တူရကီတွင် ယာဉ်မောင်းကို ခရီးသည်က ထီးဖြင့် တိုက်ခိုက်သဖြင့် ကားများ ဆင့်တိုက်မှု ဖြစ်ပွား

တူရကီတွင် ယာဉ်မောင်းကို ခရီးသည်က ထီးဖြင့် တိုက်ခိုက်သဖြင့် ကားများ ဆင့်တိုက်မှု ဖြစ်ပွား
Published 24 September 2016

အစ္စတန်ဘူမြို့တွင် အမျိုးသားတစ်ဦးသည် ဘတ်စ်ကားမောင်းသူအား ထီးတစ်လက်ဖြင့် တိုက်ခိုက်ခဲ့ရာ လမ်းပေါ်၌ ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်ပြီး ယာဉ်အများအပြား ဆင့်တိုက်မှု ဖြစ်ပေါ်စေခဲ့သဖြင့် ထိုတိုက်ခိုက်သူ အမျိုးသားကို တူရကီရဲများက ဖမ်းဆီးခဲ့ကြသည်။
သီးသန့် ယာဉ်ကြောပေါ်၌သာ မောင်းနှင်ရသော မြို့ပြဘတ်စ်တစ်စီးပေါ်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုဘတ်စ်ကားသည် ထိန်းချုပ်နိုင်မှု မရှိတော့ဘဲ အခြားကားလမ်း၌ ပုံမှန်သွားလာနေသည့် ယာဉ်များကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်အတွင်း လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုဘတ်စ်ကားသည် အခြားကားသုံးစီးပေါ်သို့ ဖြတ်မောင်းနှင်မိကာ ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ပေါ်စေခဲ့ပြီး နံနက်ပိုင်း လူကျပ်သော အချိန်တွင် အဓိက ကားလမ်းမကြီးကို ပိတ်ထားခဲ့ရသည်။ ရုပ်သံသတင်းတွင် ဖော်ပြချက်အရ ဘတ်စ်ကားမောင်းသူနှင့် စကားများနေသည့် ခရီးသည်တစ်ဦးသည် ၎င်း၏ထီးဖြင့် ယာဉ်မောင်းသူကို ရိုက်နှက်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ယာဉ်မောင်းမှာထိုင်ခုံပေါ်မှ ပြုတ်ကျပြီး ဘတ်စ်ကားမှာလည်း အခြား ယာဉ်ကြောထဲသို့ ထိုးဝင်သွားခဲ့သည်။ အသက် ၃၅ နှစ်အရွယ် ထီးဖြင့် တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။
Ref: AFP

Most Read

Most Recent