စာအုပ်ရောင်းသူ၏ မန္တလေးဈေးချိုညဈေး

စာအုပ်ရောင်းသူ၏ မန္တလေးဈေးချိုညဈေး
Published 19 September 2016
သက်ထွန်းအောင်

မန္တလေးမြို့ကြီးရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ၈၄ လမ်းမကြီး (ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး) ပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေဟာ ညပိုင်းအချိန်ထိ သွားလာနေကြဆဲပါ။ အရှိန်နဲ့ မောင်းနေကြတဲ့ ယာဉ်တွေဟာ ၂၉ လမ်းရောက်ရင် အလိုလို နှေးသွားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးချိုတော်ညဈေးတန်းကြီး ရှိနေလို့ပါ။စည်ကားလှတဲ့ ဈေးချိုတော်ကြီးနဲ့ မန်းမြန်မာဈေးချို ပလာဇာ ဈေးပိတ်ချိန် ညနေစောင်း အချိန်ကနေ ဈေးချိုညဈေးတန်းဟာ ၂၉ လမ်းကနေစပြီး ၂၆ လမ်း (B) လမ်းအထိ ခင်းကျင်း ရောင်းချလာကြပါတယ်။ စာအုပ်အဟောင်းရောင်းတဲ့ဆိုင်၊ အင်္ကျီဆိုင်၊ လူသုံးကုန်၊ ထိုးမုန့်/လမုန့်ဆိုင်၊ ဖိနပ်ဆိုင်၊ ဒီဗီဒီ အခွေဆိုင်၊ ထမင်းဟင်းနဲ့ တခြားစားသောက်စရာတွေနဲ့ တခြားပစ္စည်းတွေကို စုံစုံလင်လင် ရောင်းချကြပါတယ်။အဲဒီညဈေးတန်းဟာ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ မြူနီစပယ်ဥက္ကဋ္ဌ မင်းဘူး ဦးမောင်မောင်က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ခန်းတစ်ခန်းရဲ့ အကျယ်အဝန်းက ခြောက်ပေ၊ ရှစ်ပေ ရှိခဲ့ပါတယ်။ စဖွင့်တုန်းက အိန္ဒိယလူမျိုးဆိုင် ၃၁ ဆိုင်၊ တရုတ်ဆိုင် ၃၁ ဆိုင်၊ ဂေါ်ရင်ဂျီဆိုင် နှစ်ဆိုင်၊ မြန်မာဆိုင် ၈၅ ဆိုင်နဲ့ အဝတ်အထည်၊ လူသုံးကုန်၊ အလှကုန်နဲ့ အထွေထွေ ကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်ပေါင်း ၅၃၄ ဆိုင် ရှိခဲ့ပါတယ်။အခုလက်ရှိမှာတော့ စာအုပ်ဆိုင် ၁၀ ဆိုင်ဝန်းကျင်၊ အဝတ်အထည်ရောင်းတဲ့ဆိုင် ၄၀ ကျော်၊ တခြားဆိုင်တွေနဲ့ဆိုရင် ဆိုင်ပေါင်း ၆၀ကျော်သာ ရှိပါတော့တယ်။ ညနေ ၅ နာရီကနေ ည ၁၀ နာရီဝန်းကျင် ဈေးရောင်းတော့တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝန်ထမ်း တစ်ဦးက ပြောပါတယ်။အရင်က ညဈေးတန်းဟာ ဈေးဝယ်သူတွေလာပြီး စားသောက်တဲ့သူတွေနဲ့ လူအရမ်း စည်ကားခဲ့တဲ့နေရာ တစ်နေရာပါ။ ယခုဆိုရင် ညဈေးတန်းမှာ ဈေးဦးပေါက်ဖို့နဲ့ လာဝယ်တဲ့သူတွေကို မျှော်ရတာလည်း အမောပါဆိုပြီး ညဈေးရောင်းသူတွေထံမှ သိခဲ့ရပါတယ်။“၂၆ လမ်းပေါ်ဆိုရင် ဈေးချိုဘေးကနေ ၈၃ လမ်းအထိ ရှိခဲ့တယ်။ ၈၄ လမ်းမပေါ်ဆိုရင် ၂၉ လမ်းကနေ ၂၆ လမ်းအထိ အရမ်း စည်ကားခဲ့တယ်။ ဖုန်းတွေ ခေတ်စားလာကတည်းက စာအုပ်ဆိုင်တွေ မရောင်းရတော့ဘူး။ လူတွေက ဖုန်းနဲ့ တစ်ချိန်လုံး အချိန်ကုန်နေကြတယ်” လို့  စာအုပ်အဟောင်း ရောင်းချတဲ့ ဦးကျော်ရွှင်က ပြောပါတယ်။ဦးကျော်ရွှင်ဟာ ၂၀၀၃ ခုနှစ်လောက်ကစပြီး စာအုပ်ရောင်းခဲ့သူ တစ်ဦးပါ။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဦးကျော်ရွှင်ဟာ မြင်းမူမြို့နယ် ဆပ္ပန်းကုန်းရွာမှာ မွေးဖွားခဲ့ပြီး မန္တလေးမြို့မှာ ကြီးပြင်းခဲ့တာပါ။ သပိတ်ကျင်း မြို့နယ်မှာ သွားအလုပ်လုပ်ပြီးတဲ့နောက် ညဈေးတန်းမှာပဲ နှစ်ပေါင်းများစွာ စာအုပ်အဟောင်း ရောင်းချခဲ့သူပါ။ဦးကျော်ရွှင်ဟာ စာအုပ်အဟောင်း ရောင်းချပေမယ့် တစ်ဖက်က ဝါသနာအရ စာရေးနေသူ တစ်ယောက်ပါ။ သူရေးခဲ့တဲ့ စာတွေဟာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ပါခဲ့ပါတယ်။ ဦးကျော်ရွှင်ရေးခဲ့တဲ့ အပုဒ်ရေဟာ ၄၀ ကျော် ရှိခဲ့ပါပြီ။“စာအုပ်အဟောင်းရောင်းတဲ့ ငွေနဲ့ ဘယ်လိုမှကို တိုက်ဆောက်ကားစီး မနေနိုင်ပါဘူး။ အခုနေတာလည်း ဘုန်းကြီးကျောင်းမှာ ကပ်နေရတာ။ ဝါသနာအရရယ် အရင်းအနှီး မတတ်နိုင်တာကြောင့်ပါ။ စုရင်လည်း ပိုက်ဆံမစုဘူး။ စာအုပ်တွေပဲ စုတယ်။ သေတဲ့အချိန်ထိ ဒီစာအုပ်နဲ့ပဲ နေမယ်ဆိုပြီး အမြဲတမ်း တွေးထားတယ်” ဟု  ဦးကျော်ရွှင်က ရယ်ပြီးပြောပါတယ်။ဈေးချိုညဈေးတန်းမှာ ဦးကျော်ရွှင်လို အစဉ်အဆက် စာအုပ်ရောင်းတဲ့သူတွေ ရှိသလို ညဈေးတန်းမှာ ဈေးမရောင်းတော့ဘဲ အသက်မွေးဝမ်းကျောင်း ပြောင်းသွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။၁၉၇၆ ခုနှစ်ကတည်းက စရောင်းခဲ့တဲ့ ဦးညိုထွေးဆိုသူကလည်း ညဈေးတန်းမှာ စာအုပ်အဟောင်း ရောင်းချခြင်းကို ယခုထိတိုင် ရောင်းချနေပါတယ်။စာအုပ်တွေကို စာအုပ်ဆိုင်တွေနဲ့ ပုလင်းဝင်းရပ်ကွက်က အဟောင်းပစ္စည်းဆိုင်တွေမှာ သွားရောက်ပြီး သွားဝယ်ယူရပါတယ်။ ပုလင်းဝင်းဟာ စာအုပ်အဟောင်းတွေ အစုံရနိုင်တဲ့ နေရာတစ်နေရာပါ။ညဈေးတန်း စာအုပ်အဟောင်း ဈေးကွက်တွင် နည်းပညာနှင့် ပတ်သက်သည့် စာအုပ်တွေမှာ အများဆုံးရောင်းရပြီး တခြားကျောင်းသုံးစာအုပ်တွေ၊ ဗေဒင်စာအုပ်တွေ၊ သမိုင်းစာအုပ်တွေနဲ့ တခြားဗဟုသုတဆိုင်ရာ စာအုပ်တွေကို စုံစုံလင်လင် ရောင်းချနေတာကို တွေ့ရပါတယ်။ဈေးကွက်စီးပွားရေးနဲ့အတူ အသုံးအဆောင် ပစ္စည်းတွေ ပေါများလာတာ၊ အဓိက လမ်းမကြီးတွေမှာ မီးရောင်ထိန်ထိန်နဲ့ လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ ခေတ်မီဈေးဝယ်စင်တာတွေ၊ ပလာဇာတွေ အပြိုင်းအရိုင်း ပေါ်ပေါက်လာပေမယ့် ဈေးချိုညဈေးတန်းထဲမှာ အပျင်းပြေ လမ်းလျှောက်ရင်း စားချင်တာစား၊ ဝယ်ချင်တာဝယ်၊ ဖတ်ချင်တဲ့ စာအုပ်တွေကလည်း စုံစုံလင်လင်ရှိ ဈေးနှုန်းတွေကလည်း အသင့်သင့် ရှိနေတာမို့ လူမျိုးမရွေး၊  ဆင်းရဲချမ်းသာမရွေး လာလို့ရတဲ့ နေရာပါ။ဘာပဲဖြစ်ဖြစ် ဈေးချိုညဈေးတန်းကို မြတ်နိုးစွာနဲ့ ဖက်တွယ် ရောင်းချနေတဲ့ ဈေးသည်တွေ၊ မန္တလေးရဲ့ အငွေ့အသက်ကို ရှူ ရှိုက်ရင်း ဈေးဝယ်လိုသူတွေ ရှိနေသေးသရွှေ့ မန္တလေးရဲ့ ညဈေးတန်းဟာ သက်တော်ရာ ကျော်ရှည်နေဦးမှာပါ...။

Most Read

Most Recent