လမ်းဆုံ

လမ်းဆုံ
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် ၂ လမ်းတွင် အလှူရှင်များပေးဝေသည့် ဆန်များရရှိရန် တန်းစီစောင့်ဆိုင်းနေသူများအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် ၂ လမ်းတွင် အလှူရှင်များပေးဝေသည့် ဆန်များရရှိရန် တန်းစီစောင့်ဆိုင်းနေသူများအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 1 December 2016
ဒေါက်တာဖြိုးသီဟ

ဟိုတစ်လောက သူငယ်ချင်းတွေနဲ့အတူ ပဲခူးဘက်က ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ကျောင်းမှာ ပညာရေးနဲ့ပတ်သက်တဲ့ အလှူလေးသွားလုပ်ဖြစ်ပါတယ်။ Human Resource Management သင်တန်းတစ်ခုက သူငယ်ချင်းတွေစုပြီး အလှူလာလုပ်ကြတာမို့ ဒီလိုကျောင်းကြီးတစ်ကျောင်းကို ဘယ်လိုစီမံ ခန့်ခွဲနေတယ်၊ ဦးဆောင်နေတယ်၊ ဘယ်လို အခက်အခဲတွေကို ကျော်လွှားခဲ့တယ် စသဖြင့် ကျောင်းထိုင် ဘုန်းဘုန်းဆီက လေ့လာချင်တာမို့ ကျွန်တော်တို့နဲ့ သီးသန့်စကားပြောပေးဖို့၊ သိချင်တာတွေရှိရင် မေးခွင့်ပေးဖို့ တောင်းဆိုဖြစ်ခဲ့တယ်။ အဲဒါနဲ့ နေ့လယ်ထမင်းစားပြီး ချိန်ကျတော့ ဘုန်းဘုန်းက ကျွန်တော်တို့တွေနဲ့ သီးသန့်အချိန်ပေးပြီး စကားပြောပါတယ်။ အလှူလာလုပ်တဲ့အထဲမှာ တခြားဘာသာဝင်တွေလည်း ပါတော့ တရားဟောတာထက် ဘဝနေနည်းဘက်၊ ပရဟိတဘက်ကို ဘုန်းဘုန်းက ဦးစားပေးပြောသွားခဲ့တာပါ။
အဲဒီထဲမှာ ဘုန်းဘုန်းအတွက် အင်မတန် အကျိုးရှိခဲ့၊ ကျွန်တော်တို့ နားထောင်ရသူတွေ အတွက်လည်း သိပ်ကိုအကျိုးရှိစေမယ့် အကြောင်းအရာလေးတစ်ခုကို ပြန်ပြောပြချင်ပါတယ်။
ဘုန်းဘုန်း ခပ်ငယ်ငယ်ဘဝက မိသားစု တစ်စုဆီမှာ အခိုက်အတန့် တည်းခိုခဲ့ဖူးပါတယ်တဲ့။ အဲဒီမိသားစုက ပညာတတ်တွေဖြစ်ပြီး အင်မတန်မှလည်း ငြိမ်းချမ်းကြပါတယ်။ တစ်ရက်တော့ မနက်စာဘုဉ်းပေးနေတုန်း ဘုန်းဘုန်းက ဘာရယ်မဟုတ် မေးလိုက်ပါတယ်။ ဒကာမကြီးတို့ မိသားစုက ဘုန်းဘုန်းကို အင်မတန်မှ ဂရုစိုက်ကြတာပဲနော်။ ဘာလို့ပါလဲတဲ့။ အဲဒီမှာ ပြန်ဖြေလိုက်တဲ့ အိမ်ရှင် အန်တီကြီးရဲ့အဖြေက ဘုန်းဘုန်းတစ်ဘဝလုံး စာအတွက် အသုံးဝင်မယ့်အတွေးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘာလဲဆိုတော့ “တပည့်တော်ဟာ လူ တစ်ယောက်ကို ကြည့်လိုက်ရင် ဒီလူဘာဖြစ်လာမယ်ဆိုတာ အနည်းနဲ့အများ ခန့်မှန်းနိုင်ပါတယ်။ ဘုန်းဘုန်းဆိုလည်း ခုဘုန်းဘုန်းရဲ့ ကြိုးစားအားထုတ်မှုတွေ၊ စာဖတ်အားတွေကြောင့်  တစ်ချိန်မှာ ထင်ရှားလာမယ့်သူဆိုတာ တပည့်တော်သိပါတယ်။ အဲဒီအချိန်ကျ ခုလို အိမ်ကို ဆွမ်းစားပင့်ချင်လို့ကြွပါဦးဆို ဘုန်းဘုန်းလာနိုင်တော့မယ် မဟုတ်ဘူး။ တပည့်တော်တို့ကရော အမြဲဒီမှာရှိနေပါဦးမလား”
“တပည့်တော်တို့ဟာ ကိုယ့်လမ်းကိုယ် သွားနေကြတာပါ။ ဘုန်းဘုန်းကလည်း ဘုန်းဘုန်းလျှောက်မယ့်လမ်း၊ တပည့်တော်တို့မှာလည်း တပည့်တော်တို့လျှောက်မယ့် လမ်း ရှိပြီးသားပဲ။ အဲဒီလိုလျှောက်နေတုန်း လမ်းဆုံမှာ အခိုက်အတန့် ဆုံတွေ့ကြတာပါ။ ပြီးရင် ဘုန်းဘုန်းလည်း ကိုယ့်လမ်းကိုယ်ဆက်သွားမယ်၊ တပည့်တော်တို့လည်း ကိုယ့်လမ်းကိုယ် ဆက်သွားမှာပါပဲ။ ဒါကြောင့် ခုလို ဆုံရတုန်းမှာ တပည့်တော်လုပ်ပေးလိုက်လို့ ဘုန်းဘုန်း အဆင်ပြေသွားတာလေးကြည့်ပြီး ပီတိဖြစ်ချင်တာပါပဲ။ တခြားအကြောင်းရင်း မရှိပါဘူး” တဲ့။
တက်လမ်းရှိသူမို့ တစ်ချိန်မှာ ကိုယ့်ကို အကျိုးပြန်ပြုအောင် လုပ်ပေးနေတာမဟုတ်ဘူး။ အခိုက်အတန့် ဆုံတုန်းလေးမှာ သူအဆင်ပြေသွားတာကို ကြည့်ပြီး ပီတိဖြစ်ချင်တာပါတဲ့။ အနှောင်အဖွဲ့ကင်းပြီး အေးချမ်းလှတဲ့ စိတ်ထားလေးပါ။
အဲဒီအချိန်ကစပြီး ဘုန်းဘုန်းလည်း တွေ့ရ၊ ကြုံရသမျှလူတိုင်းကို လမ်းဆုံမှာ အခိုက်အတန့်ဆုံရသူလို့ သဘောထားပြီး ဒီအချိန်လေးမှာ ငါသူ့ကို ဘယ်လိုကူညီပေးရမလဲ၊ အဆင်ပြေအောင် လုပ်ပေးရမလဲဆိုတာမျိုးပဲ သဘောထားမိလာခဲ့ပါတယ်တဲ့။
ပတ်ဝန်းကျင်မှာလည်း ကြည့်ကြည့်ပါ။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေ ခုချိန်မှာပြန်ဆုံဖို့ တော်တော်ခက်ကုန်ပြီ။ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေဆိုလည်း အကွဲကွဲအပြားပြား။ ခု ခင်မင်နေရတဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေရော၊ ဒီလူတွေနဲ့လည်း ခွဲရဦးမှာပဲ။ ပညာဆက်သင်တဲ့သူက သင်မယ်၊ အလုပ်ပြောင်းတဲ့သူက ပြောင်းမယ်။ ဒါဖြင့် အိမ်ကမိသားစုနဲ့ရော။ ခွဲရမှာပဲ။ သိပ်ချစ်ရတဲ့ ချစ်သူတွေလည်း တစ်နေ့တော့ ခွဲခွာရမှာပဲ။ ကျွန်တော်တို့တွေဟာ ကိုယ့်လမ်း ကိုယ်လျှောက်နေကြတုန်း အခိုက်အတန့်သဘော လမ်းဆုံမှာ တွေ့နေကြရတာသာ ဖြစ်ပါတယ်။ ဒါက ရွေးချယ်လို့၊ ရှောင်လွှဲလို့မရတဲ့ အမှန်တရား။
ကျွန်တော်တို့ ရွေးချယ်လို့ရတာကတော့ အဲဒီလို ဆုံရတုန်းအခိုက်အတန့်မှာ ဘယ်လို သဘောထား၊ ဘယ်လိုစိတ်ထားမျိုးတွေနဲ့ ဆက်ဆံကြမလဲဆိုတာပါပဲ။
အခွင့်သာတုန်း နှက်လိုက်မဟဲ့၊ အနိုင်ယူလိုက်မယ်ဟဲ့၊ ပါးပါးလှီးလိုက်မယ်၊ ဂျင်းထည့်လိုက်မယ်၊ အဲဒီလိုလုပ်လိုက်ရတဲ့ အခါမှာလည်း အောင်နိုင်သူတစ်ယောက်လို ပီတိဖြစ်နေမယ်ဆိုတာမျိုး ရွေးလို့ရသလို ကြုံရတုန်းလေးမှာ ငါသူ့ကို အဆင်ပြေအောင် လုပ်ပေးလိုက်မယ်၊ စိတ်ချမ်းသာအောင် ပြောပေးလိုက်မယ်ဆိုတာကလည်း ကိုယ့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
ကိုယ်က တက္ကစီသမားတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ကားပေါ်ကို ခရီးသည် တစ်ယောက်က နှစ်ခါစီးဖြစ်တယ်ဆိုတာတောင် ခပ်ရှားရှားပါ။ ဒီတော့ သူနဲ့ကိုယ်နဲ့ လမ်းဆုံမှာဆုံတုန်းလေး အဆင်ပြေအောင် ကူညီပေးလိုက်ပါ။ လိပ်စာသေချာမသိဘူးဆို ကူရှာပေးလိုက်၊ တွေ့တဲ့နေရာ ချမသွားနဲ့၊ နည်းနည်းလေး ပိုမောင်းပေးရတာကို ငွေ မတန်တဆ ထပ်မယူနဲ့။
ကိုယ်က ဆရာဝန်တစ်ယောက် ဖြစ်နေသလား။ ဘယ်လူနာမှ ဆေးရုံဆေးခန်းဆိုတာကို ခဏခဏ မလာချင်ပါဘူး။ ဒီတော့ ကိုယ့်ဆေးခန်းကိုရောက်လာတဲ့ လူနာတွေကို ရောဂါသက်သာရုံတင်မကဘဲ စိတ်ကျေနပ်မှုရှိအောင် ငါဘယ်လိုလုပ်ပေးလိုက်မယ်၊ ဘယ်လို ဆက်ဆံပေးလိုက်မယ်ဆိုတာမျိုး တွေးကြည့်ပါ။
ကိုယ်က ဈေးဝယ်စင်တာရဲ့ အရောင်းသမားတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ဆီရောက်လာသမျှ လူအားလုံးကို စိတ်ရှည်လက်ရှည် ပြည့်ပြည့်စုံစုံ ရှင်းပြပေးပါ။ ကိုယ့်ဆီမှာ မရနိုင်တာတွေအတွက်လည်း သိသလောက် လမ်းညွှန်ပေးလိုက်ပါ။
ကိုယ်က ဝန်ဆောင်မှုပေးရသူတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ဆီလာသမျှ Customer တိုင်းကို ကိုယ့်လိုပဲသဘောထား၊ ကိုယ်ချင်းစာပေးပြီး အကောင်းဆုံးဝန်ဆောင်မှု ပေးလိုက်ပါ။
ကျွန်တော်တို့တွေဟာ မသိခြင်းငါးပါးနဲ့ ရှင်သန်နေရတယ်။ ကိုယ့်မှာ အချိန်ဘယ် လောက်ကျန်သေးလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ အဲဒီတော့ အချိန်မရွေးရောက်လာနိုင်တဲ့ သေခြင်းတရားအတွက် အကောင်း ဆုံးပြင်ဆင်ထားနိုင်ကြဖို့ လိုတယ်။ ကိုယ့်ကိုယ် ကိုယ်မေးကြည့်ပါ။ ခုချိန်သေရမယ်ဆို သေဖို့အတွက် အဆင်သင့်ဖြစ်ပြီလားလို့။ ဒီဘဝမှာ အများအကျိုးအတွက် ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်ရသေးဘူး၊ ကိုယ် ဒီလောက ကြီးထဲရောက်လာပြီး နေထိုင်အသက်ရှင်ခဲ့ကြောင်း အထောက်အထား အမှတ်အသား ကောင်းတစ်ခုခုမှ ချန်မထားနိုင်ခဲ့သေးဘူး၊ တစ်နေ့တစ်နေ့ အရေးမပါတာတွေလုပ်ရင်း စားလိုက်အိပ်လိုက်နဲ့ပဲ အချိန်ကုန်နေသေး တယ်ဆိုရင်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ပဲ သတ်မှတ်ရမှာပါ။
တကယ်တော့ ပရဟိတဆိုတာ ကိုယ့်တစ်ဘဝလုံး နှစ်မြှုပ်ပြီး လုပ်နိုင်တော့မှ ပရဟိတခေါ်တာ မဟုတ်ပါဘူး။ လမ်းသွားရင်းနဲ့၊ လမ်းမသိလို့ လာမေးတဲ့သူကို စိတ်ရှည်လက်ရှည် ပြောပြပေးလိုက်တာလည်း ပရဟိတပါပဲ။ ဘတ်စ်ကားစီးရင်း ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ယောက်ကို ထိုင်ခုံနေရာ ဖယ်ပေးလိုက်တာလည်း ပရဟိတပါပဲ။ ပရဟိတဆိုတာ ဘယ်လောက်ထိ ပေးဆပ်ထားတယ်ဆိုတာထက် ပေးဆပ်ချင်စိတ်ရှိဖို့ကသာ လိုရင်းဖြစ်ပါတယ်။ နေ့စဉ်ဖြတ်သန်းမှုမှာ ကြုံတွေ့ရသူတိုင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ တပည့်တွေ၊ ဆရာတွေ၊ ကိုယ့်ဖောက်သည်တွေ၊ စသဖြင့် လူတိုင်းကိုသာ လမ်းဆုံမှာ အခိုက်အတန့်ဆုံတုန်းလေး ကိုယ့်ကြောင့် သူအဆင်ပြေ သွားပါစေဆိုတဲ့ စိတ်လေးရှေ့ထားပြီး ဆက်ဆံပေးနိုင်မယ် ဆိုရင်ကိုပဲ ပရဟိတဖြစ်နေပါပြီ။
အဲဒီလိုသာ လူအားလုံး သဘောထားနိုင်ခဲ့ရင် ကမ္ဘာကြီး အတော်အေးချမ်းမယ်ဆိုတာမျိုးတော့ မပြောလိုပါဘူး။ ဒါပေမဲ့ သေချာတာက ကိုယ့်ဘဝလေးကတော့ အင်မတန် အေးချမ်းပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်းဟာ အဓိပ္ပာယ်ရှိနေပါလိမ့်မယ်။
ငါအဲဒီတုန်းက သူ့ကို ဒီလိုပြောခဲ့မိလိုက်တယ်၊ လုပ်ခဲ့မိလိုက်တယ်၊ ကျေးဇူးတင်စကားလေးတောင် မပြောလိုက်ရဘူး၊ ဒါလေးတွေ မလုပ်ပေးလိုက်ရဘူး စသဖြင့် နောင်တရမနေ ချင်ဘူးဆိုရင် ဒီနေ့ကစပြီး လမ်းဆုံမှာ ဆုံတွေ့ ရသမျှလူတိုင်းကို အကောင်းဆုံး ဆက်ဆံပေးလိုက်ပါ။
လေးစားရတဲ့ စာရေးဆရာတစ်ယောက် ရေးဖူးတာလေး ပြန်ပြောပါရစေ။
တကယ်တော့ အောင်မြင်တဲ့ဘဝဆိုတာ နောင်တရစရာမရှိတဲ့ဘဝကို ခေါ်တာပါ။

Most Read

Most Recent