လူငယ်တွေ လျှောက်သောလမ်း

လူငယ်တွေ လျှောက်သောလမ်း
ရန်ကုန်မြို့တွင် ပြုလုပ်သည့် တေးဂီတဖျော်ဖြေပွဲတစ်ခုသို့ လာရောက် ကြည့်ရှုအားပေးသည့် လူငယ်ပရိသတ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)
ရန်ကုန်မြို့တွင် ပြုလုပ်သည့် တေးဂီတဖျော်ဖြေပွဲတစ်ခုသို့ လာရောက် ကြည့်ရှုအားပေးသည့် လူငယ်ပရိသတ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)
Published 14 October 2016
သဲသီရိကျော်

ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း မတူညီကြသလို မတူညီတဲ့ မျိုးရိုးဗီဇတွေကနေ ပေါက်ဖွားရှင်သန်လာကြရတဲ့ လူငယ်တွေအတွက် သူတို့တစ်ဦးချင်းစီရဲ့ လျှောက်လှမ်းရာ လမ်းကြောင်းချင်း၊ သူတို့ရဲ့ ရွေးချယ်မှု၊ ခံယူချက်၊ စိတ်ဓာတ် စဉ်းစားတွေးခေါ်မှုပုံစံနဲ့ ဝါသနာ၊ ရည်မှန်းချက်တွေကလည်း မတူညီနိုင်ကြပါဘူး။လူငယ်ဘဝက လူတိုင်းမဖြစ်မနေ ဖြတ်သန်းနေကြရ၊ ဖြတ်သန်းခဲ့ကြရတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ အသက် ၁၈ နှစ်ကနေ အသက် ၄၀ အတွင်းကို လူငယ်အဖြစ် သတ်မှတ်ကြတယ်လို့ သိရပါတယ်။ လူငယ်ဘဝက လူ့ဘ၀ တစ်သက်တာမှာ စိတ်ဓာတ်ခွန်အားရော အလုပ်လုပ်ဆောင်နိုင်မှု စွမ်းရည်ခွန်အားအရာမှာပါ အားအပြည့်ဆုံး အချိန်ကာလတစ်ခုလည်း ဖြစ်ပါတယ်။ကလေးဘဝကနေ လူငယ်ဘဝကို စတင် ပြောင်းလဲလာချိန်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုး ပြောင်းလဲမှုနဲ့အတူ စိတ်ခံစားမှုတွေ၊ စဉ်းစားတွေးခေါ်မှု အသိဉာဏ်တွေကလည်း လိုက်ပါ ပြောင်းလဲလာပါတယ်။ မိဘတွေရဲ့ ဆုံးမသွန်သင်မှု၊ အုပ်ထိန်းမှု၊ ကိုယ်ရှင်သန်ရာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကိုလိုက်ပြီး လူငယ်တစ်ယောက် ဖြစ်လာချိန်မှာ ကိုယ့်ရဲ့နေထိုင်မှု ပုံစံ၊ စဉ်းစားတွေးခေါ်မှု ပုံစံတွေကလည်း လိုက်ပါ ပြောင်းလဲလာပါတယ်။ ငယ်စဉ်ကလေးဘဝမှာ မိဘအုပ်ထိန်းသူတွေရဲ့ ထိန်းချုပ်ပြောဆိုမှုတွေအောက်မှာ သူတို့ပြောတဲ့အတိုင်း လိုက်ပါနေထိုင်ခဲ့ပေမယ့်လည်း လူငယ်ဘဝကို ရောက်ရှိလာတဲ့ အချိန်မှာတော့ လူငယ်ပီပီ လေ့လာစူးစမ်းလိုစိတ်၊ တစ်ခုခုဆိုရင် ကိုယ်တိုင်စမ်းသပ်လိုစိတ်၊ စွန့်စားလိုစိတ်တွေ ရှိလာတတ်ကြပါတယ်။ အဲဒီလို ပြောင်းလဲလာမှုတွေနဲ့အတူ မိဘအုပ်ထိန်းသူတွေ၊ လူကြီးတွေနဲ့ လူငယ်တွေကြားမှာ အမြင်မတူတာတွေ ရှိလာပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ပြောင်းလဲလာခြင်းနဲ့အတူ ပတ်ဝန်းကျင်အပေါ် ရှုမြင်ပုံတွေကလည်း ပြောင်းလဲလာတတ်ပါတယ်။ လူငယ်တစ်ယောက်မှာ အားမာန်တွေ၊ ခွန်အားတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ၊ စွန့်စားလိုစိတ်တွေ၊ စမ်းသပ်လိုစိတ်တွေ၊ တစ်ခုခုဆို သွက်လက်တက်ကြွစွာ မြန်မြန်ဆန်ဆန် စဉ်းစားဆုံးဖြတ် လုပ်ဆောင်နိုင်မှု စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီလူငယ်တစ်ယောက်ရဲ့ စွမ်းရည်တွေကို ကောင်းမွန်တဲ့ဘက်မှာ အသုံးချပြီး ကိုယ့်ဘဝကို တိုးတက်အောင်မြင်အောင် ကြိုးစားသွားနိုင်တဲ့ လူငယ်တွေ ရှိသလို တလွဲအသုံးချပြီး လမ်းမှားကို ရောက်ရှိသွားတဲ့ လူငယ်တွေလည်း များစွာ ရှိနေပါတယ်။“ကလေးဘဝကနေ လူငယ်တစ်ယောက် ဘဝကို စတင်ပြောင်းလဲတဲ့ အချိန်မှာ မိဘအုပ်ထိန်းသူတွေရဲ့ ထိန်းသိမ်းနိုင်မှုကလည်း သိပ်ကို အရေးကြီးပါတယ်။ အဲဒီလိုမှ မဟုတ်ရင် လမ်းကြောင်းမှားပေါ် ရောက်သွားနိုင်တယ်။ သူတို့က လောကကြီးကို စူးစမ်းလိုစိတ်၊ စမ်းသပ်လိုစိတ်တွေ ရှိနေတဲ့ အရွယ်လေ။ အသစ်အဆန်းတွေ့ရင် စမ်းသပ်ချင်တယ်။ မီးကပူတယ်လို့ လူကြီးတွေက ပြောရင်တောင်မှ ကိုယ်တိုင်ကိုင်ကြည့်ပြီး ပူတာကို ခံစားရမှ ယုံတတ်တဲ့အရွယ်ကို ရောက်လာတာကိုး။ အဲဒီတော့ အဲဒါကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာက သိပ်ကိုအရေးကြီးတယ်။ ဒီလို အပြောင်းအလဲ ကာလမှာ သူတို့ကို မိဘအုပ်ထိန်းသူတွေ၊ ဆရာ၊ ဆရာမတွေ အနေနဲ့ တဖြည်းဖြည်းချင်း နားဝင်အောင် ပြောဆိုဆုံးမ လမ်းညွှန်ပေးသင့်တယ်။ ‘ငါပြောသလို လုပ်၊ ဒီလိုပဲ လုပ်ရမယ်၊ ဒါငါ့အမိန့်’ အဲဒီလိုမျိုးတွေ အမိန့်ပေးတဲ့ပုံစံတွေ၊ အကြမ်းပတမ်း ပုံစံမျိုးတွေနဲ့ ထိန်းလို့မရဘူး။ သူတို့နားဝင်အောင်၊ ကိုယ်ပြောတာကို သူတို့လက်ခံလာအောင် ကောင်းကောင်းမွန်မွန် အကျိုးသင့် အကြောင်းသင့် ပြောဆိုဆုံးမသင့်တယ်။ သူတို့ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ခွင့် ပုံစံမျိုးတွေလည်း လုပ်ပေးသင့်တယ်။ သူတို့ကို လူရာမသွင်းတဲ့ ပုံစံမျိုး၊ ကလေးပဲ နားမလည်ပါဘူးဆိုပြီး အဲဒီလိုမျိုးတွေ လုပ်လို့မရဘူး။ သူတို့က ဒီအရွယ်မှာ သူတို့ကိုယ်သူတို့ Hero တွေလို ထင်နေတတ်တာလေ။ သူတို့ကိုယ်သူတို့ အရေးပါတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ခံချင်နေတဲ့ အရွယ်တွေဖြစ်တဲ့အတွက် ဒါကိုနားလည်ပြီး ဖေးမပြောဆိုတတ်ဖို့ လိုပါတယ်။ နောက်ပြီး စာပေအသိ၊ ဘာသာရေး အသိတရားတွေရှိအောင် လုပ်ပေးဖို့လည်း လိုတယ်။ အဲဒါတွေနဲ့ သူတို့ကို လမ်းကြောင်းမှန်ပေါ် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်အောင် နောက်ကနေ ပံ့ပိုးပေးသင့်တယ်” လို့ အထက်တန်းပြ ကျောင်းဆရာမ ဒေါ်ယဉ်ယဉ်အေးက ပြောပါတယ်။လူငယ်တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဘ၀ လမ်းခရီးကို လျှောက်လှမ်းရာမှာ မိဘအုပ်ထိန်းသူတွေ၊ ဆရာသမားတွေရဲ့ နောက်ကွယ်ကနေ ထိန်းသိမ်းစောင့်ရှောက် ပံ့ပိုးပေးမှု၊ ဆုံးမလမ်းညွှန်နိုင်မှုတွေကလည်း အရေးပါသလို အဲဒီလူငယ် ကိုယ်တိုင်ကလည်း ကိုယ်ပိုင်အသိတရားနဲ့ ထိန်းသိမ်းနိုင်မှုတွေ ရှိဖို့အတွက် စာပေကပေးတဲ့ အသိပညာ ဗဟုသုတ၊ အမှားအမှန် ခွဲခြားဆုံးဖြတ်တတ်တဲ့ အသိတရားမျိုးရှိဖို့ စာကောင်းပေမွန်တွေကို ဖတ်ရှု့ဖို့လည်း လိုအပ်ပါတယ်။ဒီနေရာမှာ ဟိုတစ်လောက အင်တာနက်မှာ ဖတ်လိုက်ရတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောပြချင်ပါတယ်။ တစ်ခါက ညီအစ်ကို နှစ်ယောက်ရှိပါတယ်။ သူတို့တွေက အရမ်းကို ဆင်းရဲနုံချာတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ကြရသလို နေ့စဉ်နဲ့အမျှ ပထွေးဖြစ်သူရဲ့ နှိပ်စက်မှုတွေ၊ ဆူပူဆဲဆိုမှုတွေအောက်မှာ နေထိုင်ရင်း ရှင်သန်ခဲ့ကြရသူတွေလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့အရွယ်ရောက်လာတဲ့အခါမှာ တစ်ယောက်က ခိုးဆိုးလုယက်မှုတွေနဲ့ အဖမ်းခံလိုက်ရပါတယ်။ အဲဒါနဲ့ သူ့ကိုတာဝန်ရှိသူတွေက မေးမြန်းစစ်ဆေးတဲ့အခါမှာ သူက သူဟာငယ်စဉ်ကတည်းက အင်မတန်မှ ဆင်းဆင်းရဲရဲနဲ့ ဘဝကို ဖြတ်သန်းခဲ့ရပြီး သူ့ရဲ့ ပထွေးကလည်း အရမ်းကိုနှိပ်စက်တဲ့အတွက် စိတ်ဆင်းရဲပြီး ကျောင်းစာလည်း မလုပ်ချင်တော့တဲ့အတွက် လုပ်ချင်ရာတွေလျှောက်လုပ်၊ လျှောက်သွားရင်း လူဆိုး၊ သူခိုးတွေနဲ့ ပေါင်းမိပြီး အခုလို အလုပ်တွေကို လုပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ သူဒီလိုဘဝမျိုး ရောက်ရတာ သူ့ပထွေးဖြစ်သူကြောင့်၊ သူ့ဘဝအခြေအနေ ဆင်းရဲခဲ့ရခြင်းတွေကြောင့်လို့ သူက ပြောပါတယ်။ တစ်ဖက်မှာတော့ တစ်ယောက်က အရွယ်ရောက်လာချိန်မှာ တက္ကသိုလ်က ပါမောက္ခတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ကိုဘယ်လိုကြောင့် တက္ကသိုလ်က ပါမောက္ခတစ်ယောက် ဖြစ်လာခဲ့ရသလဲလို့ မေးမြန်းတဲ့အခါမှာ သူက သူ့ရဲ့ပထွေးဖြစ်သူနဲ့ သူ့ရဲ့ငယ်ဘဝမှာ ဆင်းရဲချို့တဲ့ခဲ့တဲ့ ဘ၀ အခြေအနေကြောင့်လို့ပဲ ဖြေခဲ့ပါတယ်။ သူက နေ့စဉ်နဲ့အမျှ ဆူပူဆဲဆိုနေတဲ့ ပထွေးဖြစ်သူရဲ့ အနားမှာ မနေချင်တဲ့အတွက် ကျောင်းက ပြန်လာချိန်တိုင်းမှာ သူတို့ရပ်ကွက်ထဲက စာကြည့်တိုက်ကိုသွားပြီး စာတွေဖတ်နေလေ့ ရှိတဲ့အတွက် နောက်ပိုင်းမှာ စာဖတ်ရတာကို အရမ်းဝါသနာပါပြီး အချိန်ရတိုင်းမှာ ဗဟုသုတရမယ့် စာတွေကို ရွေးချယ် ဖတ်ရှုလာခဲ့ပါတယ်လို့ ပြောပါတယ်။ အဲဒီစာပေကရတဲ့ အသိတရားတွေနဲ့ပဲ သူ့ဘဝကို ဘယ်လိုရှေ့ဆက်ရမယ်၊ ဘယ်လိုစိတ်ဓာတ် ခံယူချက်မျိုး ထားရှိသင့်တယ် ဆိုတာကို သူသိမြင်လာခဲ့ပြီး ဆင်းရဲချို့တဲ့တဲ့ ဘဝအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ အတွက်လည်း သူကြိုးစားခဲ့ရင်း အခုလို အခြေအနေကို ရောက်ရှိလာခဲ့တာပဲ ဖြစ်တယ်လို့ ပြောပါတယ်။ဒီဇာတ်လမ်းလေးကနေ တူညီတဲ့ အခြေအနေ တစ်ခုကို ဖြတ်သန်းခဲ့ကြရတာချင်း တူပေမယ့်လည်း မတူညီတဲ့လမ်းကြောင်း တစ်ခုချင်းစီပေါ်မှာ ရပ်တည်နေကြရတာကို သိရှိခွင့်ရမှာပါ။ လူငယ်တစ်ယောက်ရဲ့ ဘဝမှာ မိဘအုပ်ထိန်းသူတွေ၊ ဆရာသမားတွေရဲ့ နည်းစနစ်မှန်ကန်တဲ့ လမ်းညွှန်မှုတွေက လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်အသိတရားရှိပြီး ကိုယ့်ဘဝကိုယ် အကောင်းဆုံး တည်ဆောက်နိုင်ဖို့အတွက် စာပေဗဟုသုတ အသိပညာရှိဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ဖန်တီးခွင့်မရခဲ့တဲ့ အခြေအနေ၊ ရှင်သန်ရာ အသိုင်းအဝိုင်းပေါ်မှာ အပြစ်တင်ပြီး ကိုယ့်ဘဝကိုယ် ရေစုန်မျှောပစ်လိုက်စရာ မလိုပါဘူး။ လူငယ်တွေဆိုတာ ခွန်အားတွေနဲ့ ပြည့်နှက်နေတာပါ။ စိတ်ဓာတ်ခွန်အား၊ အလုပ်လုပ်နိုင်တဲ့ ခွန်အားတွေ အရှိဆုံး အရွယ်ပါ။ ကိုယ့်ဘ၀ ကိုယ်ကိုယ်တိုင် ရွေးချယ် ဖန်တီးခွင့် ရှိပါတယ်။ ကိုယ်လျှောက်လှမ်းမယ့် လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရွေးချယ် လျှောက်လှမ်းနိုင်ပါတယ်။လူငယ်တစ်ယောက်ချင်းစီမှာ တူညီတဲ့ အရည်အချင်း ပိုင်ဆိုင်မှုတွေလည်း ရှိကြပါတယ်။ အဲဒီအရည်အချင်းတွေကို ဘယ်သူက ဘယ်လိုအသုံးချပြီး လျှောက်လှမ်းနေသလဲ ဆိုတာကသာ အဆုံးအဖြတ် ပေးသွားတာပါ။တချို့သောလူငယ်တွေက သူတို့ရဲ့ စူးစမ်းလိုစိတ်တွေ၊ စွန့်စားလိုစိတ်တွေကို အသုံးချပြီး ကိုယ်တိုင်ဘဝအတွက်ရော တခြားသူတွေ အတွက်ပါ အကျိုးရှိမယ့် အလုပ်တွေကို လုပ်ဆောင်ပေးသွားနိုင်တဲ့ လူငယ်တွေလည်း ရှိသလို အဲဒီလို စူးစမ်း စမ်းသပ်လိုစိတ်တွေကို တလွဲနေရာတွေမှာ အသုံးချရင်းစိတ်ရဲ့ စေစားရာနောက်ကိုသာ တကောက်ကောက်လိုက်ရင်း မူးယစ်ဆေးစွဲ၊ အရက်စွဲပြီး ဘာအလုပ်မှ မလုပ်နိုင်ဘဲ လမ်းကြောင်းလွဲပေါ် ရောက်ရှိသွားတဲ့ လူငယ်တွေလည်း များစွာ ရှိနေတာပါပဲ။သမိုင်းတစ်လျှောက်မှာ လူငယ်တွေက ဦးဆောင်သူတွေအဖြစ် ပါဝင်ခဲ့တာကို အားလုံးသိပြီးသား ဖြစ်မှာပါ။ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ အုပ်ချုပ်ရေးကို ဖြိုချတော်လှန်ခဲ့တာက လူငယ်တွေပါပဲ။ လူသားတွေအတွက် အကျိုးပြုနိုင်တဲ့ ပစ္စည်းတွေကို ဖန်တီးပေးနိုင်ခဲ့သူတွေကလည်း လူငယ်ဘ၀ ကတည်းက ကြိုးစား အားထုတ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ လူငယ်တွေက နိုင်ငံရဲ့ကဏ္ဍတိုင်းလိုလိုမှာ ပါဝင် ဆောင်ရွက်နေကြပါတယ်။ ဒါ့ကြောင့် တိုင်းပြည်ရဲ့ အရွေ့မှာ လူငယ်တွေရဲ့ အင်အားကလည်း မရှိမဖြစ် အရေးပါလှပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ လူငယ်တွေရဲ့ စွမ်းရည်တွေ၊ ခွန်အားတွေကို ကောင်းမွန်တဲ့ဘက်မှာသာ အသုံးချရင်း ကိုယ်တိုင်အတွက်ရော တိုင်းပြည်အတွက်ပါ ကောင်းကျိုးတွေ ပြုနိုင်ဖို့အတွက်  လူငယ်တွေ ရွေးချယ်လျှောက်လှမ်းကြတဲ့ လမ်းကြောင်းတွေ မှန်ကန်နိုင်ကြစေဖို့ ဆန္ဒပြုရင်း...။

Most Read

Most Recent