အင်တာနက်မှယူဆောင်လာသောအရာများ

အင်တာနက်မှယူဆောင်လာသောအရာများ
Published 30 November 2016
နေမျိုးထွန်း

လွန်ခဲ့တဲ့ငါးနှစ်ကနဲ့ အခုဘာကွာသွားလဲမေးရင် အလွယ်တကူဖြေနိုင်တာကတော့ အင်တာနက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က ဖုန်းလိုင်းတောင်မမိတဲ့နေရာတွေမှာ အခုဆိုရင် အင်တာနက်ကိုတောင် အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။
၂၀၁၀ - ၂၀၁၁ တုန်းက တယ်လီဖုန်းအသုံးပြုနိုင်မှုဟာ နိုင်ငံ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရာခိုင်နှုန်း ၉၀ ကျော်အထိ သုံးစွဲနိုင်ပြီလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အူရီဒူးက သူ့ရဲ့သုံးစွဲသူ အားလုံးဟာ အင်တာနက်သုံးကြတယ်လို့ဆိုပြီး တယ်လီနောကတော့ သူတို့သုံးစွဲသူစုစုပေါင်းရဲ့ ရာခိုင်နှုန်း ၆၀ ကျော်ဟာ အင်တာနက်သုံးစွဲကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ Broadband အင်တာနက်အနေနဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့် မိုဘိုင်းဖုန်းအင်တာနက်ကတော့ အလျင်အမြန်ပဲ ဖြန့်ကြက်ထိုးဖောက် အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်တာနက်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်တာနဲ့အမျှ ရုတ်ခြည်းဆိုသလို အရာအားလုံးဟာ အင်တာနက်ပေါ်ကို ရောက်လာပါတော့တယ်။ သမားရိုးကျပုံစံတွေကနေ ခွဲထွက်ပြီး အင်တာနက်အခြေပြု ဝန်ဆောင်မှု၊ အင်တာနက်အခြေပြု စီးပွားရေးတွေ ဖြစ်လာပါတယ်။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အင်တာနက်ရဲ့ စွမ်းပကားကိုတော့ ငြင်းဆန်လို့မရတော့ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးဟာ အင်တာနက်ပေါ် ရောက်လာခဲ့တာဖြစ်ပါတယ်။
အီလက်ထရွန်နစ်စာနဲ့ အင်တာနက် ဖုန်းခေါ်ဆိုမှုတွေ၊ အွန်လိုင်းဈေးဝယ်စနစ်၊ အွန်လိုင်းပေါ်က တစ်ပတ်ရစ်ဈေးကွက်၊ အင်တာနက်ပေါ်က သတင်းဖတ်ရှုမှုတွေနဲ့ အွန်လိုင်းရုပ်သံ ဝန်ဆောင်မှုတွေစသဖြင့် ဝန်ဆောင်မှုနဲ့ လုပ်ဆောင်ရမှုတွေဟာ အင်တာနက်ကို အခြေခံလာတယ်။
မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲနိုင်မှု အခြေအနေကိုကြည့်မယ်ဆိုရင် လူဦးရေသန်း ၅၀ ကျော်လောက်ရှိရာမှာ ၂၀၀၀ ပြည့်နှစ်က အင်တာနက်သုံးစွဲနိုင်သူ ၁၀၀၀ ဦး၊ ၂၀၀၈ ခုနှစ်မှာ ၄၀၀၀၀၊ ၂၀၀၉ ခုနှစ်မှာ ၁၀၈၉၀၀၊ ၂၀၁၀ ပြည့်နှစ်မှာ ၁၁၀၀၀၀၊ ၂၀၁၅ ခုနှစ်မှာ ၇၁၀၀၀၀၀၊ ၂၀၁၆ ခုနှစ်မှာတော့ ၁၁ သန်းကျော် ရှိလာပြီလို့ IMF ရဲ့ အချက်အလက်တွေအရ သိရတယ်။ ဒီနေရာမှာ မိုဘိုင်းဖုန်းသိပ်သည်းဆဟာ ရာခိုင်နှုန်း ၉၀ ကျော် ရောက်လာပြီဆိုပေမယ့် အမှန်တကယ်သုံးစွဲနိုင်သူ အရေအတွက်ဟာ ၂၅ သန်းနဲ့ သန်း ၃၀ ကြားမှာပဲ ရှိသေးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မိုဘိုင်းဖုန်းသုံးစွဲသူတိုင်းဟာ စမတ်ဖုန်းသုံးစွဲသူတွေမဟုတ်ဘဲ စမတ်ဖုန်းသုံးစွဲသူတိုင်းဟာလည်း အင်တာနက်သုံးစွဲသူတွေ မဟုတ်ကြပါဘူး။
လက်ရှိမှာတော့ မိုဘိုင်းဖုန်းအင်တာနက်ကိုပဲ အဓိကထားသုံးစွဲနေရတာကြောင့် သုံးသလောက် ဒေတာပမာဏကိုအခြေခံပြီး ကုန်ကျစရိတ်ရှိနေတာက သုံးစွဲမှုကို အကန့်အသတ် ဖြစ်စေပါတယ်။ လစဉ်ကြေးပေးသွင်းပြီး ဒေတာအကန့်အသတ်မရှိသုံးနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတွေကလည်း လစဉ်ကြေးနှုန်းထားကြီးမြင့်တဲ့အတွက် စီးပွားရေးလုပ်ငန်းသုံးကလွဲရင် အိမ်သုံးသမားတွေ သုံးစွဲနိုင်ဖို့ အကန့်အသတ်ဖြစ်နေပါသေးတယ်။ လက်ရှိမှာ 2600 MHz လှိုင်းနှုန်းစဉ် အသုံးပြုခွင့်တွေချပေးထားလို့ ဒီလိုမျိုး အင်တာနက်ဝန်ဆောင်မှုတွေဟာ မကြာခင်မှာပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လစဉ်ကြေးနှုန်းထားတွေ အရမ်းဈေးမကြီးဖို့လိုပြီး ပြည်တွင်းသုံးစွဲသူတွေရဲ့ ဝင်ငွေအချိုးအစားကို ထည့်တွက်ရပါမယ်။ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ နှုန်းထားနဲ့ မြန်နှုန်းကလည်း နှိုင်းယှဉ်စရာဖြစ်လာပါလိမ့်မယ်။
မိုဘိုင်းဖုန်းအင်တာနက်မှာတော့ မြို့ကြီးတချို့မှာ 4G ဝန်ဆောင်မှုကိုတောင် ရရှိလာပြီဖြစ်ပါတယ်။ 1800 MHz လှိုင်းနှုန်းစဉ် အသုံးပြုခွင့်ရလာရင်တော့ ဒါဟာပိုကျယ်ပြန့်လာမယ့် သဘောရှိပါတယ်။
ကွန်ရက်ဖြန့်ကြက်မှုမှာ ကျေးလက်ဒေသတွေ အနေနဲ့လည်း နောက်ကျကျန်ရစ်တာမျိုးတွေမဖြစ်ဖို့ Universal Service Fund သုံးပြီး ဆောင်ရွက်မယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာမူဝါဒ ၁၂ ရပ်ချမှတ်ထားပြီး အဲဒီမူဝါဒတွေထဲမှာ Digital ID Card စနစ်၊ Digital Government Strategy နဲ့ eGovernment စနစ်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်သွားဖို့ ပါဝင်တယ်လို့ (၁၆) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများအစည်းအဝေးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။
အရင်တုန်းကဆိုရင် အချက်အလက်တစ်ခုခု၊ အကြောင်းအရာတစ်ခုခုကို သိချင်တဲ့အခါ စာအုပ်စာတမ်းတွေ၊ မှတ်စုမှတ်ရာတွေ အများကြီးကို အားကိုးရှာဖွေရပါတယ်။ ဒီနေ့ခေတ်မှာတော့ အင်တာနက်ချိတ်ဆက်မှုရှိတဲ့ စမတ်ဖုန်း၊ ဒါမှမဟုတ်ရင် တက်ဘလက်၊ ကွန်ပျူတာတစ်လုံးနဲ့ ရှာဖွေကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာ မြန်ဆန်လွယ်ကူလွန်းပါတယ်။ အင်တာနက်ပေါ်မှာ ဘာတွေကိုရှာဖွေကြည့်ရှုမလဲဆိုတာတော့ အသုံးပြုသူ တစ်ဦးချင်းစီနဲ့ပဲ ဆိုင်ပါတယ်။
Khan Academy တို့လို အွန်လိုင်းကနေ ဘာသာရပ်မျိုးစုံ သင်ကြားပို့ချမှုတွေ၊ စွယ်စုံကျမ်းတွေ ရှိနေပေမယ့် သုံးစွဲသူအများစုဟာ လူမှုကွန်ရက်တွေနဲ့ အပျော်အပြက်ကိစ္စတွေမှာ ပိုအချိန်ကုန်နေကြတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းသင်ကြားပို့ချချက်တွေနဲ့ စွယ်စုံကျမ်းတွေမှာ မြန်မာဘာသာနဲ့ ဖော်ပြမှုတွေ နည်းနေသေးတာကလည်း လူအများစု လက်လှမ်းမီဖို့အတွက် အဟန့်အတားဖြစ်နေသေးတယ်လို့ မြင်ပါတယ်။
အင်တာနက်ကို စနစ်တကျသုံးစွဲသူတွေအတွက် ကောင်းကျိုးတွေပိုများပေမယ့် အလွန်အကျွံသုံးစွဲသူတွေအတွက် ဆိုးကျိုးသက်ရောက်မှုတွေလည်း ရှိလာခဲ့ပါတယ်။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်လာတာတွေ၊ အာရုံကြောထိခိုက်လာတာတွေ၊ လူမှုရေးဆိုးကျိုးတွေမျိုးစုံ ရှိလာခဲ့ပါတယ်။ ညဘက်တစ်ရေးနိုးချိန်မှာတောင် အွန်လိုင်းပေါ် ခဏတက်လိုက်ရမှဆိုသူတွေ၊ Status တွေ ဓာတ်ပုံတွေ အွန်လိုင်းပေါ်တင်လိုက်ရမှ နေသာထိုင်သာရှိသူတွေလည်း မနည်းပါဘူး။ အွန်လိုင်းပေါ်က လိမ်လည်လှည့်ဖြားမှုတွေ၊ ဖြားယောင်းသွေးဆောင်မှုတွေ၊ ပုဂ္ဂိုလ်ရေး အပုပ်ချမှုတွေကလည်း သတိပြုဆင်ခြင်စရာ ဖြစ်ပါတယ်။ ကိုယ့်ကို ဘယ်သူတွေဘာပြောနေလဲ၊ ဘာမှတ်ချက်တွေ တက်လာနေလဲဆိုတာတွေကလည်း တချို့သူတွေအတွက် စိုးရိမ်သောက ရောက်စရာတွေဖြစ်လာပါတယ်။ တည်းဖြတ်ထားမှုမရှိတဲ့ စာသားတွေ၊ ရုပ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကလည်း အမုန်းပွားမှုတွေ၊ ထင်ယောင်ထင်မှားဖြစ်မှုတွေနဲ့ စိတ်ညစ်ညူးစရာတွေကို သယ်ဆောင်လာပါတယ်။
တစ်ဖက်စွန်းရောက်အမြင်တွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကလည်း အွန်လိုင်းပေါ်မှာ မြင်လို့မကောင်းအောင်ပါပဲ။ ဒီလိုပဲဝါဒဖြန့်တာတွေ၊ ကိုယ့်ကိုယ်ကိုယ်ကြော်ငြာနေတာတွေ၊ ပုံဖော်နေတာတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
ပညတ်လောကမှာတောင် အစစ်အမှန်မဟုတ်တဲ့အရာတွေနဲ့ နေထိုင်နေရတာကို အင်တာနက်လောကမှာတော့ Virtual World လို့ဆိုတာကြောင့် အရိပ်အယောင်လောကပို ဆန်သွားပါတယ်။ ကောင်းကျိုးဆိုးပြစ်ဆိုတာကတော့ လောကီနယ်ပယ်မှာ မကင်းနိုင်တာကြောင့် အသုံးပြုသူတစ်ဦးချင်းစီရဲ့ ပညာရေချိန်ကသာ ၂၁ ရာစုမှာ အရေးကြီးနေဦးမှာ ဖြစ်ပါတယ်။

Most Read

Most Recent