စိုက်ပျိုးရေးထွက်ကုန် ၁၂ မျိုးကို GAP (Good Agriculture Practice) Certificate ပေးနိုင်ရေးအတွက် သီးနှံများတွင် ရှိရမည့် စံနှုန်းများ ရေးဆွဲနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောကြားသည်။“ကျွန်တော်တို့နိုင်ငံရဲ့ စားသောက်ကုန်တွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေ အန္တရာယ် ကင်းရှင်းစေဖို့ မြန်မာ GAP Standard ကို စတင် အကောင်အထည် ဖော်နေပါတယ်။ အရေးကြီးတဲ့ စားသောက်ကုန်တွေ ဖြစ်တဲ့ အစားအစာနှင့် ဟင်းသီးဟင်းရွက်တွေမှာ မြန်မာ GAP Certification ကိုစပြီး ဆောင်ရွက်တဲ့ အခါ ပြီးခဲ့တဲ့နှစ်က စပြီး သရက်သီးမှာ GAP Certificate ပေးနိုင်တဲ့အဆင့် ရောက်ပါတယ်။ အခုလည်းပဲ ကျွန်တော်တို့က ဆက်ပြီးတော့မှ ကျွန်တော်တို့နိုင်ငံရဲ့ အဓိက စားသောက်ကုန်ဖြစ်တဲ့ စိုက်ပျိုးရေး ထွက်ကုန် ၁၂ မျိုးကို GAP Certification Process ကို သွားနိုင်ဖို့အတွက် GAP Protocol မှာပါရမယ့်၊ သီးနှံတွေမှာ ရှိရမယ့် စံနှုန်းတွေကို ရေးဆွဲလျက် ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးအောင်က ပြောကြားသည်။ထို့ပြင် အဓိက စားသောက်ကုန်များ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အတွက်လည်း GAP Protocol ရေးဆွဲနေပြီး Certification ပေးနိုင်ရေးအတွက် တစ်နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။“ဖေဖော်ဝါရီမှာ GAP Protocol ဆွဲပြီးရင် Certification Process ကို တစ်နှစ်လောက် အချိန်ယူရမှာ ဖြစ်ပါတယ်။ ဘာတွေ လုပ်ရလဲဆိုတော့ သူရဲ့ Sample တွေ ယူရတာရှိတယ်။ နောက် တောင်သူတွေရဲ့ ပတ်ဝန်းကျင်၊ လုပ်သားတွေရဲ့ အန္တရာယ်ကင်းရှင်းရေး ကိစ္စတွေ ရှိတယ်။ သူ့ရဲ့ ထုတ်ကုန်တွေ အန္တရာယ်ကင်းရေးတွေ ရှိတယ်။ အချိန်ဘယ်လောက် ယူရမလဲ ဆိုရင် ဒီ Process က တောက်လျှောက် လုပ်နေရမယ်။ နိုင်ငံတကာ ဈေးကွက်ကို မိသည်အထိက သူတို့ ကြိုက်တဲ့ ဈေးကွက်ထိအောင် သွားရမှာ ဖြစ်ပါတယ်” ဟု ဦးလှမြင့်အောင်က ပြောကြားသည်။ထို့ပြင် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နေသော သစ်သီးဝလံများဖြစ်သည့် သရက်သီး၊ ကျွဲကောသီး၊ နဂါးမောက်သီး၊ ဖရဲသီး၊ သခွားသီး စသည်တို့နှင့် ဟင်းသီးဟင်းရွက်များထဲမှ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်နှင့် ငရုတ်သီး စသည်တို့ကိုလည်း GAP Protocol ရေးဆွဲကာ Certificate ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။နေပြည်တော် Lake Garden ဟိုတယ်တွင် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေးတွင် အများအားဖြင့် သမားရိုးကျ စိုက်ပျိုးထုတ်လုပ်လေ့ ရှိကြောင်း၊ နိုင်ငံခြားဈေးကွက်ကို ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး ပုဂ္ဂလိက၊ အစိုးရနှင့် လယ်သမား စသည်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
စိုက်ပျိုးရေးထွက်ကုန် ၁၂ မျိုးကို GAP Certificate ပေးနိုင်ရေး သီးနှံများတွင် ရှိရမည့် စံနှုန်းများ ရေးဆွဲနေ