လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့မှာ နိုင်ငံရေးဆွေးနွေးမှုများတွင် ဦးစားပေးဆွေးနွေးရမည့်အချက်များ ဖြစ်နေဟု တိုင်းရင်းသားပါတီအချို့ ပြောကြား

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့မှာ နိုင်ငံရေးဆွေးနွေးမှုများတွင် ဦးစားပေးဆွေးနွေးရမည့်အချက်များ ဖြစ်နေဟု တိုင်းရင်းသားပါတီအချို့ ပြောကြား
Published 7 November 2016
ဇာလီမြင့်ဦး

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့မှာ နိုင်ငံရေးဆွေးနွေးမှုများတွင် ဦးစားပေးဆွေးနွေးမည့် အချက်များဖြစ်ဟု တိုင်းရင်းသားပါတီများမှ တာဝန်ရှိသူအချို့က သုံးသပ်ပြောကြားသည်။
 
“နိုင်ငံရေး ဆွေးနွေးမှုတွေအတွက်  မျှော်မှန်းထားတာတွေကတော့ အများကြီးရှိတယ်။ အဓိက ကတော့ ဒီဖက်ဒရယ်ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပါပဲ။ ဒါတွေ ကျော်လွှားနိုင်မှ ကျန်တာတွေ ဆက်လုပ်ဖို့ လွယ်ကူမယ်။ ဖက်ဒရယ်ဆိုတာလည်း ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ အကြောင်းပြောကြဖို့ အဓိက ထားပါတယ်။ ဒီကိစ္စကို နိုင်ငံတော်အဆင့် ဆွေးနွေးမှုတွေမှာ ညှိနှိုင်းကြဖို့ ဒါကိုပဲ ကျွန်တော်တို့ အဓိကပြောလိုပါတယ်” ဟု ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက ပြောကြားသည်။ 
 
စက်တင်ဘာလဆန်းက ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေး၏ သဘောတူညီချက်အရ ထပ်မံပြုလုပ်မည့် ညီလာခံမတိုင်မီ ကြားကာလ ခြောက်လတွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးများကို ပြုလုပ်သွားရမည် ဖြစ်သည်။ ပြီးခဲ့သည့် UPDJC အစည်းအဝေး ဆုံးဖြတ်ချက်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ နေရာ၊ အဆင်သင့်ဖြစ်နေသည့် နေရာများတွင် ဦးစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
 
ချင်းတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အချိန်မှာ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်လာနိုင်အောင် ဘယ်လိုလုပ်နိုင်မလဲပေါ့။ ဒါကလည်း အရေးပါပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တက်လှမ်းရမယ့် အဆင့်တွေက အများကြီးပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေးတွေပေါ့။ ဒါတွေ ပါဝင်သင့်တယ်။ အခုကတော့ နောက်ညီလာခံတွေအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ဘူးဆိုရင်တော့ အဖွဲ့အစည်းအတော်များများ ကျန်ခဲ့မယ်။  
တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုလို့ရှိရင် တိုက်ပွဲကိစ္စပဲ ဖြေရှင်းနေရတော့ ဆွေးနွေးမှုဘက်ကို အာရုံမရောက်နိုင်ဘူးပေါ့။ အဲဒါကြောင့်မို့လို့ တိုက်ပွဲတွေ မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ ဒီအကြောင်းအရာကလည်း ဆွေးနွေးပွဲမှာ အဓိက အဖြေရှာသင့်တယ်” ဟု ပြောကြားသည်။ 
 
နိုင်ငံရေးဆွေးနွေးမှုများတွင်  ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် နောက်တစ်ဆင့်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဒီကိစ္စကတို့မှာ အင်မတန် အရေးကြီးကြောင်းနှင့်  ဖွဲ့စည်းပုံကို မပြင်နိုင်သရွေ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို မိမိတို့အနေဖြင့် သွားလို့ရမည် မဟုတ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း ရမည်မဟုတ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး မရှိပါက အခြားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ဇောက်ချလုပ်နိုင်မည် မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။ 
 
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ဟူ၍ ပုံသဏ္ဌာန် သုံးမျိုးဖြင့် ပြုလုပ်မည်ဖြစ်ကာ နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍ စသည်တို့နှင့် ပတ်သက်သည့် ခေါင်းစဉ်ခွဲ ၁၀ ကို အဆိုပါ ဆွေးနွေးပွဲများတွင် ခွဲဝေဆွေးနွေးသွားမည်ဖြစ်ကြောင်း UPDJC တာဝန်ရှိသူများထံမှ သိရသည်။                 

Most Read

Most Recent