နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို မမှုကြောင်း ပြသခဲ့သော မြောက်ကိုရီးယား၏ လေကြောင်းပြပွဲ

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို မမှုကြောင်း ပြသခဲ့သော မြောက်ကိုရီးယား၏ လေကြောင်းပြပွဲ
Published 25 September 2016

ပဉ္စမမြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ် အကြာတွင် မြောက်ကိုရီးယားသည် နိုင်ငံ၏ ပထမဆုံး လေကြောင်းပြပွဲကို စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည်။
ယခင်က စစ်ဘက်သုံး လေယာဉ်ကွင်း ဖြစ်ခဲ့ပြီး ပြီးခဲ့သောနှစ်တွင် မွမ်းမံပြင်ဆင်မှု ပြီးစီးခဲ့သည့် ကယ်မာလေဆိပ်တွင် Wonsan International Friendship Air Festival ကို နှစ်ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျှော်လင့်မထားသော အရပ်ဘက်နှင့် စစ်ဘက်သုံး လေယာဉ်များကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းပြပွဲကို စက်တင်ဘာ ၉ ရက်တွင် ပဉ္စမမြောက် နျူကလီးယား စမ်းသပ်မှု မပြုလုပ်မီကတည်းက ကြိုတင်ပြင်ဆင် ထားပြီးဖြစ်သည်။ ယင်းစမ်းသပ်မှုကြောင့် နိုင်ငံတကာက အလွန်အမင်း ဒေါသထွက်ခဲ့ကြပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်ပြီး အလွန်အမင်း အထီးကျန်နေသော မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ယင်းပြပွဲကို အမေရိကန်၏ Hughes MD-500 စစ်ဘက် ရဟတ်ယာဉ်၏ လေကြောင်း သရုပ်ပြမှုဖြင့် စတင်ခဲ့သည်။ ယင်းလေယာဉ်သည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အမေရိကန်၏ ပို့ကုန်ကန့်သတ်မှုများကို ရှောင်လွဲှပြီး တတိယတစ်နိုင်ငံမှတစ်ဆင့် ဝယ်ယူခဲ့သော လေယာဉ်များအနက် တစ်စင်းဖြစ်သည်။ မြောက်ကိုရီးယားသည် ဇန်နဝါရီ ၆ ရက်က စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား လေကြောင်းကဏ္ဍကို ပစ်မှတ်ထား၍ ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်များအရ ကုလအဖွဲ့ဝင်နိုင်ငံများသည် မြောက်ကိုရီးယားထံ လေကြောင်းသုံး လောင်စာဆီများ ထောက်ပံ့ခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်ခွင့် မရှိပေ။
သို့သော် Nautilus Institute for Security က မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် ပြည်တွင်း၌ ဂျက်လေယာဉ်သုံး လောင်စာ ထောက်ပံ့မှုရှိသဖြင့် လေတပ်မှ လေယာဉ်များသည် အထူးသဖြင့် နှစ်စဉ် ပြုလုပ်ရသော လေ့ကျင့်ပျံသန်းမှု နည်းပါးခြင်းကြောင့် ပျံသန်းနိုင်ရန ်အတွက်မူ လုံလောက်နိုင်ခြေရှိကြောင်း ဖော်ပြခဲ့သည်။
ယင်းလေကြောင်းပြပွဲတွင် Hughes ရဟတ်ယာဉ်နောက်မှ မြောက်ကိုရီးယား လေတပ်တွင် အဆင့်မြင့်ဆုံး လေယာဉ်ဖြစ်သည့် ဆိုဗီယက်ခေတ် တည်ဆောက်ခဲ့သော Mikoyan MiG-29 Fulcrum ၏ အစောပိုင်း မော်ဒယ်လေယာဉ်က တစ်စင်းတည်း သရုပ်ပြပျံသန်းခဲ့သည်။ မြောက်ကိုရီးယား လေတပ်တွင် ကျန်ရှိသော လေယာဉ်တပ်စု၏ အများစုမှာ MiG-17၊ MiG-19 နှင့် MiG – 21 များကို တရုတ်က ပုံစံတူ တည်ဆောက်ထားသော သက်တမ်းရင့် လေယာဉ်များဖြစ်သည်။ မြောက်ကိုရီးယားတွင် လေယာဉ်ပျံသန်းချိန်နှင့် လေယာဉ်မှူးများ လေ့ကျင့်ချိန် နည်းပါးမှုတို့က အိမ်နီးချင်း တောင်ကိုရီးယားနှင့် နှိုင်းယှဉ်ပါက လေတပ်နည်းပညာ အလွန်အမင်း ကွာဟစေခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုသည်။
မြောက်ကိုရီးယား လေဆိပ်များသည် ပုံမှန်အားဖြင့် လုံခြုံရေး တင်းကျပ်သော နေရာများ ဖြစ်သော်လည်း ကာမယ်လေဆိပ်နှင့် ယင်းပတ်လည်ရှိ လေယာဉ်ကွင်းတွင် ပြုလုပ်ခဲ့သော ယင်းလေကြောင်းပြပွဲသို့ ထောင်နှင့်ချီသော ဒေသခံပရိသတ်များ၊ ပြည်ပမီဒီယာနှင့် နိုင်ငံပေါင်း ၂၀ မှ လေကြောင်းကို အလွန်အမင်း စိတ်ပါဝင်စားသူ ရာဂဏန်းကို ကြည့်ရှုလေ့လာခွင့် ပေးခဲ့သည်။
ယင်းပြပွဲတွင် မြောက်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး နှစ်ဦးက ဆိုဗီယက်ခေတ်လုပ် MiG – 21 တိုက်လေယာဉ် နှစ်စင်းအား အလှပြ ပျံသန်းမှုကို ပရိသတ်များက အထူးစိတ်ဝင်စားခဲ့ကြသည်။ ဂျိုကမ်-ယန်နှင့် ရင်ဆို ဟုခေါ်ဆိုသော ယင်းအမျိုးသမီး နှစ်ဦးသည် ပြီးခဲ့သောနှစ်တွင် ခေါင်းဆောင် ကင်ဂျုံအွန်က ၎င်းတို့၏ပျံသန်း လေ့ကျင့်မှုတစ်ခုကို လာရောက် ကြည့်ရှုခဲ့ပြီး flowers of the sky ဟု အမည်ပြောင်ပေးခဲ့ပြီး နောက်ပိုင်း နိုင်ငံတွင်း၌ ကျော်ကြားလာခဲ့သည်။
ယင်းလေကြောင်းပြပွဲတွင် MiG29 လေယာဉ်များနှင့် နောက်ပိုင်းတွင် Sukhoi-25 တိုက်လေယာဉ် တစ်စင်းတို့က လူအုပ်ပေါ်မှ အနိမ့်ပျံသန်းမှုများကို ပြည်ပလေ့လာသူ အများအပြားက ထောက်ပြခဲ့ကြပြီး ယင်းကဲ့သို့ ပျံသန်းမှုကို နိုင်ငံတကာ လေကြောင်းပြပွဲများတွင် ခွင့်မပြုကြောင်း ဆိုသည်။
ယခင်က အပန်းဖြေနေရာ ဖြစ်ခဲ့သော ဝန်ဆန်သည် အနီးရှိ မောင့်ကမ်ဂန်ခရိုင်နှင့် ယှဉ်တွဲလျက် ယခုအခါ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသည့်နေရာ ဖြစ်လာနေသည်။ ဝန်ဆန်မှ ၂၅ ကီလိုမီတာခန့် အကွာတွင် ကင်ဂျုံအွန် အလွန်အမင်း နှစ်သက်သည့် စီမံကိန်းတစ်ခုဖြစ်သော ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည့် မာဆက် စကိတ်စီး အပန်းဖြေစခန်းရှိကြောင်း သိရသည်။ မောင့်ကမ်ဂန်သည် ယခင်က တောင်ကိုရီးယား ခရီးသွားများအတွက် ရည်ရွယ်သော အပန်းဖြေ စခန်းတစ်ခုအဖြစ် ဖော်ဆောင်ခဲ့သည့် နေရာဖြစ်သည်။   
Ref : AFP

Most Read

Most Recent