အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အောင်မြင်မှုရရှိနေတဲ့ ဒီဇိုင်နာ Steven Oo ရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ

အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အောင်မြင်မှုရရှိနေတဲ့ ဒီဇိုင်နာ Steven Oo ရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ
Published 20 October 2016
နှင်းဝေေ၀နွယ်

ဒီတစ်ပတ်အတွက် ငယ်ဘဝဖြတ်သန်းရာ ကဏ္ဍမှာတော့ မြန်မာနိုင်ငံမှာမွေး၊ မြန်မာပြည်မှာကြီးပြင်းပြီး အမေရိကန် Brand တစ်ခုဖြစ်တဲ့ One Grey Day Brand ကို စတင်ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်နာ Steven Oo  ရဲ့ငယ်ဘဝအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ဒီဇိုင်နာ Steven Oo ကို ၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖခင်ဦးမောင်မောင်လင်း၊ မိခင်ဒေါ်သန်းသန်းကနေ ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။ မြန်မာနာမည်ကတော့ သန်းနိုင်ဦးဖြစ်ပြီး ညီတစ်ယောက်၊ ညီမတစ်ယောက် ရှိတယ်လို့သိရပါတယ်။ငယ်စဉ်က ရန်ကုန်မြို့ ဒဂုံ (၁) ကျောင်းမှာ (၈)တန်းအထိ ပညာသင်ယူခဲ့ပါတယ်။

“မြန်မာပြည်မှာ ကျောင်းတက်တုန်းက ကျွန်တော်က စာသိပ်မတော်ဘူး။ ဒါပေမဲ့ အရမ်းကြီးလဲ အဆိုးမဟုတ်ဘူး။ ၁၀၀ ပေးမယ် ဆိုရင် ၉၁၊ ၉၂ လောက်ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကျွန်တော့်အမေအတွက် မလုံလောက်ဘူး။ အမြဲတမ်းအိမ်ပြန်သွားပြီး အမှတ်ပြရင် ၉၁၊ ၉၂ အမေက နင့်ထက်ပိုရတဲ့သူ ရှိတယ်မဟုတ်လား ဘာဖြစ်လို့ တစ်မရတာလဲ၊ အမြဲအဲဒီလိုပြောတယ်။ အရမ်းမကျေနပ်ဘူး။ Pressure အရမ်းပေးတယ်။ ကျွန်တော်အခုထက်ထိ အဲဒီအကျင့်ကြီးက ရှိနေပြီး အမြဲတမ်း တစ်လိုချင်နေတတ်တယ်” လို့ သူ့ရဲ့မြန်မာပြည်မှာ ကျောင်းတက်စဉ် ငယ်ဘဝအမှတ်တရကို ပြောပြပါတယ်။
Steven Oo က မြန်မာနိုင်ငံမှာ ရှစ်တန်းအထိ တက်ရောက်ပြီး နောက်မှာတော့ စင်ကာပူနိုင်ငံမှာ ပညာဆက်လက် သင်ယူခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ အမေရိကန်နိုင်ငံသို့ မိသားစုနဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ စင်ကာပူမှာတစ်နှစ် Private School တက်ခဲ့ပြီး အစိုးရကျောင်းကို နှစ်ဝက်ခန့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် အမေရိကန်နိုင်ငံမှာ High School တက်ရောက်ခဲ့ပြီးနောက် UC Berkeley ရှိ College မှာ စီးပွားရေးမေဂျာကို တက်ရောက်ခဲ့ပါတယ်။

နိုင်ငံခြားမှာ ကျောင်းတက်စဉ်ကာလ အတွင်း Steven Oo ဟာသင်္ချာဘာသာမှာ ကျွမ်းကျင်ခဲ့ပြီး ငယ်စဉ်က မြန်မာနိုင်ငံမှာ နေခဲ့သောကြောင့် သင်္ချာဘာသာ ကျွမ်းကျင်ရခြင်း ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
Steven Oo ဟာ အမေရိကန်နိုင်ငံမှာ စီးပွားရေးမေဂျာကို တက်ရောက်နေရင်းနဲ့ ဒီဇိုင်းဘာသာရပ်ကို စိတ်ဝင်စားခဲ့ပြီး UC Brekely နဲ့ဒီဇိုင်း College ကိုလည်း အပြိုင် တက်ရောက်ခဲ့ပါတယ်။ အဲဒီလို တက်ရောက်ခဲ့တာနဲ့ ပတ်သက်လို့ Steven Ooက “အဲဒီတုန်းက ရူးသလိုလိုပဲ ဖြစ်တော့မယ်။ စစတက်တုန်းကဆိုရင် အိမ်ကိုတောင် မပြောရဲဘူး။ကျွန်တော်ရူးသွားပြီလို့ သူတို့ထင်မှာစိုးလို့။ကျောင်းပြီးသွားတော့ ကျွန်တော်အလုပ်ရှာတယ်။ Finance နဲ့ပတ်သက်တဲ့အလုပ်ကိုရှိတယ်။ ကျွန်တော်အလုပ်ရတော့ ကျွန်တော် အိမ်ကိုပြတယ်။ဒါပေမဲ့ ကျွန်တော် Fashion ကျောင်းသွားတက်ချင်တယ်။ Berkeleyမှာ ပြီးပြီးတော့ အလုပ်မရလို့ Fashionကျောင်း တက်တယ်ထင်မှာစိုးလို့ အလုပ်အရင်ရအောင် ရှာပြတယ်။ ဒါပေမဲ့ မလုပ်ဘူးဆိုပြီး ပြောလိုက်တယ်။ အိမ်ကို အဲဒီတုန်းက ကျွန်တော့ အဖေလုံးဝသဘောမတူဘူး။ Fashion က မိန်းမအလုပ် မင်းနဲ့မဆိုင်ဘူးဆိုပြီး အပြင်းအထန် ကန့်ကွက်တယ်။ ကျွန်တော်အရမ်း စိတ်နာခဲ့တယ်။ ဒါပေမဲ့ ကျေးဇူးလဲတင်တယ်။ ကျွန်တော့် အဲဒီစကားတွေကြောင့် အရမ်းကြိုးစားခဲ့တယ်။ ဒီ ဒီဇိုင်နာလောကထဲကို ရောက်လာတော့ အကြီးမားဆုံးအခက် အခဲကကတော့ အဖေပါပဲ”လို့  ပြောပါတယ်။

နိုင်ငံခြားတွင် ကျောင်းတက်နေစဉ် ကာလအတွင်းတွင်လည်း မိသားစုထံမှ ငွေကြေး တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ ကျောင်းပြီးဆုံးအောင ်တက်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒီဇိုင်းလောကထဲကို စရောက်စဉ်က Stevev Oo မှာ အသက် ၂၁ နှစ် အရွယ်ဖြစ်ပြီး ပထမဆုံးအနေဖြင့် BCBG Company တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ One Grey Day Brand ကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ခဲ့ပါတယ်။ ဒီဇိုင်းတစ်မျိုးကို အနည်းဆုံးအထည် ၁၀၀ ကနေ အများဆုံး အထည်နှစ်သောင်းကျော်အထိ ထုတ်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

“အခု ကျွန်တော် ကိုယ်ပိုင်စီးပွားရေးလုပ်တာ ခြောက်နှစ်ရှိပြီဆိုတော့ ကုန်တိုက်တွေနဲ့လည်း တွဲလုပ်လာရတာတွေ များလာတယ်။ အရင်တုန်းကဆိုရင် ဆိုင်သေးလေး တွေကိုပဲဖြန့်ရတယ်။ စစချင်းလုပ်တုန်းက တစ်နှစ်ကို ဒေါ်လာတစ်သိန်းလောက်ရရင် အရမ်းပျော်တယ်။ ဒီဇိုင်းတစ်မျိုးကို အထည် ၁၀၀ လောက်ထုတ်ရရင်ကို အရမ်းပျော်နေ တတ်တယ်”လို့ Steven Oo ကပြောပါတယ်။
ဒီဇိုင်းလောကထဲ စဝင်ခါစ ဆန်ဖရန်စစ္စကိုမှာ Design နဲ့ပတ်သက်ပြီး Master တက်ရောက်စဉ် New York Fashion Week မှာပြသဖို့ ရွေးခံရတဲ့ ဒီဇိုင်နာ ခြောက်ဦးမှာ Steven Oo လည်းပါဝင်ခဲ့ပြီး အဲဒီလို ပါဝင်ခဲ့ရတာဟာ သူ့ရဲ့အကြီးမားဆုံးသော ပျော်ရွှင်မှု၊ အမှတ်တရရှိမှု ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ငယ်စဉ်က တိရစ္ဆာန် အထူးကုဆရာဝန် တစ်ဦးဖြစ်ချင်ခဲ့တဲ့ Steven Oo ဟာ“ ကျွန်တော် ငယ်ငယ်ကတည်းက တိရစ္ဆာန်တွေကို အရမ်းချစ်တယ်၊ အဲဒါကြောင့် တိရစ္ဆာန်အထူးကု ဆရာဝန်ဖြစ်ချင်တယ်။ ဒါပေမဲ့ မရည်ရွယ်ဘဲနဲ့ ဒီလမ်းကြောင်းထဲ ရောက်လာခဲ့တယ်။ အဲဒါကြောင့် လူငယ်တွေကို ကျွန်တော်ပြောချင်တာက ရည်ရွယ်ချက်ကြီးတွေ ဖြစ်မလာဘူးဆိုရင် စိတ်မပျက်နေနဲ့၊ အရေးကြီးတာက ကိုယ်ဘာလုပ်တာကို ပျော်လဲ။ ကိုယ်ပျော်တာကို လုပ်တာက ပိုပြီးတော့ အောင်မြင်တယ်။ ပိုပြီးတော့ထူးခြားတယ်။ အဲဒါအရေးကြီးဆုံးပါ” လို့ ပြောပါတယ်။

ဒီဇိုင်နာ Steven Oo ရဲ့ ဒီဇိုင်းတွေက ကမ္ဘာကျော် အနုပညာရှင်များဖြစ်တဲ့ Taylor Swift ၊ Jessica Alba စတဲ့ အနုပညာရှင်များအပြင် တရုတ်နိုင်ငံမှ အနုပညာရှင်များ စတဲ့အနုပညာရှင်တွေပါ ဝတ်ဆင်လေ့ရှိကြောင်းကို ဒီဇိုင်နာ Steven Oo မှ “ကျွန်တော်သူတို့ကို ပိုက်ဆံပေးပြီး ဝတ်ခိုင်းတာ မဟုတ်ပါဘူး။သူ့ဘာသာသူ ဝယ်ဝတ်ကြတာဆိုတော့Taylor Swift ဆို ဝတ်သွားတာ ကျွန်တော်အရမ်းပျော်တယ်။နောက် Jessic Alba ဆိုလည်း အများကြီးပဲသူဝတ်တယ်။ နောက် Chinese Movie တွေမှာလည်း ကျွန်တော့ဒီဇိုင်းကို ဝတ်ကြတယ်။အဲဒီလိုမျိုး ကမ္ဘာကျော်တဲ့ အနုပညာရှင်တွေ ဝတ်ဆင်ကြတာကို ကျွန်တော်အရမ်း ပျော်ပါတယ်” လို့ Steven Oo ကပြောပါတယ်။
Designer Steven Oo က သူရဲ့ သိုးမွှေး ဒီဇိုင်းစက်ရုံကို ရှန်ဟိုင်းမှာ ဖွင့်လှစ်ထားပြီး သူ့ရဲ့One Grey Day ကုမ္ပဏီကို အမေရိကန် နိုင်ငံ Los Angeles မှာဖွင့်လှစ်ထားပါတယ်။မြန်မာနိုင်ငံမှာတော့ ဆိုင်ခွဲအနေနဲ့ ၀၀:၅၅ အမည်နဲ့ဆိုင်ခွဲ ဖွင့်လှစ်ထားပါတယ်။

“ကျွန်တော် နောက်ဆုံးအနေနဲ့  လူငယ်တွေကို ပြောချင်တာက အလုပ်တစ်ခုလုပ်မယ်ဆိုရင် မာနမထားနဲ့။ ဆက်ဆံရေးပိုင်းကလည်း အရမ်းလိုအပ်တယ်။ ကိုယ့်ဘာသာကိုယ် အရည်အချင်း ဘယ်လောက်ရှိရှိ မာနထားနေမယ်ဆိုရင် ဘယ်သူမှ မကူညီပေးပါဘူး။ နောက် ပိုက်ဆံရှိတိုင်း အရာအားလုံးဖြစ်မယ်လို့ မမျှော်လင့်ပါနဲ့။ မျှော်လင့်ချက်တွေလည်း အများကြီးမထားပါနဲ့။ ကိုယ်ဘာလုပ်ရင် ပျော်လဲဆိုတာကို အရင်စဉ်းစား၊ ကိုယ်ပျော်တဲ့ အလုပ်ကို သေချာလုပ်စေချင်ပါတယ်” လို့ ပြောချင်ပါတယ်။
Designer Steven Oo ကတော့ သူနှစ်သက်တဲ့ သိုးမွေးဒီဇိုင်နာ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ပြီး အသစ်အသစ်သော တီထွင်ဖန်တီးမှုတွေကို ဖန်တီးသွားမှာဖြစ်တယ်လို့ ပြောကြားရင်း ငယ်ဘ၀ ကဏ္ဍလေးခေတ္တ ရပ်နားလိုက်ရပါတယ်။

Most Read

Most Recent