မြန်မာ့ဘတ်ဂျက် ပွင့်လင်းမြင်သာမှုကို RI မှ ပေးမှတ် ၁၀၀ ဖြင့် တန်ဖိုးဖြတ်ရာတွင် ပွင့်လင်းမြင်သာမှု နှစ်မှတ်၊ လူထုပါဝင်မှု ခြောက်မှတ်၊ လွှတ်တော်၏ ကြီးကြပ်မှု ၂၇ မှတ်နှင့် စာရင်းစစ်ကြီးကြပ်မှု ၂၅ မှတ်သာရရှိ

မြန်မာ့ဘတ်ဂျက် ပွင့်လင်းမြင်သာမှုကို RI မှ ပေးမှတ် ၁၀၀ ဖြင့် တန်ဖိုးဖြတ်ရာတွင် ပွင့်လင်းမြင်သာမှု နှစ်မှတ်၊ လူထုပါဝင်မှု ခြောက်မှတ်၊ လွှတ်တော်၏ ကြီးကြပ်မှု ၂၇ မှတ်နှင့် စာရင်းစစ်ကြီးကြပ်မှု ၂၅ မှတ်သာရရှိ
Published 17 October 2016
ဖြိုးဝေ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စီးပွားရေး ကော်မတီ အဖွဲ့ဝင်များနှင့် ပညာရှင်များ ပါဝင်ဖွဲ့စည်းထားပြီး လက်ရှိအစိုးရ၏ ဦးစားပေး မူဝါဒများဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးများကို ကူညီပံ့ပိုးနေသည့် Renaissance Institute မှ မြန်မာ့ဘတ်ဂျက် ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ တန်ဖိုးဖြတ်ရာတွင် ပွင့်လင်းဘတ်ဂျက် ပေးမှတ် ၁၀၀ ဖြင့် တန်ဖိုးဖြတ်ရာတွင် ပွင့်လင်းမြင်သာမှု နှစ်မှတ်၊ လူထုပါဝင်မှု ခြောက်မှတ်၊ လွှတ်တော်၏ ကြီးကြပ်မှု ၂၇ မှတ်နှင့် စာရင်းစစ်ကြီးကြပ်မှု ၂၅ မှတ်သာ ရရှိကြောင်း RI မှ ထုတ်ပြန်သည့် ဘတ်ဂျက်လုပ်ငန်းစဉ်တွင် အားလုံးပါဝင်ခွင့် ရစေမည့် ပြုပြင်ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံအတွက် မူဘောင်စာတမ်းအရ သိရသည်။
ပွင့်လင်းဘတ်ဂျက်စစ်တမ်း ပေးမှတ်အရ ပွင့်လင်းမြင်သာမှုတွင် နှစ်မှတ်သာရခဲ့ခြင်းမှာ ယခင်က မြန်မာနိုင်ငံသည် ဘတ်ဂျက်လုပ်ငန်းစဉ်၏ လက္ခဏာ မှန်သမျှနှင့် ပတ်သက်သည့် အချက်အလက်များကို ရံဖန်ရံခါသာ အသိပေး ချပြတတ်ခြင်းနှင့် အစိုးရအနေနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု မဟာဗျူဟာများကို အစိုးရ မဟုတ်သော သက်ဆိုင်သူများကို ရှင်းပြရန် အဖွဲ့ဆိုင်ရာ လုပ်ငန်းစဉ် အနည်းငယ်သာ ရှိခဲ့ခြင်းကြောင့် ရမှတ်နှစ်မှတ်သာ ရရှိခဲ့သည်။
လူထုပါဝင်မှု၌ ဘတ်ဂျက်ရေးဆွဲသည့် လုပ်ငန်းစဉ်တွင် လူထုပါဝင်ရန် အခွင့်အလမ်း မရှိသလောက် ဖြစ်နေသည်။ လူထုပါဝင်မှုအား မပေးသော ကာလရှည် ဓလေ့ကြောင့် ဖြစ်နေပြီး ၂၀၁၅ ခုနှစ် UNDP စစ်တမ်းအရ ပြည်သူ သုံးပုံတစ်ပုံနီးပါးက အစိုးရနှင့် ပတ်သက်သည့် ထင်မြင်ချက်ကို ပြောရာတွင် သတိထားရသည်ဟု ပြောကြားခဲ့ကြပြီး ပြည်သူလေးပုံ တစ်ပုံက ၎င်းတို့အမြင်ကို လူသိရှင်ကြား ထုတ်ပြောရန် လွတ်လပ်ခွင့် မရှိဟု ယူဆကြောင်း ဖြေကြားခဲ့ခြင်း စသည့်အခြေအနေများအတွက် လူထုပါဝင်မှု ခြောက်မှတ်သာ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လွှတ်တော်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နေပြီဖြစ်ပြီး လွှတ်တော်များအတွက် ဘတ်ဂျက်လုပ်ငန်းစဉ်သည် အသစ်အဆန်း ဖြစ်နေသောကြောင့် ပြည်ထောင်စု အဆင့်နှင့် အောက်အဆင့် လွှတ်တော်နှစ်မျိုးစလုံးကို သင်တန်းပေးခြင်းသည် အရေးကြီးသော တာထွက်မှတ်ဖြစ်သည်။ လွှတ်တော်များ ဘတ်ဂျက်ကို ကောင်းစွာနှံ့စပ် ကျွမ်းကျင်လာပါက လူထုထံမှပြန်လာသော ထင်မြင်ချက်များကို ထပ်ဟပ်ပြောကြား လာနိုင်မည်ဖြစ်ပြီး လက်ရှိတွင်မူ လွှတ်တော်၏ ကြီးကြပ်နိုင်မှုမှာ ရမှတ် ၁၀၀ တွင် ၂၇ မှတ်သာရှိနေသည်။
စာရင်းစစ်ကြီးကြပ်မှုတွင် ရမှတ် ၂၅ မှတ်သာ ရရှိထားသော်လည်း လက်ရှိတွင် စာရင်းစစ်ချုပ်ရုံး၏ စွမ်းရည်ကို တည်ဆောက်နေပြီဖြစ်ပြီး ၎င်းတို့၏ အလုပ်တွင် လူထုပါဝင်နိုင်မည့် ကွဲပြားသော စနစ်များလည်း ရှိလာမည်ဟု စာတမ်းက ဖော်ပြသည်။
မြန်မာနိုင်ငံ၏ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုတွင် လက်ရှိညွှန်းကိန်းများမှာ အနိမ့်ဆုံး ဖြစ်နေပြီး ပြည်သူများ ပါဝင်နိုင်သည့် ဘတ်ဂျက်ဖြစ်စေရန် အစိုးရက စတင်လုပ်ဆောင်ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ  စီးပွားရေး ကော်မတီအဖွဲ့ဝင်နှင့် RI မှ ဦးမျိုးမြင့်က ပြောကြားသည်။