မူဝါဒများကို တဖျစ်တောက်တောက် ဆန့်ကျင်ဝေဖန်ခဲ့မှုတို့က ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခု အကြားရှိ သိမ်မွေ့သော ချိန်ခွင်ညှာကို အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု အဓိက မီဒီယာကြီးများက ဝေဖန်ခဲ့ကြသည်။
တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်၍ ပွတ်တိုက်မှုဖြစ်အောင် နှိုးဆွခြင်းနှင့် ပျက်ပြားစေခြင်းသည် “အမေရိကန်ကို ကြီးမြတ်အောင် ပြန်လုပ်မယ်” ဟူသည့် အချက်အား အထောက်အကူ ပြုစေလိမ့်မည် မဟုတ်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်ပ၌ ထုတ်ဝေသော အာဘော်သတင်းစာဖြစ်သည့် People's Daily ၏ ရှေ့ဆုံးစာမျက်နှာ ထင်မြင်ချက် ဆောင်းပါးကဏ္ဍ၌ ရေးသားထားသည်။
တရုတ်နိုင်ငံတွင်း ထုတ်ဝေသည့် အမျိုးသားရေးဝါဒီ ဂလိုဘယ်တိုင်းမ် သတင်းစာကလည်း တစ်မျက်နှာဆောင်းပါးတွင် ထရန့်၏ ပါးစပ်ပိတ်ထားနိုင်စွမ်း မရှိမှုအကြောင်း ရေးသားခဲ့ပြီး သူ၏ ရန်စမှုနှင့် အလိမ်အညာများအား ပြစ်တင် ဝေဖန်ခဲ့သည်။
ထရန့်သည် ဒီဇင်ဘာ ၄ ရက်တွင် Twitter ၌ ပို့စ်နှစ်ခု တင်ခဲ့ရာတွင် တရုတ်အား ၎င်း၏ ငွေကြေးကို တန်ဖိုးကျအောင် ပြုလုပ်မှု၊ အမေရိကန် သွင်းကုန်များကို အခွန်ကောက်မှုနှင့် တောင်တရုတ်ပင်လယ်အတွင်း စစ်ဘက်ဆိုင်ရာ တည်ဆောက်ခြင်းများ ပြုလုပ်မှုတို့နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခဲ့သည်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ထံမှ ဖုန်းခေါ်ဆိုမှုကို အသိအမှတ်ပြုကာ လက်ခံပြောဆိုခဲ့သည့်အတွက် ထရန့်အား အမေရိကန်နှင့် တရုတ်မီဒီယာများက ဝေဖန်ခဲ့ကြပြီးနောက် ယင်းမှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရန့်၏ ဆိုင်အင်ဝမ်နှင့် ဖုန်းပြောဆိုမှုသည် နှစ် ၄၀ နီးပါးကြာသည့် သံတမန် လုပ်ထုံးလုပ်နည်းကို ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိထားသူ ထရန့်အနေဖြင့် တရုတ်နှင့် ပတသက်၍ သဘောထားတင်းမာသူအဖြစ် ရပ်တည်မည်လားဟူသည့် မေးခွန်းများ ပေါ်ထွက်လာသည်။
တရုတ် အစိုးရ၏ တရားဝင် တုံ့ပြန်မှုမှာ အသံတိတ်နေသော်လည်း တရုတ်သည် သူ၏ မူဝါဒဆိုင်ရာ ရပ်တည်ချက်များကို ဖော်ပြရန် နိုင်ငံပိုင် မီဒီယာများကို သုံးစွဲတတ်ပြီး တစ်ခါတစ်ရံ သံတမန်စည်းအရ ဘောင်ကျော်သည့် စကားများကိုလည်း သတင်းစာများမှ တစ်ဆင့် ပြောတတ်သည်။
ဂလိုဘယ်တိုင်းမ်၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာတွင် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသူကို ပြင်းထန်စွာ ဝေဖန်သည့် အယ်ဒီတာအာဘော်နှင့်အတူ ထင်မြင်ချက် ဆောင်းပါးများဖြင့် ပြည့်လျက် ရှိသည်။
လေသံမာကျောပြီး ရန်စ စကားများ ပါတတ်သည့် ဂလိုဘယ်တိုင်းမ် သတင်းစာကို နိုင်ငံပိုင် မီဒီယာဟု မှတ်ယူနိုင်ခြင်း မရှိသော်လည်း ယင်းသတင်းစာသည် အာဏာရပါတီနှင့် အနီးကပ် ပတ်သက်လျက် ရှိသည်။ အဆိုပါ သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် နှစ်များစွာ အသေအချာ စီမံခန့်ခွဲမှုကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကျေနပ်ဖွယ် မျှခြေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ကို သတိပေးထားသည်။
Ref: AFP

Most Read

Most Recent