အိုဘားမား လာစားခဲ့သည့် ဗီယက်နမ် ခေါက်ဆွဲဆိုင်သို့ စားသုံးသူ အမြောက်အမြား စုပြုံရောက်လာ

အိုဘားမား လာစားခဲ့သည့် ဗီယက်နမ် ခေါက်ဆွဲဆိုင်သို့ စားသုံးသူ အမြောက်အမြား စုပြုံရောက်လာ
အမေရိကန်သမ္မတအိုဘားမား သွားရောက် စားသောက်ခဲ့သည့် ဟနွိုင်းရှိ Bun Cha Huong Lien စားသောက်ဆိုင်တွင် စက်တင်ဘာ ၁၂ ရက်က လာရောက် စားသုံးနေကြသူများ
အမေရိကန်သမ္မတအိုဘားမား သွားရောက် စားသောက်ခဲ့သည့် ဟနွိုင်းရှိ Bun Cha Huong Lien စားသောက်ဆိုင်တွင် စက်တင်ဘာ ၁၂ ရက်က လာရောက် စားသုံးနေကြသူများ
Published 25 September 2016
Ref: AFP

အမေရိကန်သမ္မတဘာရက် အိုဘားမားသည် ဗီယက်နမ်ခရီးစဉ်အတွင်း ဟနွိုင်းမြို့ရှိ နာမည်ကြီးသော ဝက်သားခေါက်ဆွဲကို Bun Cha Huong Lien စားသောက်ဆိုင်၌ ပလတ်စတစ်ထိုင်ခုံ တစ်လုံးဖြင့် ထိုင်ကာ စားသောက်ခဲ့သည်မှာ လေးလကြာပြီဖြစ်သည်။ ယင်းကြောင့် လက်ရှိအချိန်တွင် အဆိုပါစားသောက်ဆိုင်သည် အရသာမြည်းစမ်းရန် ရောက်လာကြသော လူအမြောက်အမြားကြောင့် အကျိုးဖြစ်ထွန်းနေသည်။ယခင်က Bun Cha Huong Lien စားသောက်ဆိုင်၏ အဓိကဖောက်သည်များမှာ ပြည်တွင်း စားသုံးသူများသာ ဖြစ်ကြသည်။ သို့သော် အိုဘားမားရောက်လာပြီးနောက်ပိုင်း Obama bun cha ဟု လူသိ ပိုများလာသော ထိုစားသောက်ဆိုင်တွင် ဝက်သားကင်နှင့် ဆန်ခေါက်ဆွဲကို စားရန် နိုင်ငံခြားသားမြောက်မြားစွာ ရောက်လာကြကြောင်း သိရသည်။ ထိုဝက်သားခေါက်ဆွဲမှာ ဟနွိုင်း၏ ပင်တိုင် နေ့လယ်စာတစ်မျိုးဖြစ်သည်။“အိုဘားမားက ဘာဖြစ်လို့များ ဒီစားသောက်ဆိုင်ကို ရွေးခဲ့တယ်ဆိုတာ သိချင်ကြတဲ့အတွက် လူတွေ အများကြီးက လာစားနေကြတာ ဖြစ်ပါတယ်”  ဟု ထိုစားသောက်ဆိုင်ကို ၂၃ နှစ်ကြာ ဖွင့်ခဲ့သည့် ဆိုင်ပိုင်ရှင်အမျိုးသမီး ငုယင်သီလိုင်က ပြောကြားခဲ့သည်။လက်ရှိတွင် လိုင်သည် နေ့လယ်စာ အထူးခေါက်ဆွဲတစ်ပွဲ၊ ကော်ပြန့်ကြော်တစ်ပွဲနှင့် ဟနွိုင်း ဘီယာတစ်မျိုးပါဝင်သော Combo Obama ဟု အမည်ပေးထားသည့် တစ်ဆက်စာကို လေးဒေါ်လာဖြင့် ရောင်းချနေသည်။ သို့သော် လိုင်က ဈေးတက်၍ ရောင်းခြင်း လုံးဝမရှိဟု အခိုင်အမာ ပြောကြားခဲ့သည်။“ရောက်လာကြတဲ့လူတွေ တအားများတော့ ကျွန်မတို့လည်း သူတို့အားလုံးကိုတော့ အကုန် ဧည့်မခံနိုင်ဘူးပေါ့”  ဟု လိုင်က ဆိုသည်။ယခုဆိုလျှင် လိုင်၏ နှစ်ထပ်စားသောက်ဆိုင်တွင် အိုဘားမား၊ ၎င်းနှင့်အတူ လာရောက်စားသုံးခဲ့သည့် ကမ္ဘာလှည့်နေသော အမေရိကန်စားဖိုမှူး အန်ထော်နီဘော်ဒွင်တို့၏ ပုံများကို ချိတ်ထားလျက်ရှိသည်။အိုဘားမားသည် မေလက  ဗီယက်နမ် ခရီးစဉ်အတွင်း ဘော်ဒင်းနှင့်အတူ ညနေပိုင်း၌ ခေါက်ဆွဲ လာစားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဘော်ဒွင်ကလည်း 'လူမသိသေးသည့် နေရာများ' ဟု အမည်ပေးထားသော ၎င်း၏ CNN တနင်္ဂနွေ ရုပ်သံအစီအစဉ်ကို အိုဘားမားနှင့်အတူ ရိုက်ကူးသွားခဲ့သည်။ ထိုခရီးစဉ်ကြောင့် အိုဘားမားသည် ဗီယက်နမ်စစ်ပွဲပြီးခဲ့သည့် ၁၉၇၅ ခုနှစ်နောက်ပိုင်း ဗီယက်နမ်သို့ ရောက်လာခဲ့သည့် ရာထူးထမ်းဆောင်ဆဲ တတိယမြောက်သမ္မတ ဖြစ်လာခဲ့သည်။ထိုအစီအစဉ်၏ အစမ်းပြသကွက် တစ်ခုထဲတွင် တူဖြင့် ကျွမ်းကျင်စွာ ခေါက်ဆွဲစားနေသော အိုဘားမား၏ တူကိုင်စွမ်းရည်ကို ဘော်ဒွင်က ချီးကျူးခဲ့သည်ကို တွေ့ရသည်။ အိုဘားမားကလည်း ဒေသ အစားအစာ ခေါက်ဆွဲကို သဘောကျ ကြိုက်နှစ်သက်ခဲ့ပုံ ရခဲ့သည်။ဟနွိုင်း၏ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုပင်ဖြစ်လာသော ထို ဝက်သားခေါက်ဆွဲဆိုင်သို့ လာရောက် စားသုံးသူဦးရေသည် နှစ်ဆ မြင့်တက်လာခဲ့သည်ဟု ဆိုင်ပိုင်ရှင် လိုင်က ဆိုသည်။“အိုဘားမားလည်း ဒီကိုလာတယ်။ အန်ထော်နီဘော်ဒွင်လည်း ဒီကိုလာတယ်။ သူတို့ကြည့်ရတာလည်း စားကောင်းခဲ့ပုံရတယ်။ ဒါကြောင့် ကျွန်တော်လည်း ဒီကိုလာပြီး ဟုတ်၊ မဟုတ် လာစားတာပါ”  ဟု အမေရိကန်ခရီးသွား အင်ဒရူးလာလာက ပြောကြားခဲ့သည်။

Most Read

Most Recent