တူရကီ ဝန်ကြီးချုပ်က သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သော အငြင်းပွားဖွယ်ရာ ဥပဒေကြမ်းကို ရုပ်သိမ်း

တူရကီ ဝန်ကြီးချုပ်က သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သော အငြင်းပွားဖွယ်ရာ ဥပဒေကြမ်းကို ရုပ်သိမ်း
Published 22 November 2016

တူရကီဝန်ကြီးချုပ် ဘင်နာလီယယ်ဒီရင်က တူရကီ အစိုးရသည် လူထု၏ ဒေါသတကြီး တုံ့ပြန်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကလေးများနှင့် လိင်ဆက်ဆံခြင်းအတွက် ပြစ်ဒဏ်စီရင်ချက်ကို ပြန်လည်ပြောင်းလဲပေးနိုင်သော အငြင်းပွားဖွယ်ရာ ဥပဒေကြမ်း တစ်ရပ်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အသက် မပြည့်သေးသူများနှင့် လိင်ဆက်ဆံသူများအား ၎င်းတို့က ကျူးလွန်ခံရသူများကို လက်ထပ်ထားပါက ထောင်ထဲမှ ပြန်လည်လွှတ်ပေးမည့် အဆိုပါ ဥပဒေကြမ်းသည် မုဒိမ်းမှုကို တရားဝင် ခွင့်ပြုခြင်းဟု ဝေဖန်သူများက ဝေဖန်ခဲ့ကြသည်။ ယခုအပတ် စနေတနင်္ဂနွေတွင် ထောင်နှင့်ချီသော လူများသည် လမ်းများပေါ်သို့ ထွက်ကာ အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
“သမ္မတက တောင်းဆိုထားတဲ့ အများ သဘောတူမှုကို ခွင့်ပြုဖို့နဲ့ အတိုက်အခံ ပါတီတွေကို သူတို့ရဲ့ အဆိုပြုချက်တွေ ပြင်ဆင်ရေး အချိန်ပေးဖို့ ဒီဥပဒေကြမ်းကို ပါလီမန်ကနေ ပြန်ယူပြီး ကော်မရှင်ကို ပို့လိုက်ပါပြီ” ဟု ယယ်ဒီရင်က အစ္စတန်ဘူမြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ဒီကော်မရှင်က သုံးသပ်အကဲဖြတ်မှာ ဖြစ်ပြီး ဘက်ပေါင်းစုံကို ထည့်သွင်း စဉ်းစားမှာ ဖြစ်ပါတယ်။ ဖြေရှင်းချက်တစ်ရပ် တွေ့ရှိမယ် ဆိုတာ သေချာပါတယ်” ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
သမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ဥပဒေကြမ်းနှင့် ပတ်သက်၍ အများသဘောတူ လက်ခံနိုင်မှုကို ရှာဖွေရန် တောင်းဆိုခဲ့သည်။
ယခု ဥပဒေကြမ်းကို ရုပ်သိမ်းလိုက်ခြင်းသည် လက်ရှိ အာဏာရ AKP ပါတီက လူကြိုက်များသော အတိုက်အခံကို ရှားရှားပါးပါး အလျှော့ပေးခဲ့မှု တစ်ရပ်လည်း ဖြစ်သည်။
အာဒိုဂန်က ပူးတွဲ ထူထောင်ခဲ့သော AKP ပါတီသည် ၂၀၀၂ ခုနှစ်တွင် စတင် အာဏာရလာပြီး ကတည်းက တူရကီနိုင်ငံရေးကို လွှမ်းမိုးထားခဲ့သည်။
ယခု ဥပဒေကြမ်းကိုသာ အတည်ပြုခဲ့ပါက အင်အားသုံးခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အခြား အကျပ်ကိုင်မှုများ ပြုလုပ်ခြင်းတို့ မပါဘဲ သဘောတူညီမှု ရယူခဲ့လျှင် သို့မဟုတ် ကျူးလွန်သူက ကျူးလွန်ခံရသူကို လက်ထပ်ထားလျှင် အသက်မပြည့်သေးသည့် မိန်းကလေးကို လိင်ဆိုင်ရာ ကျူးလွန်မှု ပြုလုပ်သော အမျိုးသားကို ထောင်ထဲမှ ပြန်လည်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး လောကမှ အတိုက်အခံ အဖွဲ့အစည်းများက အဆိုပါ ဥပဒေကြမ်းကို အပြင်းအထန် ဝေဖန်ခဲ့ကြသော်လည်း နိုဝင်ဘာ ၁၇ ရက်က ပါလီမန်တွင် အကြိုဖတ်ကြားမှု ပြုလုပ်ရာ၌ ယင်းကို အတည်ပြုထားသည်။
Ref: AFP

Most Read

Most Recent