အထည်ချုပ်ပို့ကုန်ကဏ္ဍ တိုးမြှင့်ရန် မြေဈေးနှင့် ငှားရမ်းခ ကြီးမြင့်မှု၊ လုပ်သားများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များမှာ အဓိက စိန်ခေါ်မှု ဖြစ်နေဆဲဟု ဆို

အထည်ချုပ်ပို့ကုန်ကဏ္ဍ တိုးမြှင့်ရန် မြေဈေးနှင့် ငှားရမ်းခ ကြီးမြင့်မှု၊ လုပ်သားများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များမှာ အဓိက စိန်ခေါ်မှု ဖြစ်နေဆဲဟု ဆို
Published 13 October 2016
နီလာ

မြန်မာနိုင်ငံမှ အထည်ချုပ်ပို့ကုန်ကဏ္ဍ တိုးမြှင့်ရန်အတွက် မြေဈေးကြီးမြင့်မှု၊ မြေငှားရမ်းခကြီးမြင့်မှု၊ လုပ်သားများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် ဆိပ်ကမ်း၊ လျှပ်စစ်စသည့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များမှာ အဓိက စိန်ခေါ်မှု ဖြစ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။ထို့ပြင် အထည်အလိပ်ကဏ္ဍ အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်လည်း အဓိက လိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။“ဥပမာအားဖြင့် မြေဈေးကြီးနေတာတွေ ငှားရမ်းခ ဈေးကြီးနေတာတွေ ဒါတွေဟာ နိုင်ငံတကာ အဆင့်အတန်း မီဖို့အတွက် နိုင်ငံတော် အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းလုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒုတိယအချက်က လုပ်သားတွေရဲ့ အတွေ့အကြုံ၊ ထုတ်လုပ်နိုင်မှုစွမ်းအား ဒါတွေဟာ အဓိက စိန်ခေါ်ချက်တွေ ဖြစ်ပါတယ်။ တတိယ အနေနဲ့ နည်းပါးနေတဲ့ Infrastructure လို့ခေါ်တဲ့ ဆိပ်ကမ်းတွေ၊ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တွေ ဒါတွေကလည်း ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ ရှိနေတုန်းပါပဲ” ဟု ဦးမြင့်စိုးက ပြောကြားသည်။ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် မြေရှားပါးနေမှုက အခက်အခဲ ဖြစ်နေသည် ဆိုသော်လည်း အမှန်တကယ်တွင် မြန်မာနိုင်ငံတွင် ရင်းနှီးလုပ်ကိုင်ရန် မြေပေါများကြောင်း၊ သို့သော် မြေဈေး ကြီးမြင့်ခြင်း၊ ငှားရမ်းခ ကြီးမြင့်နေခြင်းသာ ဖြစ်ကြောင်း သိရသည်။“ဒီမြေဈေးကြီးရတဲ့ အကြောင်းက မြေကို လက်ဝယ်မှာထားပြီး မြေဈေးတက်အောင် စောင့်နေတဲ့ ကိစ္စရပ်တွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဥပဒေနဲ့ စာချုပ်စာတမ်းတွေမှာ ပေးမထားပါဘူး။ သို့သော်လည်း ဒါတွေ လုပ်နေကြပါတယ်။ ဒါကြောင့် မြေဈေးကြီးမှု၊ မြေငှားရမ်းခ ဈေးကြီးမှု ဒါတွေ ဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။လက်ရှိ အချိန်တွင် အထည်အလိပ်နှင့် အဝတ်အထည်ဇုန် ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတိုင်းဒေသကြီး စသည်ဖြင့် သင့်လျော်သည့် ဒေသတွင် မြေနေရာ ရရှိရေးအတွက် အစိုးရသစ်နှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။ထို့ပြင် အချို့နေရာများတွင်မူ တောင်သူများထံမှ မြေကို ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့် ဝယ်ယူသည့်အဆင့် ပြီးသွားပြီဖြစ်ကာ အဆိုပါမြေကို ဗဟိုမြေယာကော်မတီသို့ တင်ပြပြီး လယ်ယာမြေမှ အခြားမြေသို့ ပြောင်းလဲနိုင်ရေးအတွက် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။