ဥရောပနှင့် ရုရှားမှ လက်နက်ထုတ်လုပ်သူများက ၂၀၁၅ ခုနှစ်တွင် ဈေးကွက်ဝေစုများ တိုးတက်လာ

ဥရောပနှင့် ရုရှားမှ လက်နက်ထုတ်လုပ်သူများက ၂၀၁၅ ခုနှစ်တွင် ဈေးကွက်ဝေစုများ တိုးတက်လာ
Published 5 December 2016

ဥရောပနှင့် ရုရှားမှ လက်နက်ထုတ်လုပ်သူများသည် ၂၀၁၅ ခုနှစ်တွင် ဈေးကွက်ဝေစုများ တိုး၍ရရှိခဲ့သော်လည်း နိုင်ငံတကာ ရောင်းချရမှု၌ အမေရိကန်ကသာ လွှမ်းမိုးထားဆဲဖြစ်ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားစက်မှုလုပ်ငန်းရှင်များအတွက် ယင်းကြီးထွားမှုက စီးပွားရေးအခက်အခဲများ ရှိနေသော်လည်း ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တပ်အတွက် ရန်ပုံငွေ ရှာဖွေရယူပေးနိုင်သည့် ဆောင်ရွက်ချက်ကို မီးမောင်းထိုး ပြနေသည်ဟု ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာနှင့် ပတ်သက်သော ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသော SIPRI က ပြောကြားခဲ့သည်။
ရုရှား၏ လက်နက်တင်ပို့မှုသည် ၂၀၁၄ ခုနှစ်တစ်လျှောက် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသော်လည်း ၂၀၁၃ နှင့် ၂၀၁၄ ခု နှစ်အကြားရှိ ကြီးထွားနှုန်းဖြစ်သော ၄၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် နှိုင်းစာပါက သိသိသာသာ နှေးကွေးနေသေးသည်ဟု ဆိုသည်။
SIPRI သည် ယုံကြည်စိတ်ချရသော မည်သည့်အချက်မျှ ထွက်ရှိခြင်း မရှိသည့် တရုတ်နိုင်ငံကို ဖယ်ထုတ်ကာ ကမ္ဘာ့ထိပ်တန်း လက်နက်နှင့် စစ်ဖက်ဝန်ဆောင်မှုကုန် သည် ၁၀၀ အား အဆင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဆင့်တွင် ထိပ်ဆုံး ၁၂ နေရာကို အနောက်တိုင်းနိုင်ငံများက လက်ဝါးကြီးအုပ်ထားပြီး အမေရိကန် ကာကွယ်ရေးကန် ထရိုက်တာ လော့ဟိမာတင်က အမြတ်ငွေ ဒေါ်လာ ၃၆ ဒသမ ၄ ဘီလျံဖြင့် ပထမနေရာ ၌လည်းကောင်း၊ အမေရိကန်ကာကွယ်ရေး နှင့်လေကြောင်း ကုမ္ပဏီကြီး ဘိုးအင်းက ၂၈ ဘီလျံဖြင့် ဒုတိယနေရာ၌ လည်းကောင်း၊ ဗြိတိန်နိုင်ငံ၏ BAE Systems က ၂၅ ဒသမ ၅ ဘီလျံဖြင့် တတိယနေရာ၌ လည်းကောင်း အသီးသီးရှိကြောင်း သိရသည်။
စုစုပေါင်း ရောင်းချရမှုတန်ဖိုးသည် ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ငါးနှစ်ဆက် တိုက် ကျဆင်းခဲ့ခြင်းဖြစ်သော်လည်း ဒေါ်လာ ၃၇၀ ဒသမ ၇ ဘီလျံအထိရှိခဲ့သည်။
မြောက်အမေရိကတိုက်မှ လက်နက်ထုတ်လုပ်သူများက လွှမ်းမိုးထားဆဲ ဖြစ်သော်လည်း စစ်ဘက်အသုံးစရိတ် အပါအဝင် အစိုးရအသုံးစရိတ် အကန့်အသတ်များ ဆက်ရှိနေမှုနှင့် တင်ပို့ရာ၌ ချိန်ဆသည့် အမေရိကန်ဒေါ်လာ၏ ငွေမာမှုကြောင့် ၎င်းတို့၏ တင်ပို့ရမှုတန်ဖိုးသည် ၂ ဒသမ ၉ ရာ ခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။
သို့သော် အနောက်ဥရောပမှ အုပ်စုများသည် ကြီးထွားမှု ၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး မြောက်အမေရိကတိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း တွေ့ရှိရသည်။ ၈ ဒသမ ၁ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် ရုရှားနှင့်ယှဉ်ပါက ယင်းကဲ့သို့သော ကုမ္ပဏီများသည် ၂၅ ဒသမ ၈ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း သိရသည်။
“အီဂျစ်နဲ့ ကာတာလိုမျိုးနိုင်ငံတွေကို ၂၀၁၅ ခုနှစ်အတွင်း အဓိကလက်နက် တင်သွင်းမှုတွေက ပြင်သစ်လက်နက် ကုမ္ပဏီတွေကို ရောင်းအားတိုးတက် လာစေပါတယ်” ဟု လက်နက်တပ်ဆင်မှုများနှင့် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်များဆိုင်ရာ သုတေသနဌာန၏ ညွှန်ကြားရေးမှူး အော်ဒီဖလူရန့်က ပြောကြားခဲ့သည်။ Ref ; AFP

Most Read

Most Recent