နေဝင်လာနေသော ဂျပန်၏ ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှု

နေဝင်လာနေသော ဂျပန်၏ ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှု
Published 4 December 2016
Ref:AFP

တိုကျိုအနီးရှိ ရေပေါ်ဆိုလာ ကွင်းကဲ့သို့ စီမံကိန်းများရှိသော်လည်း ဂျပန်အစိုးရက အရှုံးခံစိုက်ထုတ်မှုများ ရပ်တန့်ပြီး နျူကလီးယားနှင့် ကျောက်မီးသွေး ဓာတ်အားပေးလုပ်ငန်းတို့ကို စွန့်စားဆောင်ရွက်နေသောကြောင့် ဂျပန်၏ သန့်စင်စွမ်းအင်ဖွံ့ဖြိုးမှုသည် နေဝင်နေပြီဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံးထဲမှ တစ်ခုဖြစ်သော ရေပေါ်ဓာတ်အားပေးစက်ရုံမှ အလုပ်သမားများသည် ဆိုလားပြား ၅၀,၀၀၀ ခန့်အား ဧရာမဆည်ကြီးပေါ်တွင် တပ်ဆင်ပြီးစီးစဖြစ်သည်။
တိုကျိုရှိ အမိုးခုံးဘတ်စကတ်ဘော အားကစားရုံများ၏ နေရာပမာဏနှင့်ညီမျှသည့် နေရာလွတ်ကို ရယူထားသော ဧရာမဆိုလာပြားအခင်းကြီးသည် ၂၀၁၈ ခုနှစ် အစောပိုင်းမှစ၍ အိမ် ၅၀၀၀ ခန့်အား လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးမည်ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် ဖူကူရှီးမား  နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများကို ဆိုလာအဓိက အခြေပြုဆောင်ရွက်ခဲ့ရာ ယခုစီမံကိန်းက အဓိကစီမံကိန်းတစ်ခု ဖြစ်ခဲ့သည်။ ဖူကူရှီးမား မတော်တဆမှုကြောင့် ဂျပန်စွမ်းအင်ကဏ္ဍတွင် လေးပုံတစ်ပုံခန့်ကို ဓာတ်အားထောက်ပံ့နေသော  နျူကလီးယားဓာတ်ပေါင်းဖိုများ ပိတ်ခဲ့ရသည်။
စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများသည် ၂၀၁၁ ခုနှစ်မှစ၍ သန့်စင်စွမ်းအင်ထုတ်လုပ်သူများထံမှ ဓာတ်အားကို ဈေးကွက်ပေါက်ဈေးထက်ပိုပေး၍ ဝယ်ယူရန် ကတိပြုထားကြသည်။ ယင်းဈေးနှုန်းကို ဂျပန်အစိုးရက နှစ်စဉ်ပုံသေ သတ်မှတ်ပေးခြင်းဖြစ်သည်။
သို့သော်လည်း ဂျပန်အစိုးရက စိုက်ထုတ်ပေးမှုများကို လျှော့ချခဲ့ပြီး ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့က ဈေးချိုနေဆဲဖြစ်သောကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မှုတန်းသွားခဲ့ပြီး လာမည့်နှစ်များအတွင်း လျော့ကျသွားဖွယ်ရှိသည်။ ဂျပန်သည် ဆိုလာစက်ရုံများအတွက် မြေမလုံလောက်မှုကိုလည်း ရင်ဆိုင်နေရသည်။ တိုကျိုတောင်ဘက် ကျိုဆဲရာရှိ ရေပေါ်ဆိုလာကွင်းသည် ဂေါက်ကွင်းဟောင်းတစ်ခုပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။
အစိုးရ၏ အထောက်အပံ့ ကျဆင်းသွားခြင်း၊ အခြားရွေးချယ်စရာ လောင်စာတို့က ဈေးချိုမှုနှင့် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုတို့ကြောင့် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစပြီး ဂျပန်၏ ဓာတ်အားပေးလုပ်ငန်းတွင် အပြောင်းအလဲ အမြောက်အမြားဖြစ်ခဲ့ကြောင်း သုတေသနလုပ်ငန်း BMI Research က ပြောကြားခဲ့သည်။
ဆိုလာစွမ်းအင်သည် ဂျပန်စွမ်းအင်ဖြန့်ဖြူးမှုတွင် ၂၀၁၅ ခုနှစ်က ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။ သို့သော်လည်း ဂျပန်အစိုးရက လေနှင့် ရေစွမ်းအင်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ စုစုပေါင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၂၂ မှ ၂၄ ရာခိုင်နှုန်းအထိ ရရှိရန်ရည်မှန်းထားသည်။ ဂျပန်အစိုးရက  နျူကလီးယားကို စိုးရွံ့နေသော ပြည်သူများကြားတွင် ခေတ်မစားသော   နျူကလီးယား ဓာတ်ပေါင်းဖိုများကို ပြန်လည်လည်ပတ်ရန် တွန်းအားပေးနေသောကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ ကဏ္ဍအတွက် အဓိကထောက်ပံ့မှုမှာ မှေးမှိန်နေဖွယ်ရှိသည်။ ဂျပန်သည် ဈေးချိုသော ကျောက်မီးသွေးဖြင့် လည်ပတ်သည့် ဓာတ်အားပေး စက်ရုံသစ်များကို ပြည်တွင်းပြည်ပတွင် ဒေါ်လာဘီလျံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။ တိုကျိုမှ မိုင် ၆၀ ခန့်အကွာတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကြီးများ  ဒါဇင်ဝက်ခန့် တည်ဆောက်မည့် အစီအစဉ်ကြောင့် ဂရင်းပိစ်အဖွဲ့က ရူးသွပ်မှုသက်သက်ဟု တံဆိပ်ကပ်ခဲ့သည်။
ကျောက်မီးသွေးသည် ရာသီဥတုပြောင်းလဲမှုအတွက် အဓိကလက်သည်ဖြစ်ပြီး ရေနံ၊ ဓာတ်ငွေ့တို့နှင့် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားထက်လည်း လေထုကိုညစ်ညမ်းမှု ပိုစေသည်။ စီးပွားရေးဖွံ့ဖြိုးပြီး ဂျီ - ၇ နိုင်ငံများအတွင်း ဂျပန်တစ်နိုင်ငံတည်းက ကျောက်မီးသွေးစွမ်းအင်ကို အမြောက်အမြား ရင်းနှီးမြှုပ်နှံနေပြီး ဓာတ်အားပေးစက်ရုံသစ် ၄၀ ကျော်တည်ဆောက်ရန် စီစဉ်ထားသည်။ နိုဝင်ဘာက ရာသီဥတုပြောင်းလဲမှု ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော အဆင့်သတ်မှတ်ချက်အရ စွမ်းအင်နှင့်ဆက်နွှယ်သော ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု လျှော့ချနေသည့် နိုင်ငံများတွင် ဂျပန်သည် အဆိုးဆုံးစာရင်း ဝင်နေသည်။                   

Most Read

Most Recent