ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက် မြင့်တက်ပါက ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ပြောကြား

ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက် မြင့်တက်ပါက ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ပြောကြား
Published 5 October 2016
ဆန်းထူးအောင်၊ ထက်ရှိုင်း

ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်ပါက ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ကြောင်း အောက်တိုဘာ ၅ ရက်က ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးတွင် ပြုလုပ်သည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Habib Rab က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ငွေကြေးဖောင်းပွမှုရဲ့ သက်ရောက်မှုက နှစ်ခုဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို ကြည့်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေးဖောင်းပွမှုက ဆက်တက်ဖို့ရှိသလား၊ ရှိရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေ နည်းသွားမယ်။ အနုတ်လက္ခဏာဆောင်တဲ့ သဘောဖြစ်နိုင်တယ်။ ရင်းနှီးမြှုပ်နှံသူတွေက ဒီလိုငွေကြေး ဖောင်းပွတာ ခဏလေးပါ။ နိုင်ငံပြောင်းလဲနေတဲ့ အချိန်မှာ ဖြစ်တာပါ။ နောက်ရှေ့ဆက်သွားရင် ကြာသွားမယ့် အနေအထား ရှိရင်ကတော့ အဲဒါကို ဂရုမစိုက်ဘဲ သိသိကြီးနဲ့ မျှော်လင့်ချက်က ကောင်းတဲ့အတွက်ကြောင့် ဆက်လုပ်ရင်တော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ဖို့ မရှိပါဘူး” Habib Rab က ပြောကြားသည်။
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်မည်ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ အဆိုပြု တင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။
ငွေကြေး ဖောင်းပွမှုကြောင့် စားသုံးသူများ လက်ရှိကြုံတွေ့နေရကြောင်း၊ ၎င်းတို့ လူသုံးကုန်များ၊ စားသောက်ကုန်များကို ယခင်ကကဲ့သို့ ဝယ်ယူနိုင်ခြင်း၊ စားသောက်နိုင်ခြင်း မရှိတော့ကြောင်း၊ ပစ္စည်းများ ပိုပိုလိုလို မဝယ်နိုင်သည့် အတွက်ကြောင့် ဂျီဒီပီ ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်၏  မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Habib Rab က ဆက်လက် ပြောကြားသည်။
ထို့ပြင် ၎င်းကဆက်လက်ပြီး “ဗဟိုဘဏ်ကနေ ပိုက်ဆံချေးတာက အစိုးရက ဘတ်ဂျက်လိုငွေကို ဖြည့်တဲ့အခါမှာ ဗဟိုဘဏ်က အစိုးရရဲ့ ငွေတိုက်စာချုပ် ဝယ်တာပေါ့။ များသောအားဖြင့် ငွေကြေး ရိုက်ထုတ်တာ ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းမှာ မြန်မာကျပ်ငွေ ပိုပြီးများလာတယ်။ ငွေကြေးထောက်ပံ့မှုက စီးပွားရေး ထုတ်လုပ်နေတဲ့ နှုန်းထက်များနေရင် ငွေကြေးဖောင်းပွမှုက ပိုပြီးများသွားတာ ဖြစ်နိုင်ပါတယ်။ အစိုးရ အနေနဲ့ ဒါကို အဓိက ဦးစားပေးနေပါတယ်။ စက်တင်ဘာမှ ငွေတိုက်စာချုပ်တွေကို လေလံတင်တာတွေ စလုပ်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း ငွေတိုက်လက်မှတ် လေလံတွေကို စလုပ်လာပါတယ်။ ငွေကြေးဖောင်းပွမှုကို ကြည့်တဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ ငွေကြေးဖောင်းပွမှု Dynamic ကိုကြည့်ပါတယ်။ တက်လာတာက ဘာနဲ့သက်ဆိုင်လဲဆိုတော့ အစိုးရရန်ပုံငွေ တက်လာတဲ့နှုန်းနဲ့ ဆိုင်ပါတယ်။ ဗဟိုဘဏ်က အစိုးရရဲ့ ဘတ်ဂျက်လိုငွေကို ဖြည့်တဲ့အခါမှာ ငွေကြေးဖောင်းပွမှုကို သက်ရောက်မှု ရှိပါတယ်” ပြောကြားသည်။
မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အစားအစာ ဈေးနှုန်းများ တက်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာတွင် ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။
သို့သော် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ အရှေ့အာရှပစိဖိတ် ဒေသ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် လာမည့် သုံးနှစ်အတွင်း ကြံ့ကြံ့ခံနိုင်သည့် အခြေအနေမျိုးတွင် ဆက်ရှိနေမည်ဟု ဖော်ပြထားသည်။