အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကတိပြု

အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကတိပြု
Published 29 September 2016

အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအား မကြာမီ အချိန်တွင် ရပ်ဆိုင်းသွားမည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့ရာ မနီလာ၏ ကာလရှည်ကြာ မဟာမိတ် အမေရိကန်နှင့် ဆက်ဆံရေး ပိုမို ကျဆင်းစေနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း သိရသည်။
စကားကို ရိုင်းစိုင်းစွာ ပြောဆိုတတ်သည့် ဒူတာတေးက လာမည့်လတွင် အမေရိကန်နှင့် ဖိလစ်ပိုင် ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုသည် နောက်ဆုံးအကြိမ်ဖြစ်လာမည် ဖြစ်ကြောင်း ဗီယက်နမ်သို့ နှစ်ရက်ကြာခရီး သွားရောက်စဉ် ဟနွိုင်း ထိပ်တန်းဟိုတယ် တစ်ခု၌ ပြောကြားခဲ့သည်။ “ခင်ဗျားကို ကျွန်တော် အခု အသိပေးလိုက်မယ်။ ဖိလစ်ပိုင်နဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်တာ ဒါနောက်ဆုံး အကြိမ်ပဲ” ဟု ဗီယက်နမ်တွင် အခြေစိုက်သော ဖိလစ်ပိုင်များကို ဒူတာတေးက ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်မှ တပ်ဖွဲ့ဝင် ၈၀၀၀ ကျော် ပါဝင်သော နှစ်စဉ်ပြုလုပ်နေကျ ကြီးမားသော စစ်ရေးလေ့ကျင့်မှု ဘာလီ ကာတန်ကို ပြီးခဲ့သော ဧပြီတွင် ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ ပူးတွဲ ကမ်းတက်စစ်ရေးလေ့ကျင့်မှု (Phiblex) ကို ဖိလစ်ပိုင်တွင် အောက်တိုဘာ ၄ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဒူတာတေးက လာအိုတွင် ကျင်းပသော အာဆီယံထိပ်သီး မတိုင်မီ အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို စော်ကားပြောဆိုခဲ့ပြီးနောက် ရက်ပိုင်း အကြာတွင် ဖိလစ်ပိုင် တောင်ပိုင်း၌ တပ်စွဲထားသော အမေရိကန် အထူးတပ်ဖွဲ့ဝင်များကို နှင်ထုတ်သွားမည်ဟု ၎င်း၏ ပြောကြားခဲ့မှုနှင့်အတူ မကြာသေးမီ သီတင်းပတ်များအတွင်း မဟာမိတ်နိုင်ငံအကြား အချင်းများမှု ဖြစ်ပွားခဲ့သည်။
ဒူတာတေးသည် ပြီးခဲ့သော ဇွန်တွင် သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ၎င်း၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲအတွင်း လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့မှု အတွက်လည်း ပြင်းငြင်းထန်ထန် ဝေဖန်ခံနေရသည်။ အိုဘားမားက ဒူတာတေးသည် ရာဇဝတ်မှုအား နှိမ်နင်းရာတွင် လူ့အခွင့်အရေးများကို ကာကွယ်ပေးပြီး မှန်ကန်သော နည်းလမ်းဖြင့် လုပ်ဆောင်သင့်ကြောင်း အကြံပြုခဲ့သည်။ ဒူတာတေး၏ ရာဇဝတ်မှုနှိမ်နင်းရေး စစ်ပွဲအတွင်း ဥပဒေစိုးမိုးမှု ပျက်ပြားမှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံ အစိုးရများနှင့် လူ့အခွင့်အရေး အဖွဲ့များက အလွန်အမင်း စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့ကြသည်။ အမေရိကန်နှင့် ဖိလစ်ပိုင်အကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုသည် ၁၉၅၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် မဟာမိတ် ဆက်ဆံရေး၏ ထောက်တိုင်တစ်ခု ဖြစ်ခဲ့သည်။ ဒူတာတေးသည် စက်တင်ဘာ ၂၉ ရက်တွင် ဗီယက်နမ်နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်နှင့် စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက်များနှင့် ပတ်သက်၍ အာရှအင်အားကြီး တရုတ်နှင့် သီးခြားစီ အငြင်းပွားနေသည်။
Ref: AFP

Most Read

Most Recent