အင်္ဂါြဂိုဟ်၌ မြို့တည်ထောင်မည့် အစီအစဉ်အား အမေရိကန် စွန့်ဦးတီထွင်သူ အီလန်မက်စ် ထုတ်ဖော်

အင်္ဂါြဂိုဟ်၌ မြို့တည်ထောင်မည့် အစီအစဉ်အား အမေရိကန် စွန့်ဦးတီထွင်သူ အီလန်မက်စ် ထုတ်ဖော်
Published 28 September 2016

လူအမြောက်အမြား လိုက်ပါနိုင်သော အာကာသယာဉ်များဖြင့် အင်္ဂါဂြိုဟ်သို့ လူများကိုစေလွှတ်ပြီး ယင်းဂြိုဟ်ပေါ်တွင် မြို့တစ်မြို့ တည်ထောင်မည့် အစီအစဉ်အား အမေရိကန် စွန့်ဦးတီထွင်သူ Space X ကုမ္ပဏီဥက္ကဋ္ဌ အီလန်မက်စ်က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ဖော် ကြေညာခဲ့သည်။
ယင်းအစီအစဉ်အရ လူသားများကို အင်္ဂါဂြိုဟ်သို့ ဧရာမ အာကာသယာဉ်များဖြင့် စေလွှတ်မည်ဖြစ်ပြီး တစ်ဦးလျှင် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ကုန်ကျနိုင်သည်ဟု အီလန်မက်စ်က အပြည်ပြည်ဆိုင်ရာ အာကာသရေးရာ ကွန်ဂရက်၌ ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။ အင်္ဂါဂြိုဟ်တွင် မြို့တစ်မြို့ တည်ဆောက်နိုင်ရန်အတွက် တစ်ကြိမ်လျှင် လူ ၁၀၀ ခန့် သယ်ဆောင်နိုင်သော အာကာသယာဉ်ကြီးများ အစီး ၁၀၀၀ ခန့်ကို လွှတ်တင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း အီလန်မက်စ်က သူ၏ အနာဂတ်စိတ်ကူးကို ထုတ်ဖော်ပြသခဲ့သည်။
ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံများကို အခြေခံ တည်ဆောက်သည့် အာကာသ သယ်ယူပို့ဆောင်ရေးစနစ်တွင် အာကာသယာဉ်များသည် ခရီးသည် အခန်း၊ စားသောက်ဆိုင်၊ ကမ္ဘာ့ဆွဲအားမှ လွတ်မြောက်သည့် ဂိမ်းများ၊ ရုပ်ရှင်များ ပါဝင်မည်ဖြစ်သည်။
ပထမဆုံး အာကာသခရီးစဉ်သည် ဈေးကြီးမည် ဖြစ်သော်လည်း နောင်တွင် ဒေါ်လာ ၁၀၀,၀၀၀ ခန့်ထိ ဈေးကျပြီး လူအများစု တတ်နိုင်သော ဈေးနှုန်းဖြစ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အီလန်မက်စ်က ပြောကြား ခဲ့သည်။
တောင်အာဖရိကတွင် မွေးဖွားသော ကနေဒါနှင့် အမေရိကန်ကပြား စွန့်ဦးတီထွင်သူ အီလန်မက်စ်က အင်္ဂါဂြိုဟ်တွင် လူသားတို့ အဓွန့်ရှည်စွာ ရှင်သန်နေထိုင်နိုင်ရန်အတွက် ပုဂ္ဂလိကနှင့် အစိုးရ ပူးပေါင်းဆောင်ရွက်မှုကြီး လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အီလန်မက်စ်၏ Space X သည် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် အင်္ဂါဂြိုဟ်သို့ လူမဲ့ကုန်တင် အာကာသယာဉ် Dragon ကို စေလွှတ်ရန် စီစဉ်ထားသောကြောင့် ၂၀၂၄ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ လူလိုက်ပါသည့် ခရီးစဉ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၅ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း Space X က ပြောကြားခဲ့သည်။
အင်္ဂါဂြိုဟ်သို့ ရောက်ရှိပါက လူသားများသည် အာကာသယာဉ် ကမ္ဘာမြေသို့ ပြန်နိုင်ရန်အတွက် လောင်စာထုတ်လုပ်ရန် ဂြိုဟ်၏ မီသိန်းဓာတ်ငွေ့ ရင်းမြစ်များကို အသုံးပြုပြီး စက်ရုံတည်ဆောက် ရမည်ဖြစ်သည်။ ကမ္ဘာမှ မိုင်ပေါင်း သန်း ၁၄၀ ဝေးသော အင်္ဂါဂြိုဟ်သို့ ရောက်ရှိနေထိုင်ရန်အတွက် အင်ဂျင်နီယာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဧရာမဘတ်ဂျက်တို့ လိုအပ်မည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။   
Ref : AFP

Most Read

Most Recent