စစ်တမ်းများအရ မတိမ်းမယိမ်း ဖြစ်နေသော ကလင်တန်နှင့် ထရန့်တို့ ပထမဆုံးအကြိမ် စကားစစ်ထိုးမည်

စစ်တမ်းများအရ မတိမ်းမယိမ်း ဖြစ်နေသော ကလင်တန်နှင့် ထရန့်တို့ ပထမဆုံးအကြိမ် စကားစစ်ထိုးမည်
Published 26 September 2016

ရှည်လျားလှသော အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုသည် စက်တင်ဘာ ၂၆ ရက်၌ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်နှင့် ရီပက်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရန့်တို့ ပထမဆုံးအကြိမ် မိနစ် ၉၀ ကြာ ရုပ်သံစကား စစ်ထိုးမည့် အစီအစဉ်သို့ ရောက်ရှိလာပြီဖြစ်သည်။ စစ်တမ်းများအရ သူတို့နှစ်ဦး၏ လူထုထောက်ခံမှုသည် မတိမ်းမယိမ်း အနေအထား၌ ရှိနေကြောင်းလည်း သိရသည်။
အဆိုပါ စကားစစ်ထိုးမည့် အစီအစဉ်ကို ဒေသစံတော်ချိန် ည ၉ နာရီ (ဂရင်းနစ်စံတော်ချိန် စက်တင်ဘာ ၂၇ ရက် ၀၁၀၀ နာရီ) တွင် စတင်မည်ဖြစ်ပြီး ကုဋေလိုက်ချီသော အမေရိကန် နိုင်ငံသားများက စံချိန်တင် အရေအတွက်အဖြစ် စောင့်ကြည့်ကြဖွယ်ရှိသည်။
သေးငယ်သော စင်မြင့်တစ်ခုပေါ်၌ အလွန်ကွဲပြား ခြားနားသော သမ္မတလောင်း နှစ်ဦးတို့ ရင်ဆိုင်တွေ့ကြမည့် အစီအစဉ်မှနေ၍ မည်သည့်အရာများ ပေါ်ထွက်လာမည် ဆိုသည်မှာ များစွာသော အမေရိကန် နိုင်ငံသားများ အတွက် မရေရာမှု တစ်ရပ်ဖြစ်သည်။
စကားစစ်ထိုးပွဲသို့ ဝင်ရောက်လာသည့် ကလင်တန် (၆၈ နှစ်) သည် နိုင်ငံခြားရေး ဝန်ကြီးဟောင်း တစ်ဦးအဖြစ် ထင်ရှားသူဖြစ်ပြီး အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်း၌ နှစ် ၄၀ နီးပါး လုပ်ကိုင်ခဲ့သူ ဖြစ်သောကြောင့် ယခုကိစ္စများနှင့် ပတ်သက်၍ ကောင်းစွာ အကျွမ်းဝင်သူဖြစ်သည်။
ဘီလျံနာသူဌေးနှင့် Reality ရုပ်သံ စတားဟောင်း ထရန့်(၇၀ နှစ်)သည် ခိုင်ခိုင်မာမာ ရပ်တည်ပြောဆို နိုင်သူဖြစ်ပြီး အကြောင်းအရာ များထက်စာလျှင် မထင်မှတ်ဘဲ ရေပန်းစားမှု ပိုမိုရရှိနိုင်သူဖြစ်သည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ သီတင်းခြောက်ပတ် အလို၌ နယူးယောက်မြို့ ဟော့စထရာ တက္ကသိုလ်၌ သမ္မတလောင်းနှစ်ဦး ရင်ဆိုင်တွေ့မည့် ကိစ္စအား သန်း ၉၀ ခန့်အထိ ရှိနိုင်သည့် လူများက စောင့်ကြည့် နိုင်ဖွယ်ရှိသည်။
ဝါရှင်တန်ပို့စ်နှင့် အေဘီစီသတင်းဌာနတို့ ပြုလုပ်သည့် စစ်တမ်းတစ်ရပ်က တစ်လကြာခဲ့ပြီးနောက် ကလင်တန်သည် ထရန့်အပေါ် အသာရနေမှု မရှိတော့ကြောင်း ပြသခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုစကားစစ်ထိုးပွဲကို ပြုလုပ်မည် ဖြစ်သည်။
အဆိုပါ စစ်တမ်းအရ ကလင်တန်နှင့် ထရန့်တို့သည် မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်များ၏ ထောက်ခံမှု ၄၁ ရာခိုင်နှုန်းစီ ရရှိနေပြီး လစ်ဘာတာရီယန်ပါတီမှ ဂယ်ရီဂျွန်ဆင်က ခုနစ်ရာခိုင်နှုန်းနှင့် ဂရင်းပါတီမှ ဂျေးစတိန်းက နှစ်ရာခိုင်နှုန်း အသီးသီး ရရှိနေကြောင်း သိရသည်။
နည်းလမ်းနှစ်ခုအားဖြင့် နှိုင်းယှဉ်မှု တစ်ရပ်၌ ထရန့်နှင့် ကလင်တန်တို့သည် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များ၏ ထောက်ခံမှု ၄၆ ရာခိုင်နှုန်းစီပင် ရရှိနေကြောင်း တွေ့ရှိရသည်။ အဆိုပါစစ်တမ်းက မဲပေးဖွယ်ရှိသူများအကြား စာရင်းဇယားအရ နှိုင်းယှဉ်မှုတွင်လည်း ထရန့်နှင့် ကလင်တန်တို့ သရေပွဲပင် ဖြစ်လျက်ရှိကြောင်း ပြသနေသည်။
သုံးသပ်သူများစွာတို့က စကားစစ်ထိုးပွဲများကြောင့် ရွေးကောက်ပွဲ၌ သမ္မတလောင်းများ အနိုင်ရရှိလေ့ မရှိသော်လည်း စကားစစ်ထိုးပွဲများကြောင့် ရှုံးနိမ့်တတ်ကြောင်း ပြောကြားခဲ့ကြသည်။ စကားလေးတစ်ခွန်း သို့မဟုတ် အမှားလေး တစ်ချက်ကြောင့် အကြီးအကျယ် ထိခိုက်နိုင်သည်ဟု ဆိုသည်။                                
Ref : AFP

Most Read

Most Recent