အက်စ်တိုးနီးယား ပါလီမန်က ပထမဆုံး အမျိုးသမီး သမ္မတကို ရွေးချယ်

အက်စ်တိုးနီးယား ပါလီမန်က ပထမဆုံး အမျိုးသမီး သမ္မတကို ရွေးချယ်
Published 4 October 2016

နည်းပညာအသိ မြင့်မားသော ဘော်တစ်နိုင်ငံဖြစ်သည့် အက်စ်တိုးနီးယားတွင် ပါလီမန်က အမျိုးသမီး ကိုယ်စားလှယ်လောင်း ကယ်စတီကယ် ဂျူလေးကို ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် အောက်တိုဘာ ၃ ရက်တွင် အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့ပြီးနောက် လနှင့်ချီ ကြာမြင့်နေသော နိုင်ငံရေး လိပ်ခဲတည်းလည်း အခြေအနေကို အဆုံးသတ်ခဲ့သည်။
ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေး အခြေအနေများကို စောင့်ကြည့်ရသော ဘက်မလိုက် အဖွဲ့ဖြစ်သည့် European Court of Auditors ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သော အသက် ၄၆ နှစ်ရှိ ကယ်ဂျူလေးသည် ပါလီမန်အမတ် ၁၀၁ ဦးအနက် ၈၁ ဦး၏ ထောက်ခံမဲ ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် အက်စ်တိုးနီးယားနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပိုင်းကယ်ဂျူလေးသည် နိုင်ငံ၏ ပဉ္စမမြောက် သမ္မတအဖြစ် ထမ်းဆောင်မည်ဖြစ်သည်။ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်သော အက်စ်တိုးနီးယားသည် လာမည့်နှစ် ဇူလိုင်တွင် ဥရောပသမဂ္ဂ၏ သက်တမ်း ခြောက်လရှိသည့် အလှည့်ကျဥက္ကဋ္ဌ ရာထူးအဖြစ် ထမ်းဆောင်ရန် ပြင်ဆင်နေသည်။
လူဦးရေ ၁ ဒသမ ၃ သန်းသာရှိသော အက်စ်တိုးနီးယားတွင် အဆောင်အယောင် သဘောသာဖြစ်သော သမ္မတရာထူးကို ပြည်သူများ၏ တိုက်ရိုက်ရွေးချယ်မှုထက် ပါလီမန် သို့မဟုတ် သမ္မတ ရွေးချယ်ရေး အဖွဲ့များက ရွေးချယ်သည်။ အက်စ်တိုးနီးယားတွင် အမျိုးသမီး အခွင့်အရေးများ ကျယ်ကျယ်ပြန့်ပြန့် ရရှိနေပြီ ဖြစ်သော်လည်း ကယ်ဂျူလေးကို သမ္မတအဖြစ် ရွေးချယ်မှုသည် အရေးပါမှု တစ်ခုအဖြစ် ရှုမြင်ခံရသည်။ စာရင်းစစ် တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံကြောင့် ကယ်ဂျူလေးသည် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ တင်းတင်းကျပ်ကျပ် ကျင့်သုံးသည့် အက်စ်တိုးနီးယားတွင် ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြေ ရှိသည်။ ကြွေးမြီနှင့် ဂျီဒီပီ အချိုးသည် ၁၀ ရာခိုင်နှုန်းဝန်းကျင်၌ ရှိနေစဉ် အက်စ်တိုးနီးယားက ၎င်းတို့ကျင့်သုံးသည့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒကို အခြားယူရိုဇုန် နိုင်ငံများကလည်း ကျင့်သုံးရန် တိုက်တွန်းခဲ့သည်။
ကယ်ဂျူလေးသည် ဥရောပသမဂ္ဂ၏ စာရင်းစစ် တစ်ဦးအဖြစ် ပြီးခဲ့သော ၁၂ နှစ်အတွင်း နိုင်ငံတကာ၌ လူသိများခဲ့သော်လည်း ပြည်တွင်း၌မူ လူသိနည်းသည်။ ကယ်ဂျူလေးသည် တာတူတက္ကသိုလ်မှ MBA ရရှိခဲ့ပြီး ၁၉၉၀ ပြည့်လွန် နှောင်းပိုင်းတွင် Hansapank ဘဏ်တွင် ရင်းနှီးမြှုပ်နှံမှုဘဏ် လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။
Ref : AFP

Most Read

Most Recent