ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့် အခြေခံပညာရေးဥပဒေ ရေးဆွဲရာ၌ ဥပဒေကောင်း တစ်ရပ်ဖြစ်ရန် လူထုလူတန်းစား အလွှာစုံပါဝင်သည့် အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကျင်းပရန် အစိုးရအား တိုက်တွန်းသည့်အဆိုကို ပညာရေးဝန်ကြီးဌာနက အတည်မပြုသင့်ကြောင်း ...

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့် အခြေခံပညာရေးဥပဒေ ရေးဆွဲရာ၌ ဥပဒေကောင်း တစ်ရပ်ဖြစ်ရန် လူထုလူတန်းစား အလွှာစုံပါဝင်သည့် အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကျင်းပရန် အစိုးရအား တိုက်တွန်းသည့်အဆိုကို ပညာရေးဝန်ကြီးဌာနက အတည်မပြုသင့်ကြောင်း ...
Published 3 October 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့် အခြေခံပညာရေးဥပဒေ ရေးဆွဲရာ၌ ဥပဒေကောင်း တစ်ရပ်ဖြစ်ရန် လူထုလူတန်းစား အလွှာစုံပါဝင်သည့် အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကျင်းပရန် အစိုးရအား တိုက်တွန်းသည့်အဆိုကို ပညာရေးဝန်ကြီးဌာနက အတည်မပြုသင့်ကြောင်း တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော်မှလည်း အတည်မပြုကြောင်း ဆုံးဖြတ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် အခြေခံပညာရေး ဥပဒေရေးဆွဲရာ၌ ဥပဒေကောင်း တစ်ရပ်ဖြစ်ရန် လူထုလူတန်းစား အလွှာစုံပါဝင်သည့် အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့် ကျင်းပရန် အစိုးရအား တိုက်တွန်းသည့် အဆိုကို ပညာရေး ဝန်ကြီးဌာနက အတည်မပြုရန် တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော်ကလည်း အောက်တိုဘာ ၃ ရက်က အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက “အခြေခံပညာရေး ဥပဒေရေးဆွဲရာတွင် ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထား အမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများ ထင်ဟပ်သော ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေးအတွက် လူထုလူတန်းစား အလွှာစုံပါဝင်သော အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပရန် အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုနှင့် ပတ်သက်၍ တန့်ဆည်မဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက “အခြေခံပညာရေး ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေး ဆိုတာတော့ ထောက်ခံရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးမှာ အခြေခံပညာရေး၊ နည်းပညာနဲ့ အသက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေး ဆိုပြီးတော့ ကဏ္ဍသုံးခုရှိတဲ့ အထဲမှာ အခြေခံပညာရေးဟာ အဓိက အကျဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်သလို တိုင်းပြည်ဟာ ပညာရေးနိမ့်ကျနေလို့ အမြန်ဆုံးပြင်ဆင်ဖို့ လိုတယ်ဆိုတာကို ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီဥပဒေ ပေါ်ထွက်ဖို့အတွက် အခြေခံပညာရေး ဆွေးနွေးပွဲတွေ အဆင့်ဆင့် ကျင်းပဖို့ရန်တော့ ဝေဖန်သုံးသပ် စဉ်းစားစေချင်ပါတယ်” ဟု ဆွေးနွေးအကြံပြုသည်။
“ကျွန်တော့်အနေနဲ့ ဒီအလွှာစုံတွေကို ကိုယ်စားမပြုချင်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်စိုးရိမ်တာက အသံများပြီးတော့ ဆုံမှတ်တစ်ခုကို မရောက်မှာစိုးရိမ်ပါတယ်။ ကိုယ်စားပြုမှုတွေများပြီးတော့ ဘယ်အဖွဲ့ကို၊ ဘယ်သူ့ကို ကိုယ်စားပြုရမှန်းမသိ ဖြစ်သွား နိုင်ပါတယ်။ အဲဒီအခါမှာ ဥပဒေပေါ်ထွက်ဖို့ နှောင့်နှေးကြန့်ကြာ မှုတွေလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှု၊ ပြဿနာတွေ၊ အဖျက်အမှောင့်တွေ ဝင် လာပြီးတော့ ကျွန်တော်တို့ သွေးနုနုသားနုနု ဒီမိုကရေစီကို ထိခိုက်မှာစိုးရိမ်ပါတယ်။ ဒီမိုကရေစီ အပင်ပေါက်လေးကို virus ပိုးတွေ ဝင်မှာ စိုးရိမ်ရပါတယ်” ဟု ဦးမြင့်ထွန်းက ဆွေးနွေးပြောကြားသည်။
ပညာရေး ဝန်ကြီးဌာနက အခြေခံပညာရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကို ပေးပို့ထားကြောင်း သိရသည်။
“အခြေခံပညာဥပဒေ ရေးဆွဲရာမှာ (၁) မိဘပြည်သူ ပူးပေါင်းဆောင်ရွက်မှု အမှန်တကယ်ရှိအောင် ဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။ (၂) အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ကို ဖွဲ့စည်းရုံသာရှိပြီးတော့ ကော်မ ရှင်ရဲ့ သတ်မှတ်မှုမူဘောင် အတွင်းက ဆောင် ရွက်ရမှာဖြစ်ပါတယ်။ (၃) ပညာရေး ကျွမ်းကျင်သူများက အဓိက ရေးဆွဲရမှာဖြစ်ပါတယ်။ (၄) ပြဋ္ဌာန်းတဲ့ဥပဒေဟာ ပြည်သူများ လိုက်နာနိုင်ရမှာ ဖြစ်သလို ပညာရေး ဝန်ကြီးဌာနရဲ့ လက်ရှိစွမ်းဆောင်နိုင်ရည် အနေအထားအရ ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ နိဂုံးအားဖြင့် လူထုကိုချပြမယ်ဆိုရင် အဆင်သင့် မဖြစ်သေးတဲ့အချိန်မှာ လူထုဆွေးနွေးပွဲများမှ တုံ့ပြန်မှုများ ရှိလာပါက မလိုလားအပ်သော ပြဿနာ တွေ့ကြုံနိုင်ခြင်းကြောင့် ဒေါက်တာမောင်သင်းရဲ့ အဆိုကို အလွန်ဆုံး မှတ်တမ်းတင်တဲ့ အနေအထားတွင်သာ ထားရှိရန် အကြံပြုတင်ပြ အပ်ပါတယ်” ဟု ကျိုက်မရော မဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က အကြံပြုဆွေးနွေးသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက အဆိုအား ထောက်ခံဆွေးနွေးခဲ့ပြီး ၎င်းက “ကျွန်တော်တို့ အမျိုးသားပညာရေး ဥပဒေဟာ ပြဋ္ဌာန်းတယ် ဆိုပေမယ့် အောက်ခြေကျေးလက် ဒေသတွေမှာ အသက်ဝင်မှု အင်မတန်အားနည်း နေပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာရှိတဲ့ ပညာရှင်တွေက အောက်ခြေမှာ ပညာရေးပြုပြင် ပြောင်းလဲမှုတွေ လိုအပ်နေတယ် ဆိုတာကို အမြဲတမ်း သတိပေး ပြောနေပါတယ်။ ဒါကိုပြောင်းလဲသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ ကျွန်တော်တို့ ပညာရေးဟာ အင်မတန် ဆိုးရွားနေပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ကြီး ဖြစ်တဲ့အတွက် ပြည်ထောင်စု စိတ်ဓာတ်ဟာ အင်မတန် အရေးကြီးပါတယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အပြန်အလှန် တန်ဖိုးထားဖို့၊ လေးစားဖို့၊ ချစ်ကြည်ဖို့ တရားတွေကို ကျွန်တော်တို့ မြန်မာတို့၊ သမိုင်းတို့မှာ သင်ကြားဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်” ဟု ဆွေးနွေးအကြံပြုသည်။
ထို့အတူ အဆိုနှင့်ပတ်သက်၍ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းထွန်းက “အောင်မြင်တဲ့ ပညာရေးဥပဒေ ဆိုတာဟာ စာသင်ခန်းမှာ ပျော်ပျော်ရွင်ရွင် လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ ဥပဒေမျိုး ဖြစ်သင့်ပါတယ်။ အခြေခံပညာရေးကို လက်တွေ့ အကောင်အထည် ဖော်နေကြသူတွေဟာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ဆရာ၊ ဆရာမများနဲ့ ဝိုင်းဝန်းကူညီကြတဲ့ ကျောင်းသားမိဘများ၊ ရပ်မိ၊ ရပ်ဖများပင် ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာရေး ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ဆန္ဒတွေ၊ အကြံဉာဏ်တွေ ပါဝင်မှသာ ပြည့်စုံပြီး အကောင်အထည်ဖော်မယ့် ဥပဒေတစ်ရပ် ပေါ်ထွန်းမှာ ဖြစ်တဲ့အတွက်ကြောင့် အများဆုံး အကောင်အထည် ဖော်နေတဲ့ မြို့နယ်အဆင့် ပညာရေး ဆွေးနွေးပွဲများ ပြုလုပ်ကာ လူထုလူတန်းစား အလွှာစုံ ပါဝင်သင့်တယ်ဆိုတဲ့ ဒေါက်တာမောင်သင်းရဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံဆွေးနွေး တင်ပြပါတယ်” ဟု ဆွေးနွေးသည်။
အခြေခံပညာရေး ဥပဒေတစ်ရပ်ကို စနစ်တကျ ရေးဆွဲရန်လိုအပ်ကြောင်း၊ ဥပဒေ ရေးဆွဲရာတွင်လည်း လူထုလူတန်းစား အလွှာစုံဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ လက်တွေ့ရင်ဆိုင် နေရသည့် ဆရာ၊ ဆရာမများ၊ မိဘများ၊ ပညာရှင်များ၊ ကျောင်းသား ကိုယ်စားလှယ်များ၊ ဘကကျောင်းများ၏ ဆရာတော် ကိုယ်စားလှယ်များ၊ ပညာရေးဖွံ့ ဖြိုးတိုးတက်မှုကိုလိုလားသည့် ပညာရေး မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရေးဝန် ထမ်းအဆင့်ဆင့် ကိုယ်စားလှယ်များ စသည့် အလွှာစုံပါဝင်သော ပညာရေးဆွေးနွေးပွဲ များကို အောက်ခြေမြို့နယ်အဆင့်၊ ပြည်နယ်နှင့်တိုင်းအဆင့်၊ ဗဟိုအဆင့်ဆွေးနွေးပွဲများ ဆောင်ရွက်သွားရန် အဆိုရှင် ဒေါက်တာမောင်သင်းက တိုက်တွန်းသည်။
၎င်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြသည်။
ဒေါက်တာမောင်သင်း၏ အဆိုနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဥပဒေများ၊ မူဝါဒများနှင့် အစီအမံများကို အမျိုးသား ပညာရေး ဥပဒေနှင့်အညီ ပြည်သူလူထုများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဆိုင်ရာ လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူလူထုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် အဆိုကို အတည်မပြုသင့်ပါကြောင်း ပညာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းတင်ပြသည်။
ထို့နောက် အဆိုရှင် ဒေါက်တာမောင်သင်းက အဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရယူလိုကြောင်း တင်ပြခဲ့သည်။
ဆက်လက်ပြီး အဆိုကို ပြည်သူ့လွှတ်တော်မှ အတည်ပြုသင့်၊ မပြုသင့် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၉၈ ဦးရှိသည့်အနက် ထောက်ခံမဲ ၁၅၁ မဲ၊ ကန့်ကွက်မဲ ၂၃၀ မဲ၊ ကြားနေမဲ ရှစ်မဲဖြစ်ပြီး ကန့်ကွက်မဲ များသည့်အတွက် လွှတ်တော်က အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။