အာရှတွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်က လျှို့ဝှက်ငွေ ထောက်ပံ့နေခဲ့ဟု ဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့ တစ်ဖွဲ့က စွပ်စွဲ

အာရှတွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်က လျှို့ဝှက်ငွေ ထောက်ပံ့နေခဲ့ဟု ဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့ တစ်ဖွဲ့က စွပ်စွဲ
Published 3 October 2016

ကျောက်မီးသွေး ဓာတ်အားပေး လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှု အများစုကို အဆုံးသတ်ခဲ့ကြောင်း ဝန်ခံပြောကြား ထားသော်လည်း ကမ္ဘာ့ဘဏ်သည် အာရှ၌ ကျောက်မီးသွေး ဓာတ်အားပေး လုပ်ငန်းများ အတွက် ငွေကြေးသွယ်ဝိုက် ထောက်ပံ့နေခဲ့ကြောင်း ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ Inclusive Development International (IDI) က အောက်တိုဘာ ၃ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။
ရာသီဥတု ပြောင်းလဲမှုကို ဆိုးရွားစေပြီး သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှုတို့ကြောင့် အချိန်မတိုင်မီ သေဆုံးမှုတို့ကို ဖြစ်စေသော ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများသည် ဘင်္ဂလားဒေ့ရှ်မှသည် ဖိလစ်ပိုင်အထိ အလျှိုလျှို ပေါ်ပေါက်လာနေကြောင်း၊ ယင်းစီမံကိန်း အားလုံးကို ကမ္ဘာ့ဘဏ်က ဘဏ္ဍာရေး အထောက်အပံ့များ ပေးခဲ့ကြောင်း IDI က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့ဘဏ်သည် ၂၀၁၃ ခုနှစ်တွင် မူဝါဒ အပြောင်းအလဲအဖြစ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများအတွက် ထောက်ပံ့မှုကို အဆုံးသတ်သွားမည်ဖြစ်ပြီး အခြားရွေးချယ်စရာ လုံးဝမရှိသော အခြေအနေ မျိုးတွင်သာ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများအတွက် ထောက်ပံ့မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းနောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်၏ လက်ခွဲအဖွဲ့တစ်ခု ဖြစ်သော International Finance Corporation (IFC) က ထောက်ပံ့ထားသော ဘဏ်များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ငွေကြေး ထောက်ပံ့မှုကို ရရှိသော ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်း ၄၁ ခု ရှိသည်ဟု IDI ၏ အစီရင်ခံစာက ဆိုသည်။
IFC သည် ၂၀၀၅ ခုနှစ်မှစပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားစွမ်းအင် ထိရောက်မှုဆိုင်ရာ စီမံကိန်းများ၌ ဒေါ်လာ ၁၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားကြောင်း IFC ၏ ပြောခွင့်ရပုဂ္ဂိုလ် ဖရက်ဒရစ်ဂျုံးက ပြောကြားခဲ့သည်။
သို့သော်လည်း IFC ၏ မူဝါဒအရ ၎င်းတို့နှင့် ဆောင်ရွက်နေသော လုပ်ငန်းများသည် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများကို ငွေကြေးထောက်ပံ့မှုအား တားမြစ်ထားခြင်း မရှိကြောင်း ၎င်းက ဝန်ခံခဲ့သည်။ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့သည် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ယခုတစ်ပတ် အတွင်း၌တွေ့ဆုံရန် ရှိနေချိန်၌ ယခုအစီရင်ခံစာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သော IDI သည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေး ကျင့်ဝတ်ဆိုင်ရာတို့ကို အဓိကထား ဆောင်ရွက်သည့် အဖွဲ့တစ်ခုဖြစ်သည်။
Ref : AFP

Most Read

Most Recent