လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာအထိ FDI ဒေါ်လာသုံးဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ FDI ဝင်ရောက်မှုထက် ဒေါ်လာသန်း ၅၀၀ ကျော် လျော့နည်း

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာအထိ FDI ဒေါ်လာသုံးဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ FDI ဝင်ရောက်မှုထက် ဒေါ်လာသန်း ၅၀၀ ကျော် လျော့နည်း
Published 18 November 2016
မင်းသီဟဇော်

ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု (FDI) ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော် ဝင်ရောက်ခဲ့သော်လည်း လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာအထိတွင်မူ FDI ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်သာ ဝင်ရောက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း FDI ဝင်ရောက်မှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ သန်း ၅၀၀ ကျော် လျော့နည်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ညွှန်ကြားမှု ဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၇၉၇ ဒသမ ၀၇၄ သန်း ဝင်ရောက်ခဲ့ပြီး လုပ်ငန်းပေါင်း ၁၀၆ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၏ လုပ်ငန်း ၁၀ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀၄၉ ဒသမ ၂ သန်း၊ ကုန်ထုတ်လုပ် ငန်း ၈၃ ခုတွင် ဒေါ်လာ ၆၁၀ ဒသမ ၀၇၉ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတွင် ဒေါ်လာ ၇၃၆ ဒသ မ ၇၁၁ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဒေါ်လာ ၅၇ ဒသမ ၈၃၀ သန်း၊ အိမ်ခြံမြေကဏ္ဍ တွင် ဒေါ်လာ ၂၃၂ ဒသမ ၈၇၂ သန်းနှင့် အ ခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၁၀၈ ဒသမ ၁၉၉ သန်း၊ သတ္တုကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၁၈၃ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာလအထိတွင်မူ မြန် မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၂၇၈ ဒသမ ၂၂၇ သန်း ဝင်ရောက်ခဲ့ပြီး လုပ်ငန်း ၆၆ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလ အတွင်း ကုန်ထုတ်လုပ်ငန်း ၄၆ ခုတွင် ဒေါ်လာ ၇၂၅ ဒသမ ၄၃၅ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းရှစ်ခုတွင် ဒေါ်လာ ၁၆၁၅ ဒသမ ၈၉၂ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှစ်ခုတွင် ဒေါ်လာ ၉၄ ဒသမ ၇၂၆ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁၀၅ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၄၅ ဒသမ ၈၈၉ သန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၈၅ ဒသမ ၆၁၃ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၆၀၅ ဒသမ ၆၇၂ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဘဏ္ဍာနှစ် အောက်တိုဘာ တစ်လတည်းတွင် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀၂၄ ဒသမ ၅၂ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အမျိုးသားဖွံ့ဖြိုး တိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဖြင့် တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး စီမံချက်များအား စီးပွားဖြစ်ပူးပေါင်း ဆောင်ရွက်မှုအဖြစ်သို့  ကူးပြောင်းစေရေး၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအား ပြည်သူများ အကျိုးကျေးဇူး ဖြစ်ထွန်းစေရန်အတွက် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည်စိစစ်နိုင်ရေး၊ လုပ်ငန်းထူ ထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊  ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ဆက်စပ်လုပ်ငန်းများနှင့် ဈေးကွက် သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့ နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ထုတ်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်  လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှုမူဝါဒများ လိုအပ်ခြင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို  လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်တွင်းဘဏ္ဍာရေးစနစ် တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက် ခြင်း၊ ငွေကြေးမူဝါဒများ ခိုင်မာအားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်း (JV)၊ စီးပွားရေး ကတိစာချုပ်များဖြင့် ခွင့်ပေးခြင်း (BCC)၊ တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း စသည့်နည်းလမ်း အမျိုးမျိုးဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။