ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ဖြစ်လာမည်

ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ဖြစ်လာမည်
Published 6 October 2016

လုံခြုံရေးကောင်စီတွင် အောက်တိုဘာ ၅ ရက်က မဲခွဲဆုံးဖြတ်မှု၌ ဗီတိုအာဏာပိုင် ငါးနိုင်ငံက ကန့်ကွက်မှု မရှိခဲ့သောကြောင့် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူ တာရက်စ်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ဖြစ်လာရန် သေချာသွားခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ဆယ်စုနှစ်တစ်ခုကျော် ဦးဆောင်ခဲ့သော ဂူတာရက်စ်သည် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၃ နိုင်ငံ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗီတာလီချာကင်က ဂူတာရက်စ်သည် အတွင်းရေးမှူးချုပ်အဖြစ် ဘန်ကီမွန်ကို ဆက်ခံမည်ဖြစ်ကြောင်း ကျန်လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၄ နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ ကြေညာခဲ့သည်။
လုံခြုံရေးကောင်စီသည် အောက်တိုဘာ ၆ ရက်တွင် ဂူတာရက်စ်အား ရွေးချယ်မှုအတွက် အတည်ပြုရန် ပုံမှန် မဲခွဲ ဆုံးဖြတ်မှုကို ဆောင်ရွက်မည်ဖြစ်သည်။ အသက် ၆၇ နှစ်အရွယ် ဆိုရှယ်လစ်နိုင်ငံရေးသမား ဂူတာရက်စ်က လူ့အခွင့်အရေး မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂကို ပြုပြင် ပြောင်းလဲမည်ဟု ကတိပြုထားသည်။
လုံခြုံရေးကောင်စီ၌ လျှို့ဝှက်မဲပေးမှုတွင် ဂူတာရက်စ်သည် ဗီတိုအာဏာပိုင် နိုင်ငံများထံမှ ထောက်ခံသည့် မဲလေးမဲ ရရှိခဲ့ပြီး “ထင်မြင်ချက်ပေးရန် မရှိ” မဲ တစ်မဲ ရရှိခဲ့ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ဖြစ်လာရန် သေချာသွားခဲ့ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ် ၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ဖူးသူ ဂူတာရက်စ်သည် အလွတ်သဘော မဲခွဲဆုံးဖြတ်မှု ငါးကြိမ်၌ ထိပ်ဆုံးနေရာကို ရရှိထားခဲ့သော်လည်း ဗီတိုအာဏာပိုင် နိုင်ငံများက ယခုကဲ့သို့ တညီတညွတ်တည်း ထောက်ခံမှုကို သံတမန်များက အံ့အားသင့်ခဲ့ကြသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးကို နိုင်ငံခြားရေး ဝန်ကြီးဟောင်း အများအပြားက ထမ်းဆောင်ခဲ့ကြဖူးပြီး ဂူတာရက်စ်သည် အတွင်းရေးမှူးချုပ် ဖြစ်လာမည့် ပထမဆုံး အစိုးရအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။ လုံခြုံရေးကောင်စီက ဂူတာရက်စ်အား တရားဝင် ထောက်ခံ အတည်ပြုပြီးလျှင် ဂူတာရက်စ်ကို အထွေထွေ ညီလာခံ၌ အတည်ပြုမှု ရယူမည် ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်မှစ၍ ငါးနှစ်သက်တမ်းကို စတင် ထမ်းဆောင်ရမည်ဖြစ်သည်။
ပြင်သစ်၊ အင်္ဂလိပ်၊ စပိန်နှင့် ပေါ်တူဂီ ဘာသာတို့ကို ကျွမ်းကျင်စွာပြောနိုင်သော ဂူတာရက်စ်အား ရွေးချယ်မှုသည် ကုလသမဂ္ဂအတွက် သတင်းကောင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး ဖရန်ဆွာဒယ်လာထရီက ပြောကြားခဲ့သည်။ ဂူတာရက်၏ အတွေ့အကြုံနှင့် အမြော်အမြင်တို့သည် အလွန်ကောင်းမွန်ပြီး အကျပ်အတည်း မျိုးစုံကို ကမ္ဘာက ရင်ဆိုင်နေရချိန်၌ ကုလသမဂ္ဂအတွက် ထက်မြက်သော ခေါင်းဆောင်တစ်ဦး လိုအပ်ကြောင်း အမေရိကန် သံအမတ်ကြီး စမန်သာပါဝါက ပြောကြားခဲ့သည်။ ပေါ်တူဂီ သမ္မတ မာဆယ်လိုရီဗယ်လို ဒူဆူဆာက ဂူတာရက်စ်အား ရွေးချယ်မှုသည် ကုလသမဂ္ဂအတွက်၊ ကမ္ဘာကြီးအတွက်နှင့် ပေါ်တူဂီအတွက် အလွန်ကောင်းမွန်သော ရွေးချယ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent