ဂျပန်နိုင်ငံအနီးရှိ ရေလက်ကြားပေါ်သို့ တရုတ်စစ်လေယာဉ် အစင်း ၄၀ ဖြတ်ပျံ

ဂျပန်နိုင်ငံအနီးရှိ ရေလက်ကြားပေါ်သို့ တရုတ်စစ်လေယာဉ် အစင်း ၄၀ ဖြတ်ပျံ
Published 26 September 2016

ဂျပန်နိုင်ငံအနီးရှိ ရေလက်ကြားပေါ်သို့ တရုတ်စစ်လေယာဉ် အစင်း ၄၀ ကျော် ဖြတ်၍ ပျံသန်းခဲ့ကြသည်ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဂျပန်အစိုးရက ပိုင်နက် အငြင်းပွားနေသော တောင်တရုတ် ပင်လယ်ဒေသထဲတွင် အမေရိကန်နှင့်အတူ ကင်းလှည့်မှုများ ပြုလုပ်နိုင်ခြေ ရှိသည်ဟု ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ တရုတ်လေယာဉ် ပျံသန်းမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အနောက် ပစိဖိတ်ဒေသတွင် စစ်ရေးလေ့ကျင့်ရန် စက်တင်ဘာ ၂၅ ရက်၌ တရုတ်လေတပ်က စေလွှတ်လိုက်သည့် လေယာဉ် အစင်း ၄၀ သည် ဂျပန်နိုင်ငံပိုင်မီယာကိုနှင့် အိုကီနာဝါကျွန်း ကြားတွင်ရှိသည့် မီယာကို ရေလက်ကြားပေါ်သို့ ဖြတ်၍ ပျံသန်းခဲ့ကြသည်။ Sukhoi Su-30 တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ လောင်စာဖြည့် လေယာဉ်များ ပါဝင်သည့် ထိုလေယာဉ် အုပ်စုသည် ဂျပန်၏ ဝေဟင်ပိုင်နက်ကို ကျူးကျော်ခြင်း မရှိဘဲ ပျံသန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုစစ်ရေး လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ဝေးကွာသော ပင်လယ်ပြင်ပေါ်၌ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ရန်ရည်ရွယ်သည်ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယမန်နှစ်က မီယာကို ရေလက်ကြားပေါ်သို့ တရုတ်စစ်လေယာဉ်များ ပထမဆုံးအကြိမ် ပျံသန်းပြီးနောက် ယခုတစ်ကြိမ် ထပ်မံပျံသန်း ခဲ့ခြင်းဖြစ်သည်။
ဂျပန်စစ်တပ်သည် ကမ်းရိုးတန်းနိုင်ငံများအတွက် စွမ်းဆောင်ရည် မြင့်တက်လာစေရန် အကူအညီများပေးခြင်း၊ ဒေသတွင်း ရေတပ်များနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ အမေရိကန် ရေတပ်နှင့် ပူးတွဲကင်းလှည့် လေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ဂျပန်အစိုးရသည် တောင်တရုတ်ပင်လယ်နှင့် ဆက်စပ်ပတ်သက်မှုကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါက ယခုလ အစောပိုင်း၌ ပြောကြားခဲ့သည်။
အာရှအင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် ဂျပန်တို့သည် အရှေ့တရုတ် ပင်လယ်ထဲတွင် ပိုင်နက်အ ငြင်းပွားမှုတစ်ခု ဖြစ်ပွားနေစဉ် အမေရိကန်၏ အဓိက မဟာမိတ်နိုင်ငံဖြစ်သည့် ဂျပန်က အငြင်းပွား နယ်နိမိတ် အတွင်းရှိ အခြားနိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးတက်လာစေရန် ကြိုးပမ်းလျက်ရှိသည်။
တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက်ထဲတွင် တရုတ်အစိုးရက တစ်ဖက်သတ် ကြေညာထားသော လေကြောင်းကာကွယ်ရေး သက်သေပြဇုန် (ADIZ) ထဲ၌ ကင်းလှည့်မှုများ ပြုလုပ်ရန် ဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ် အများအပြားကို ရွှေ့ပြောင်းထားသည်ဟုလည်း ဖော်ပြခဲ့သည်။                                 
Ref : AFP

Most Read

Most Recent