တရုတ် တည်ဆောက်ပေးသော ရထားလမ်း အီသီယိုးပီးယားတွင် စတင်လည်ပတ်

တရုတ် တည်ဆောက်ပေးသော ရထားလမ်း အီသီယိုးပီးယားတွင် စတင်လည်ပတ်
Published 5 October 2016

အီသီယိုးပီးယားနိုင်ငံ၏ မြို့တော်နှင့် ဂျီဘူတီနိုင်ငံကို ဆက်သွယ်ပေးထားသည့် ရထားလမ်းပေါ်တွင် အောက်တိုဘာ ၅ ရက်မှစ၍ တရုတ်လူမျိုးများ မောင်းနှင်သော ရထားများ စတင်ပြေးဆွဲပြီဖြစ်သည်။ တရုတ်ကုမ္ပဏီနှစ်ခုက ဆောက်လုပ်ပေးခဲ့သော ထိုရထားလမ်းသည် အီသီယိုးပီးယားနှင့် ဂျီဘူတီ နှစ်နိုင်ငံလုံး၏ စီးပွားရေးအတွက် များစွာအထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
ကီလိုမီတာ ၇၅၀ (မိုင်ပေါင်း ၄၆၀) ရှည်လျားသည့် ထိုရထားလမ်းသည် မြို့တော်အဒစ်အဘာဘာနှင့် ဂျီဘူတီနိုင်ငံရှိ ပင်လယ်နီဆိပ်ကမ်းမြို့သို့ ဆက်သွယ်ပေးထားခြင်းဖြစ်သည်။ ယခင်က လမ်းကြမ်းပြီး ရက်ပေါင်းများစွာ သွားရသည့် ထိုခရီးစဉ်သည် ရထားလမ်း ဆောက်လုပ်ပြီးနောက် ၁၀ နာရီသာ ကြာမြင့်တော့မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အရမ်းကို စိတ်လှုပ်ရှား နေပါတယ်။ အရင်ကဆို ဂျီဘူတီကနေ ထရပ်ကားတစ်စင်း ရောက်လာဖို့ နှစ်ရက် သုံးရက်လောက် ကြာပါတယ်။ ဒီကြားထဲ ယာဉ်မောင်းကလည်း ဖုန်းမကိုင်ဘူး ဆိုရင် ထရပ်ကားက ဘယ်ဆီရောက်လို့ ရောက်နေမှန်းတောင် မသိနိုင်ပါဘူး။ ဒါဟာ တကယ့် အိမ်မက်ဆိုးပါပဲ။ အခုရထားလမ်းကတော့ တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခုပါ” ဟု အီသီယိုးပီးယားမှ ကုန်တင်ပို့သူ တစ်ဦးက ပြောကြားခဲ့သည်။
ဂျီဘူတီဆိပ်ကမ်းသည် အာရှ၊ ဥရောပနှင့် ကျန်အာဖရိကဒေသ အစိတ်အပိုင်းများကို ဆက်သွယ်ပေးထားသည့် အဓိကကုန်သွယ်ရေး ဗဟိုချက်ဖြစ်သည်။ ထိုဆိပ်ကမ်းနှင့် ကုန်းတွင်းပိတ် အီသီယိုးပီးယားနိုင်ငံကို ဆက်သွယ်ပေးထားသော ကားလမ်းပေါ်တွင် လက်ရှိ၌ ထရပ်ကားပေါင်း ၁၅၀၀ ကျော် နေ့စဉ် ဖြတ်သန်းသွားလာ နေကြသည်။ အီသီယိုးပီးယား၏ ပို့ကုန်၊ သွင်းကုန် ရာခိုင်နှုန်း ၉၀ ခန့်မှာလည်း ထိုကားလမ်းပေါ်မှ ဖြတ်သန်းသယ်ဆောင် သွားကြခြင်းဖြစ်သည်။
“ဒီရထားလမ်းဟာ ကစားပွဲရဲ့ အဓိက အလှည့်အပြောင်း တစ်ခုပါပဲ။ အီသီယိုးပီးယားနိုင်ငံဟာ အာဖရိက တိုက်ထဲက စီးပွားရေးတိုးတက်မှု အမြန်ဆုံး နိုင်ငံတစ်ခုပါ။ ဂျီဘူတီက ဆိပ်ကမ်းတွေနဲ့ အခုလို ဆက်စပ်နိုင်တာဟာ အီသီယိုးပီးယား စီးပွားရေးကို ခုန်တက်သွားစေ နိုင်မှာပါ” ဟု ထိုရထားလမ်း စီမံကိန်း၏ မန်နေဂျာ Mekonnen Getachew က ပြောကြားခဲ့သည်။
သုံးလကြာ စမ်းသပ်ကာလ ပြီးဆုံးခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက်မှ စတင်၍ ပြေးဆွဲခဲ့သည့် ထိုရထားများသည် ခရီးသည်များ မပါဝင်ဘဲ ကုန်ချည်း သက်သက်ကိုသာ သယ်ဆောင်ကြခြင်း ဖြစ်သည်။ ရထားလမ်းသည် အလုံးစုံ လည်ပတ်နိုင်လာပါက ခရီးသည်များကို စတင်ပို့ဆောင်မည် ဖြစ်သည်။
“ကျွန်တော်တို့မှာက ဒီရထားလမ်းကို ဘယ်လိုစီမံ ခန့်ခွဲရမယ်ဆိုတဲ့ အတွေ့အကြုံ မရှိသေးပါဘူး။ ဒါကြောင့် တရုတ်ဝန်ထမ်းတွေကို စီမံခန့်ခွဲဖို့အတွက် ငါးနှစ်စာချုပ်နဲ့ ငှားထားရပါတယ်” ဟု Getachew က ပြောကြားခဲ့သည်။
အာဖရိက ဦးချိုဒေသဖြစ်သည့် အီသီယိုးပီးယားနိုင်ငံသည် ယမန်နှစ်က စီးပွားရေးတိုးတက်မှု ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာ ကမ္ဘာ့စီးပွားရေး တိုးတက်မှု အမြန်ဆုံးနိုင်ငံ ဖြစ်ခဲ့သည်။                 
Ref : AFP

Most Read

Most Recent