ထိုင်ဝမ်သို့ မေဂျီတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှု မြင့်မားခဲ့

ထိုင်ဝမ်သို့ မေဂျီတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှု မြင့်မားခဲ့
Published 27 September 2016
Ref: AFP

ထိုင်ဝမ်သို့ စက်တင်ဘာ ၂၇ ရက်က သီတင်းနှစ်ပတ်အတွင်း တတိယမြောက် မုန်တိုင်းဖြစ်သည့် မေဂျီတိုင်ဖွန်းဝင်ရောက် တိုက်ခတ်ခဲ့ရာ မြေပြိုမှုများဖြစ်ပွားခဲ့သည်။  မုန်တိုင်းကြောင့် ထိုင်ဝမ်အနှံ့အပြားရှိ ကျောင်းများ၊ ရုံးများအားလုံး ပိတ်ခဲ့ပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကာ လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာကိုလည်း ဖျက်သိမ်းခဲ့ရသည်။ 
 
ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိခဲ့ပြီး ကျွန်းအနှံ့အပြားတွင် မေဂျီကြောင့် မိုးသက်လေပြင်းများ ကျဆင်းကာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် မြေပြိုမှု ဖြစ်ပွားခဲ့သည်။ နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသူ ၈၀၀၀ ကျော်ရှိပြီး ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသူ ၂၈၀၀ ဝန်းကျင်ရှိကြောင်း ဗဟိုအရေးပေါ်ဌာနက ထုတ်ပြန်ခဲ့သည်။ တိုင်ဖွန်းကြောင့် နေအိမ်ပေါင်း နှစ်သန်းထက်မနည်းတွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်ဟု သိရသည်။ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ၏ ခရီးစဉ်ပေါင်း ၄၀၀ ခန့် ဖျက်သိမ်းခဲ့ရပြီး ၄၀၀ ကျော် နှောင့်နှေးခဲ့ရသည်။ ရထားခရီးစဉ် အများစုလည်း ရပ်တန့်ခဲ့ရသည်။ 
 
တောင်တန်းထူထပ်သော ယီလန်ဒေသတွင် စက်တင်ဘာ ၂၇ ရက်က မိုးရေချိန် ၃၅ လက်မ (မီလီမီတာ ၉၀၀ ကျော်) အထိ ရွာသွန်းခဲ့သည်။ တောင်တန်းဒေသ၌ ရွာသွန်းသည့် မိုးရေချိန်သည် ၁၃၀၀ မီလီမီတာအထိ ရှိလာနိုင်သဖြင့် မြေပြိုမှုဖြစ်ပွားမည့်အန္တရာယ် ပိုမိုမြင့်တက်နိုင်သည်ဟု မိုးလေဝသဗျူရိုက ပြောကြားခဲ့သည်။ “မေဂျီတိုင်ဖွန်းကြောင့် မြေပြိုမှုဖြစ်ပွားစေခဲ့ပြီးတော့ ဆက်လက် အင်အားပြင်းထန်နေဆဲပါပဲ။ လေပြင်းတွေဟာ စက်တင်ဘာ၂၈ ရက် မနက်ပိုင်းအထိ တိုက်ခတ်နိုင်ပါတယ်” ဟု မိုးလေဝသပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ 
 
ရုပ်သံသတင်းများထဲ၌ ယီလန်စီရင်စု အရှေ့မြောက်ပိုင်းနှင့် အော်ခစ်ကျွန်း အစွန်အဖျားတွင် အားပြင်းသော လှိုင်းကြီးများသည် လှိုင်းတားနံရံကို ကျော်လွန်ရိုက်ခတ်နေကြပုံ၊ ကြော်ငြာဆိုင်းဘုတ်ကြီးများ၊ ငြမ်းများမှာ လေပြင်းများကြောင့် လွင့်စင်ပြိုကျသွားခဲ့ပုံတို့ကို ဖော်ပြခဲ့သည်။
 
ဂရင်းနစ်စံတော်ချိန် ၀၈း၀၀ နာရီက မေဂျီတိုင်ဖွန်းသည် ဟူလီယန် စီရင်စု၏ အနောက်ဘက် (၃၁ မိုင်) ကီလိုမီတာ ၅၀ အကွာတွင်ရှိကာ တစ်နာရီ လေတိုက်နှုန်း ၁၉၈ ကီလိုမီတာ (၁၂၃ မိုင်) ရှိနေခဲ့သည်။ တိုင်ဖွန်းသည် လက်ရှိတွင် ၁ နာရီ ၁၆ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေသည်။ ကမ်းခြေ နှင့်ရှုခင်းများကြောင့် ခရီးသွားများကြား၌ ကျော်ကြားသည့် ဟူလီယန်နှင့် ထိုင်တန်တို့သည် မေဂျီကို ပထမဆုံး ရင်ဆိုင်ခဲ့ရသည့် နေရာများဖြစ်ခဲ့ကြသည်။ ထိုနေရာများသည် ယခုလ အစောပိုင်းက ဝင်တိုက်ခဲ့သည့် စူပါတိုင်ဖွန်းမီရန်တီ၏ ဒဏ်မှ ပြန်လည်နာလန်ထရန် ကြိုးပမ်းနေကြစဉ် မေဂျီတိုင်ဖွန်းနှင့် ထပ်မံရင်ဆိုင်ရခြင်း ဖြစ်သည်။ မီရန်တီတိုင်ဖွန်းသည် ထိုင်ဝမ်သို့ တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် ၂၁ နှစ်အတွင်း အားအပြင်းဆုံး ဖြစ်သည်။ လက်ရှိတွင် သဘာဝဘေးအန္တရာယ်မှ ကူညီကယ်ဆယ်ရေးအတွက် ထိုင်ဝမ်စစ်သား ၃၅၀၀၀ ကျော် အဆင်သင့် ရှိနေကြသည်။ 

Most Read

Most Recent