ဆီးရီးယားအစိုးရတပ်များ ချီတက်လာစဉ် အရပ်သားများက အလက်ပိုတောင်ပိုင်းသို့ ထွက်ပြေး

ဆီးရီးယားအစိုးရတပ်များ ချီတက်လာစဉ် အရပ်သားများက အလက်ပိုတောင်ပိုင်းသို့ ထွက်ပြေး
Published 23 November 2016
Ref:AFP

အလက်ပိုတစ်မြို့လုံးအား ပြန်လည်သိမ်းယူနိုင်ရေးအတွက် ဆီးရီးယားအစိုးရက ကြိုးပမ်းနေချိန်တွင် အစိုးရလိုလားသော တပ်များက နိုဝင်ဘာ ၂၂ ရက်တွင် သူပုန်များ ထိန်းချုပ်ထားသော မြို့အရှေ့ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှ ရှောင်လွဲှရန် အရပ်သားများသည် မြို့တောင်ပိုင်းသို့ ထွက်ပြေးနေကြကြောင်း သိရသည်။ သူပုန်များ ထိန်းချုပ်ထားသော အလက်ပိုအရှေ့ပိုင်းအား ပြန်လည် သိမ်းယူနိုင်မှုသည် ငါးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားပြည်တွင်း စစ်အတွင်း အစိုးရ၏အကြီးမားဆုံး အောင်ပွဲတစ်ရပ် ဖြစ်လာနိုင်ပြီး အတိုက်အခံများ အတွက်မူ အဆုံးအဖြတ်ပေးသော အလားအလာတစ်ခု ဖြစ်လာနိုင်သည်။
တစ်ချိန်က ဆီးရီးယား၏ စီးပွားရေးဗဟိုချက်ဖြစ်ခဲ့သော အလက်ပိုမြို့သည် သေဆုံးသူ ၃၀၀၀၀၀ ကျော်လာပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်အတွင်း ပြိုလဲသွားခဲ့ပြီဖြစ်သည်။ အရပ်သားများထံ စားစရာများ ဝေပေးရန်၊ ယင်းနေရာမှ ထွက်ခွာသွားရန်နှင့် အရပ်သားများကိုလည်း ထွက်ခွာခွင့်ပေးရန် သူပုန်များအား တိုက်တွန်းထားသည့် စာရွက်များအား စစ်ဘက်လေယာဉ်များက အလက်ပိုအရှေ့ပိုင်းတွင် ကြဲချခဲ့သည်။ ကြည်းတပ်များက အလက်ပိုအရှေ့ပိုင်းရှိ အဓိကကျသော မာဆက်ကင်ဟန်နာနိုခရိုင်သို့ ချီတက်နေစဉ် လေတပ်ကယင်းနေရာအား လေကြောင်းတိုက်ခိုက်မှုနှင့် စည်ပိုင်းဗုံးများဖြင့် ကြဲချခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
တစ်ပတ်ကြာမြင့်လာပြီဖြစ်သော နောက်ဆုံး တိုက်ခိုက်မှုများအတွင်း အစိုးရသည် ယင်းခရိုင်၏ သုံးပုံတစ်ပုံခန့်အား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယင်းစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ မာဆက်ကင်ဟန် နာနိုခရိုင်အား သူပုန်များက ၂၀၁၂ ခုနှစ်တွင် အလက်ပိုအရှေ့ပိုင်း၌ ပထမဆုံးအကြိမ် သိမ်းယူခဲ့ခြင်းဖြစ်ပြီး မဟာဗျူဟာအရ အလွန်အမင်း အရေးပါကြောင်းသိရသည်။ ယင်းခရိုင်အား အစိုးရတပ်များက ထိန်းချုပ်နိုင်ခဲ့ပါက သူပုန်ထိန်းချုပ်ထားသော အလက်ပိုမြောက်ပိုင်း ဒေသများနှင့် ကျန်ရှိသော သူပုန်ထိန်းချုပ်ထားသည့် ခရိုင်များကို ဖြတ်တောက်ပစ်နိုင်မည်ဖြစ်ကြောင်း ယင်းစောင့်ကြည့်အဖွဲ့ ဥက္ကဋ္ဌ ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၅ ရက်က စတင်ခဲ့သော နောက်ဆုံးထိုးစစ်ဆင်မှုကြောင့် အလက်ပိုအရှေ့ပိုင်းတွင် ကလေး ၁၉ ဦး အပါအဝင် အရပ်သား ၁၄၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် ယင်းစောင့်ကြည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။ အစိုးရထိန်းချုပ်ထားသော အလက်ပိုအနောက်ပိုင်းအား သူပုန်များ၏ ပစ်ခတ်မှုအတွင်း ကလေး ၁၀ ဦး အပါအဝင် အရပ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း ယင်းအဖွဲ့က ဆိုခဲ့သည်။ မြို့အရှေ့ပိုင်းရှိ ဒေသခံများက အစိုးရ၏စည်ပိုင်းဗုံး လေးလုံးကြဲချမှုအတွင်း အသက်ရှူကျပ်မှု ခံစားခဲ့ရကြောင်း ဆိုခဲ့သည်။ ယင်းသည် ကလိုရင်းဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခြင်းဖြစ်နိုင်ဟု ဆေးဘက်ဝန်ထမ်းများက သံသယရှိခဲ့သည်။
အစိုးရက ဝိုင်းရံပိတ်ဆို့ထားသော သူပုန်ထိန်းချုပ်ထားသည့် အလက်ပိုအရှေ့ပိုင်းရှိ ဒေသများတွင် နေထိုင်သော အရပ်သား ၂၅၀၀၀၀ ကျော်အတွက် နိုင်ငံတကာက စိုးရိမ်နေစဉ် ယင်းကဲ့သို့ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ၏ ဝေဖန်မှုမြင့်တက်လာနေသော်လည်း အစိုးရတပ်များ၏ ချီတက်မှုအား ရပ်တန့်နိုင်မည့် အရိပ်အယောင် မတွေ့ရသေးပေ။

Most Read

Most Recent