ရှုထောင့်

ရှုထောင့်
Published 3 December 2016
မောင်ကြည်

သိပ်မကြာသေးခင် ရက်ပိုင်းအတွင်းလေးမှာ ကဗျာဆရာမောင်ချောနွယ်၏ ‘ကဗျာစာအုပ်များပေါင်းချုပ်’ ထွက်လာပါသည်။ နှင်းဆီဖြူစာပေမှ ထုတ်ဝေခြင်းဖြစ်သည်။ အဆိုပါစာအုပ်သည် ဆရာမောင်ချောနွယ် ရေးခဲ့သမျှ ကဗျာအားလုံး စုစည်းထားသည့် ကဗျာပေါင်းချုပ်တော့ မဟုတ်။ အခြေအနေအရ ဆရာမောင်ချောနွယ် ရေးသားခဲ့ပြီး မထုတ်ဝေရသေးသော ကဗျာများကျန်ရှိနေပါသေးသည်။ ယခုစာအုပ်ကတော့ ထုတ်ဝေခဲ့ပြီးသမျှ ကဗျာစာအုပ်များကို စုစည်းထုတ်ဝေလိုက်သည့် ‘ကဗျာစာအုပ်များပေါင်းချုပ်’ ဖြစ်ပါသည်။
မည်သို့ဆိုစေ မောင်ချောနွယ်ကဗျာများကို တစ်အုပ်တည်းမှာ စုစုစည်းစည်းဖတ်ခွင့် ရသည့်အတွက် ကဗျာမြတ်နိုးသူများ အကြိုက်ဖြစ်သွားပါသည်။ ကျွန်တော့်ထံမှာ ဆရာမောင်ချောနွယ်၏ ကဗျာစာအုပ် သုံးလေးအုပ်ရှိသော်လည်း အဆိုပါ ပေါင်းချုပ်စာအုပ်ထွက် ထွက်ချင်းမှာပဲ အပြေးအလွှားသွားဝယ်ထား လိုက်ရပါသည်။ ကဗျာအများစုက ကျွန်တော်ဖတ်ဖူးပြီးသား ကဗျာများသာဖြစ်သော်လည်း မောင်ချောနွယ်၏ ကဗျာများသည် ဘယ်အချိန် ဖတ်ဖတ် ဘယ်အကြိမ်ဖတ်ဖတ် မရိုးနိုင်သော ကဗျာများဟု ထင်ပါသည်။ အချို့ကဗျာများဆိုလျှင် ဘယ်နှခေါက်ဖတ်ပြီးမှန်းပင် ကျွန်တော်မသိတော့။ ကျွန်တော့် အိပ်ရာနှင့် လက်တစ်ကမ်းမှာ မောင်ချောနွယ်ကဗျာစာအုပ်က အဆင်သင့်ရှိနေသောကြောင့် မကြာခဏ ဆွဲယူဖတ်မိနေတတ်ပါသည်။
ဤစာအုပ်တွင် ပါသော ကဗျာများထဲမှာ ကျွန်တော်မဖတ်ဖူးတာဆိုလို့ နောက်ဆက်တွဲအဖြစ် ဖော်ပြထားသော ကဗျာအချို့သာ ပါဝင်သည်။ စာအုပ်လက်ထဲ ရောက်ရောက်ချင်း အဆိုပါနောက်ဆက်တွဲ ကဗျာများကို ဦးစွာ ဖတ်ကြည့်မိပါသည်။ ပထမဆုံးကဗျာက ဆရာ၏နာမည်ကျော် ‘ကြွေတာကိုက ပွင့်ခြင်းပဲ’ ကဗျာဖြစ်သည်။ ဒုတိယမြောက် ကဗျာကတော့ ‘ဝေဖန်ရေး’ ...တဲ့။ ကဗျာလေးကို ဖတ်ကြည့်ပါဦး။
ထောင့်တစ်ထောင့်မှ
စောင့်၍ကြည့်ရှု
ဝေဖန်မှုသည်
အပြုသဘော
မဟုတ်သော
မှားသော လွဲသော ဝေဖန်ရေး။
ပြည်သူ့ဘက်မှာ၊ အလုံးစုံရှု
ဝေဖန်မှုသာ
အပြုသဘော
ဦးတည်သော
မှန်သောစစ်သော ဝေဖန်ရေး။
အထက်ပါ ကဗျာလေးသည် ၁၉၆၉ ခုနှစ်က ကဗျာဆရာ ၁၀ ဦးစုပေါင်းရေးသားသည့် ‘တော်လှန်ကဗျာ’ စာအုပ်ထဲမှ ဆရာ မောင်ချောနွယ်၏ ငယ်လက်ရာကဗျာ တစ်ပုဒ် ဖြစ်သည်။ ဟိုးတစ်ချိန်က ဆရာ မောင်ချောနွယ်၏ ရေးဟန်နှင့် တွေးဟန်ကို လေ့လာခွင့် ရလိုက်သော ကဗျာလည်းဖြစ်ပါသည်။
ဤနေရာတွင် ဆရာမောင်ချောနွယ်၏ ရေးဟန်ထက်တွေးဟန်ကို အဓိကဦးတည်ပြီး ကျွန်တော် ပြန်လည်ခံစားတင်ပြချင်ပါသည်။ ဝေဖန်ရေး...တဲ့။ ဝေဖန်ရေးဟူသော ကိစ္စရပ်သည် ဘယ်ခေတ်ဘယ်ကာလ ဘယ်အချိန်မဆို တည်ရှိနေမည့်အရာမျိုး ဖြစ်သည်။ ကမ္ဘာပေါ်မှာ လူသားရယ်လို့ ဖြစ်တည်နေသမျှ လူ့အကြောင်းကို ပြောဆိုနေကြမည်သာ။ လူ့ အကြောင်း ပြောနေသမျှ အကောင်းအဆိုး အကျိုးအပြစ်အမျိုးမျိုး အဖုံဖုံ ဝေဖန်ဆန်းစစ် နေကြမည်မှာလည်း သဘာဝကျပါသည်။ သူ့ကို ငါကဝေဖန်၊ ငါ့ကို သူက ဝေဖန်နှင့် တစ်ယောက်နှင့် တစ်ယောက်တစ်ဖွဲ့နှင့် တစ်ဖွဲ့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဤကဲ့သို့ ဝေဖန် ထောက်ပြပြုပြင်တည့်မတ်ပေးရင်း ကမ္ဘာလောကကြီး တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာခဲ့ရသည် မဟုတ်ပါလား။ မြန်မာမှာ ‘အနင်းခံတဲ့ စပါးပိုသန်သည်။ အဝေဖန်ခံနိုင်တဲ့လူ ပိုလိမ္မာမည်’ ဟူသော စကားပုံပင်ရှိပါ သေးသည်။
ဝေဖန်သည်ကို အချို့က ‘အပြစ်ပြောသည် ’ဟု ထင်မြင်ယူဆတတ်ကြသည်။ တကယ်တော့ အဆိုပါစကားလည်း မှားသည်ဟု မဆိုသာပါ။ တစ်ခုပဲရှိပါသည်။ စေတနာစိတ် အကျိုးလိုလားသည့် စိတ်နှင့် သူတစ်ပါး၏အပြစ်ကို ဝေဖန်ထောက်ပြဖို့တော့ လိုပါသည်။ မြတ်စွာဘုရားက ‘မိမိအပြစ်ကို ဝေဖန်ထောက်ပြသူအား ရွှေအိုးမြှုပ်ထားသည့် နေရာကို လက်ညှိုးဖြင့် ညွှန်ပြသလိုသဘောထားပြီး ကျေးဇူးတင်ရမည်’ ဟု ဆုံးမခဲ့ဖူးပါသည်။
အထက်ပါ ကဗျာလေးထဲမှာ ကဗျာဆရာက ‘ဝေဖန်ရေး နှစ်မျိုး’ ကို ပြောပြထားပါသည်။ လွဲမှားသော ဝေဖန်ရေးနှင့် မှန်ကန်သော ဝေဖန်ရေးဖြစ်သည်။ ကျွန်တော်တို့ ဘယ်လိုဝေဖန်ရေးကို ကိုင်စွဲကာအသုံးပြုကြ ပါမည်နည်း။ ဝေဖန်ရေးတွင် အရေးကြီးဆုံးက ဝေဖန်သူရပ်တည်မည့် ‘ရှုထောင့်’ ဖြစ်သည်။ အဘယ်ရှုထောင့်က ရပ်တည်ကာ ဝေဖန်ကြမည်နည်း။
မိမိ၏ ရှုထောင့်က မိမိ၏ဝေဖန်ရေးကို ပုံဖော်ပါလိမ့်မည်။ ကဗျာဆရာကတော့ ရိုးရိုးလေး ပြောသွားသည်။ ထောင့်တစ်ထောင့် ဘက်တစ်ဘက်တည်းမှ ကြည့်ရှုကာ ဝေဖန်သုံးသပ်လျှင်တော့ မိမိအမြင်က တစ်ဖက်သတ် ဆန်လွန်းသည့် ‘မှားသော လွဲသော ဝေဖန်ရေး’ ပါတဲ့။ တခြားမကြည့်နှင့်။ အာဏာရှင် ရှုထောင့်ကပဲ ရပ်တည်ကာ အာဏာရှင်ဆန်သော တစ်ဖက်သတ်ဝေဖန်ရေး အလွဲများကို ဆယ်စုနှစ်ပေါင်း မနည်းမနော ကျွန်တော်တို့ ကြုံဆုံခဲ့ရပြီးပြီ မဟုတ်ပါလား။ ထိုစဉ်ကာလ တုန်းကတော့ အရင်းရှင်ကလည်း အရင်းရှင်ထောင့်၊ အာဏာပါဝါရှင်ကလည်း အာဏာပါဝါရှုထောင့်၊ ခရိုနီကလည်း ခရိုနီရှုထောင့်ကပဲ ရပ်တည်ကာ ကြည့်ရှုဝေဖန်သုံး သပ်ခဲ့ကြပါသည်။ နှစ်ပေါင်း ၆၀ ကျော်။
ကျွန်တော်တို့ မေ့လျော့နေသော ရှုထောင့်တစ်ခု ရှိပါသည်။ အဆိုပါ ရှုထောင့်က ပြည်သူရှုထောင့်။ ပြည်သူဘက်။ ပြည်သူနေရာ။ မွဲပြာကျနေသည့် ဆင်းရဲသားပြည်သူဘက်မှ ဘယ်နှခါများ ရပ်တည်ကာ ဝေဖန်သုံးသပ်ခဲ့ဖူး ကြပါသလဲ။ ‘ပြည်သူကြားမှာ အမှန်ရှာ’  ဟူသော စကားရှိပါသည်။
ဤနေရာတွင် ပြည်သူလူထု လူအများစုကြီး ပြုလုပ်သမျှ အားလုံးမှန်ကန်သည်ဟု မဆိုလိုပါ။ ထိုကဲ့သို့ အဓိပ္ပာယ်ကောက် မလွဲစေချင်ပါ။ သို့သော် အမှန်တရားနှင့်ဆိုင်သော အချက်အလက်များကို သိချင်လျှင်တော့ ပြည်သူလူထုကြားထဲ ဝင်ကြည့်ဖို့၊ ဝင်ရောက်လေ့လာဖို့တော့ လို အပ်ပါသည်။
လက်ရှိပစ္စက္ခပြည်သူတွေ၏ ပြဿနာအထွေထွေကို လေ့လာချင်လျှင် ပြည်သူတွေ၏နှုတ်ဖျားမှ ထွက်လာသည့် ရင်ဖွင့်သံကိုတော့ ဂရုစိုက်နားထောင်ပေးဖို့ လိုပေလိမ့်မည်။ သူတို့ စားပုံသောက်ပုံ နေထိုင်ပုံတွေကို လေ့လာချင်လျှင်တော့ ပြည်သူနှင့်တစ်သားတည်း ဖြစ်အောင် ပြည်သူနှင့်ကြမ်းတစ် ပြေးတည်းထိုင်ရင်း တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ လိုပေလိမ့်မည်။ တစ်နည်းပြောရလျှင် ပြည်သူ့ဝေဒနာကို နားလည်ခံစားနိုင်ဖို့ ‘ငါသာ သူ့နေရာမှာဆိုရင်’ ဟူသည့် ‘ကိုယ်ချင်းစာတရား ရှုထောင့်’ မှ ရပ်တည်ကာ မြင်ကြည့်ပေးဖို့ လိုပေလိမ့်မည်။ ပြည်သူ့ဘက်မှာ ရပ်တည်လိုက်ပြီဆိုသည်နှင့် မေတ္တာရှုထောင့်၊ ကရုဏာရှုထောင့်၊ စေတနာရှုထောင့်မှ ကြည့်မြင်ပြီးသား ဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် ကဗျာဆရာက ‘ပြည်သူ့ဘက်မှ၊ အလုံးစုံရှု၊ ဝေဖန်မှုသာ၊ အပြုသဘော၊ ဦးတည်သော၊ မှန်သောစစ်သော ဝေဖန်ရေး’ ဟု ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။
တကယ်တော့ ကျွန်တော်တို့ နေ့စဉ်ရင်ဆိုင်ဖြေရှင်း နေရသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအစရှိသည့် အရေးကိစ္စတိုင်း လိုလိုမှာ မိမိရပ်တည်မည့် ‘ရှုထောင့်’ က အရေးကြီးပါသည်။ ရှုထောင့်မှန်မှ အမြင်မှန်မည်။ အမြင်မှန်မှ အတွေးမှန်မည်။ အတွေးမှန်မှ အပြောနှင့် လုပ်ရပ်ပါ မှန်ကန်နိုင်ပါလိမ့်မည်။ ထို့ကြောင့်လည်း ရပ်တည်ချက်မှန်ဖို့ အရေးကြီးတယ်ဟု ကျွန်တော်တို့ ပြောပြောနေကြခြင်း ဖြစ်သည်။ ရပ်တည်ချက် (ဝါ) ရှုထောင့် မှန်ပြီဆိုလျှင်တော့ ကျွန်တော်တို့၏ ဝေဖန်ရေးသည် အပြုသဘောဆောင်သည့် စစ်မှန်သော ဝေဖန်ရေးဖြစ်ဖို့ သိပ်မလိုတော့ဘူးဟု ထင်မြင်ယူဆမိပါသည်။

Most Read

Most Recent