ပခုက္ကူ ဆန်ဈေးကွက်အတွင်း ပြည်တွင်းနှင့် တရုတ်ဝယ်လက် နည်းပါးမှုကြောင့် ဆန်လက်ကျန်များနေပြီး တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ခန့်သာ ပေါက်ဈေးရှိ

ပခုက္ကူ ဆန်ဈေးကွက်အတွင်း ပြည်တွင်းနှင့် တရုတ်ဝယ်လက် နည်းပါးမှုကြောင့် ဆန်လက်ကျန်များနေပြီး တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ခန့်သာ ပေါက်ဈေးရှိ
ပခုက္ကူဆိပ်ကမ်းတွင် ဆန်မော်တော်ပေါ်မှ ဆန်များ သယ်ယူနေစဉ် (ဓာတ်ပုံ - သက်ထိန်ဝင်း)
ပခုက္ကူဆိပ်ကမ်းတွင် ဆန်မော်တော်ပေါ်မှ ဆန်များ သယ်ယူနေစဉ် (ဓာတ်ပုံ - သက်ထိန်ဝင်း)
Published 15 November 2016
သက်ထိန်ဝင်း

ပခုက္ကူ ဆန်ဈေးကွက်အတွင်း ပြည်တွင်းနှင့် တရုတ်ဝယ်လက် နည်းပါးမှုကြောင့် ဆန်လက်ကျန် များပြားနေပြီး ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာသည့် နွေဆန်ဈေး တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ခန့်သာ ပေါက်ဈေး ရှိတော့ကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။တရုတ်ဝယ်လက်နှင့် ပြည်တွင်းစားသောက်သူများ ဝယ်ယူသည့် စက်တင်ဘာ လဆန်းပိုင်းက နွေဆန်သစ်များမှာ တစ်အိတ်လျှင် ကျပ် ၂၃၀၀၀ ခန့် ပေါက်ဈေးရှိခဲ့သော်လည်း ဈေးနှုန်းကျဆင်းမှုကြောင့် ကုန်လက်ကျန် များပြားသည့် ကုန်သည်နှင့် တောင်သူများ ဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။“နွေဆန်ဈေးကတော့ အတော်အေးပါတယ်။ အဝယ်လည်း ပါးတယ်။ ၁၀၅ ပေါင် တစ်အိတ်ကို ကျပ် ၂၀၀၀၀ ပဲ ရှိတော့တယ်။ နွေဆန်က တရုတ်သမား အဓိက ဝယ်တယ်။ ဒီနှစ် တရုတ်က အဝယ်နည်းတော့ ဆန်ကုန်သည်တွေဆီမှာ လက်ကျန်များတယ်။ နွေဆန်တွေ လက်ကျန်များပေမယ့် မိုးဆန်အသစ်က အောက်ပိုင်းမှာ စနေပြီ” ဟု ပခုက္ကူမြို့မှ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုဇော်က ပြောကြားသည်။ပခုက္ကူဆန်ဈေးကွက်တွင် နွေဆန်သစ် ဈေးနှုန်းကျဆင်းနေသော်လည်း ပြည်တွင်းစားသုံးမှု များပြားသည့် မိုးဆန်အဟောင်းမှာ တစ်အိတ်လျှင် ကျပ် ၃၀၀၀၀ အထက်ဖြင့် ပုံမှန်အတိုင်း ရောင်းဝယ်နေကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နွေဆန်သစ် ရောင်းဝယ်ရေး ရာသီတွင် တရုတ်ဝယ်လက် များပြားခြင်းနှင့် ပြည်တွင်းဝယ်လက် များပြားခြင်းများကြောင်း တစ်အိတ်လျှင် ကျပ်၂၆၅၀၀ ခန့်ထိ ပေါက်ဈေးရှိခဲ့ကြောင်းလည်း ဒေသခံ ကုန်သည်များက ပြောကြားသည်။  မြစ်ဝကျွန်းပေါ်ဒေသမှ ပခုက္ကူ ဆန်ဈေးကွက်သို့ နွေဆန်သစ်တင်ပို့မှု လျော့နည်းသွားပြီ ဖြစ်သည့်အတွက် ပခုက္ကူ ဆိပ်ကမ်းတွင် ဆန်မော်တော် ဝင်ရောက်မှု သိသာစွာ နည်းပါးသွားပြီး ကုန်တင်ကုန်ချ လုပ်သားများ ဝင်ငွေ လျော့ကျသွားကြောင်း သိရသည်။“အရင် ဆန်မော်တော် အဝင်များတုန်းက တစ်နေ့ကို ခြောက်ထောင်ကျော်လောက် ရတယ်။ ရှိသမျှ အလုပ်သမား အဖွဲ့တွေ မနားရဘူး။ ဆိပ်ကမ်းမှာ ကပ်စရာနေရာ မရှိလို့ မော်တော်ချင်းထပ်ပြီး ကပ်ရတယ်။ အခု ဆိပ်ကမ်းမှာ မော်တော်က နှစ်စင်း တစ်ခါတစ်လေ သုံးစီး အဲလောက်ပဲ ရှိတယ်။ ဝင်ငွေကလည်း တစ်ရက်မှ တစ်ထောင်လောက် ဝင်တယ်” ဟု ပခုက္ကူဆိပ်ကမ်းမှ ကုန်တင်ချ လုပ်သားတစ်ဦးက ပြောကြားသည်။ဆန်သစ်ပေါ်ချိန်များတွင် မြစ်ဝကျွန်းပေါ် ဒေသမှ ပခုက္ကူမြို့သို့ ဆန်တင်ပို့မှု များပြားခြင်းကြောင့် ပခုက္ကူဆိပ်ကမ်းတွင် နေရာ မလုံလောက်မှု ကြုံတွေ့ရပြီး မော်တော်များမှာ ကုန်စည်တင်ချ ပြုလုပ်ရန် ၁၀ ရက်ခန့်ထိ စောင့်ဆိုင်းရကြောင်း သိရသည်။မကြာမီ ပခုက္ကူ ဆန်ဈေးကွက်အတွင်း မိုးဆန်သစ်များ ဝင်ရောက်လာမည်ဖြစ်ပြီး မိုးဆန်သစ် ဝင်ရောက်ချိန် မြစ်ရေနည်း ကာလတွင် ဧရာဝတီမြစ်အတွင်း သဲသောင်များ ပေါ်ထွန်းမှု များပြားခြင်းနှင့် ရေအနက်တိမ်ခြင်းများကြောင့် မော်တော်များမှာ သွားလာရေး အခက်အခဲများ ကြုံတွေ့ရကြောင်း သိရသည်။ပခုက္ကူမြို့ ဆန်ဈေးကွက်သည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်တောင်းပိုင်း ဒေသများ၊ ယောဒေသများ၊ မြိုင်နှင့် ရေစကြို မြို့နယ်များမှ ဒေသခံများ အဓိကထား ဝယ်ယူနေခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရွှေဘိုဒေသထွက် ဆန်မျာအား အဓိကမှာယူ ရောင်းချရာ မြို့တစ်မြို့လည်း ဖြစ်သည်။