ဆမ်ဆောင်းက Note 7 ဖုန်းများ စတင်လဲလှယ်ပေး

ဆမ်ဆောင်းက Note 7 ဖုန်းများ စတင်လဲလှယ်ပေး
Published 19 September 2016

ဘက်ထရီပေါက်ကွဲမှု ပြဿနာကို ရင်ဆိုင်နေရသော ဆမ်ဆောင်းသည် စက်တင်ဘာ ၁၉ ရက်က တောင်ကိုရီးယား၌ Note 7 ဖုန်းများကို စတင်လဲလှယ် ပေးခဲ့ကြောင်း သိရသည်။ အားသွင်းနေစဉ် မီးလောင်မှုများ ဖြစ်ခဲ့ပြီးနောက် ဆမ်ဆောင်းသည် ၎င်း၏ Note 7 ဖုန်း ၂ ဒသမ ၅ သန်းကို ပြန်လည် သိမ်းဆည်းမည်ဟု ပြီးခဲ့သည့် နှစ်ပတ်ကျော်က ကြေညာခဲ့သည်။ သို့သော် တောင်ကိုရီးယားတွင် Note 7 ဖုန်းများ လဲလှယ်ပေးမှုကို လာရောက်လဲလှယ်သူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက်မှစ၍ ဗြိတိန်အပါအဝင် ဥရောပနိုင်ငံများနှင့် တောင်ကိုရီးယားတို့တွင် Note 7 ဖုန်းများကို စတင်လဲလှယ်ပေးခဲ့ကြောင်း ဆမ်ဆောင်းပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုခဲ့သည်။ အမေရိကန်တွင် စက်တင်ဘာ ၂၁ ရက်မှစ၍ Note 7 ဖုန်းများ လဲလှယ်ပေးမည်ဖြစ်ပြီး ကျန်ဈေးကွက်များတွင် လာမည့် တစ်ပတ်၌ လဲလှယ်ပေးမည်ဟု ဆမ်ဆောင်းက ပြောကြားခဲ့ သည်။ ပြိုင်ဘက် Apple ၏ iPhone 7 နှင့်  အခြားတရုတ်လုပ် ဈေးချိုသော ဖုန်းများကို ယှဉ်ပြိုင်နေရချိန်တွင် Note 7 ဖုန်းများ အောင်မြင်စွာ လဲလှယ်ပေးနိုင်မှုက စားသုံးသူ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရန် ဆမ်ဆောင်းအတွက် အလွန်အရေးပါခဲ့သည်။
Note 7 ဖုန်းများ ပြန်လည် ရုပ်သိမ်းရမှုကြောင့် ဒေါ်လာ ၂ ဒသမ ၉ ဘီလျံခန့် ဆုံးရှုံးနစ်နာဖွယ်ရှိကြောင်း ဆိုးလ်အခြေစိုက် IBK Investment & Securities မှ လေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားခဲ့သည်။
တောင်ကိုရီးယား စားသုံးသူများသည် ၂၀၁၇ မတ်လမတိုင်ခင်အထိ Note 7 ဖုန်းများကို လဲလှယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
Ref : AFP
     
 

Most Read

Most Recent