NLD အစိုးရလက်ထက် လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အစိုးရ၏ မူဝါဒကို မေးခွန်းထုတ်မှုထက် မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်နှင့်သာ သက်ဆိုင်သည့် အဆိုနှင့်မေးခွန်းများ အများဆုံးတင်သွင်းဟု OMI အစီရင်ခံစာတွင် ဖော်ပြ

NLD အစိုးရလက်ထက် လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အစိုးရ၏ မူဝါဒကို မေးခွန်းထုတ်မှုထက် မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်နှင့်သာ သက်ဆိုင်သည့် အဆိုနှင့်မေးခွန်းများ အများဆုံးတင်သွင်းဟု OMI အစီရင်ခံစာတွင် ဖော်ပြ
Published 20 September 2016

NLD အစိုးရလက်ထက် လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အစိုးရ၏ မူဝါဒကို မေးခွန်းထုတ်မှုထက် မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်နှင့်သာ သက်ဆိုင်သည့် အဆိုနှင့်မေးခွန်းများ အများဆုံး တင်သွင်းခဲ့ကြောင်း လွှတ်တော် လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့(OMI) က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များအဖြစ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများတွင် မဲဆန္ဒနယ် တစ်ခုလုံးအတွက်သော် လည်းကောင်း၊ တစ်စိတ် တစ်ဒေသအတွက်သော် လည်းကောင်း ကိုယ်စားပြုမှု ရည်ရွယ်ချက်ဖြင့် မေးမြန်းခဲ့သော မေးခွန်းနှင့် အဆိုရာခိုင်နှုန်းမှာ ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းမှု ၈၃ ခုအနက် ရာခိုင်နှုန်း ၇၀ ကျော်နှင့် အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းမှု ၃၃ ခုအနက် ၆၆ ရာခိုင်နှုန်းကျော်ရှိကြောင်း ဖော်ပြထားသည်။
 
လွှတ်တော်နှစ်ရပ်တွင် မြို့နယ်တစ်ခု ခုနှင့်ဆက်စပ်၍ ဆောင်ရွက်သည့် မေးခွန်းပေါင်း ၈၅ခု နှင့် အဆိုပေါင်း ၇ ခုအထိ ရှိခဲ့ပြီး အခြေခံအဆောက်အအုံနှင့် ပတ်သက်သည့် အကြောင်းအရာများကို အများဆုံးမေးမြန်း ဆွေးနွေးခဲ့ကြောင်း တွေ့ရသည်ဟု OMI အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
 
ထို့ပြင် အဆိုတင်သွင်းမှုမှာ  ပြည်သူ့လွှတ်တော်တွင် အဆိုစုစုပေါင်း ၁၃ ခုအနက် အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍ အဆိုအများဆုံး တင်သွင်းခဲ့သော်လည်း  အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အစိုးရအား ထိန်းကျောင်းစိစစ်လိုသည့် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အဆိုတစ်ခုကိုသာ ရခိုင်အမျိုးသားပါတီက တင်သွင်းမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။ 
 
“အခုတစ်ကြိမ် အစည်းအဝေးမှာတော့ အစိုးရကို ရွေးကောက်တင်မြှောက်ရတာတွေ၊ ကော်မတီတွေ ဖွဲ့စည်းနိုင်ကြတာတွေနဲ့ အလုပ်တွေ များနေပြီးတော့ မေးခွန်းတွေ၊ အဆိုတွေ ကောင်းကောင်း မတင်သွင်းနိုင်တာကို တွေ့ရတယ်။ အစိုးရကို ထိရောက်တဲ့ မေးခွန်းထုတ်မှုမျိုးနဲ့ မေးခွန်းတွေ အဆိုတွေကနေ အစိုးရကို ထိထိရောက်ရောက် ဖိအားပေး ဆောင်ရွက်နိုင်တာမျိုး မရှိဘူး။ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တွေက နည်းဥပဒေပိုင်းကို အရမ်းကို ကျေညက်တာမျိုး မရှိတဲ့အတွက် မေးခွန်းတွေ၊ အဆိုတွေ မေးတဲ့နေရာမှာ ထိထိရောက်ရောက် မမေးနိုင်တာမျိုးတွေ ပြီးတော့ နည်းဥပဒေကို ကိုင်တွယ်ပြီးတော့ ပြုစုတဲ့အပိုင်းမှာ  အားနည်းချက်ရှိတယ်ပေါ့။ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာလည်း အဆိုတွေ၊ မေးခွန်းတွေ မေးမြန်းနိုင်တာလည်း နည်းတယ်”ဟု OMI မှ သုတေသနဒါရိုက်တာ ကိုထင်ကျော်အေးက ပြောကြားသည်။
 
အစိုးရအား ထိန်းကျောင်းစိစစ်မှု ရည်ရွယ်ချက်ဖြင့် မေးမြန်းမှုမှာ ပြည်သူ့လွှတ်တော်တွင် ၂၄ ရာခိုင်နှုန်းနှင့် အမျိုးသားလွှတ်တော်တွင် ၃၃ ရာခိုင်နှုန်းသာ ရှိခဲ့ကာ ဥပဒေပြုရေးနှင့် ပတ်သက်၍မူ ပြည်သူ့လွှတ်တော်တွင်သာ တစ်ရာခိုင်နှုန်းခန့်သာ မေးမြန်းခဲ့ပြီး အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းမှု မရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
 
မေးခွန်းမေးမြန်းမှုများနှင့် အဆိုတင်သွင်းမှု အများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအများဆုံး တင်သွင်းမေးမြန်းခဲ့သည့်ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်အမျိုးသားပါတီတို့ ဖြစ်ကြောင်း သိရသည်။
 
ဒုတိယအကြိမ် လွှတ်တော်များ၏ ပုံမှန်အစည်းအဝေးကို ၂၀၁၆ ဖေဖော်ဝါရီ  ၁ ရက် မှဇွန် ၁၀ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ OMI အနေဖြင့် လွှတ်တော်များ၏ လုပ်ငန်းဆောင်တာများကို လေ့လာရာတွင် ဥပဒေပြုလွှတ်တော်များ၏ အဓိကလုပ်ငန်းများဖြစ်သော ဥပဒေပြုမှု၊ အစိုးရအား ထိန်းကျောင်းစိစစ်မှုနှင့် မဲဆန္ဒရှင်ပြည်သူများအား ကိုယ်စားပြုနိုင်မှု စသည်တို့ကို လွှတ်တော်အစည်းအဝေး မှတ်တမ်းများမှ အချက်အလက်များ ထုတ်ယူပြီး အရေအတွက်ပြ သုတေသနပြုနည်းဖြင့် ပြုစုထားကြောင်း သိရသည်။ဇာလီမြင့်ဦး
 
 

Most Read

Most Recent