ကချင်ပြည်နယ်အတွင်း ပစ်ခတ်မှုများ၊ တိုက်ပွဲများဖြစ်ပွားရာတွင် ကေအိုင်အေနှင့် တပ်မတော် နှစ်ဖက်စလုံးက ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သို့ ဆက်သွယ်ခြင်း မရှိသဖြင့် ဖြေရှင်းရန် ခက်နေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ ပြောကြား

ကချင်ပြည်နယ်အတွင်း ပစ်ခတ်မှုများ၊ တိုက်ပွဲများဖြစ်ပွားရာတွင် ကေအိုင်အေနှင့် တပ်မတော် နှစ်ဖက်စလုံးက ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သို့ ဆက်သွယ်ခြင်း မရှိသဖြင့် ဖြေရှင်းရန် ခက်နေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ ပြောကြား
Published 18 September 2016
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ်အတွင်း ပစ်ခတ်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားရာတွင် ကေအိုင်အေနှင့် တပ်မတော် နှစ်ဖက်စလုံးက ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သို့ ဆက်သွယ်ခြင်း မရှိသဖြင့် ဖြေရှင်းရန် ခက်နေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောကြားသည်။ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “ကျွန်တော်တို့ကတော့ အောက်ခြေက တက်လာသလောက်ပေါ့။ စက်တင်ဘာ ၁၅ ရက်မှာက လိုက်ဇာသွားရာ လမ်းဘေးက တပ်မတော်က ခိုင်ယာဘွမ်ကနေ အရှေ့ဘက် ကေအိုင်အေ စခန်းတွေကို အလုံးရာချီပြီး ပစ်တယ်လို့ သိရတယ်။ တရုတ်ဘက်ကိုလည်း ကျတယ်လို့ သိရတယ်။ သေဆုံးတာတော့ မကြားမိဘူး။ ရွာသားတွေ သုံးဦးလောက် ဒဏ်ရာရတယ်လို့တော့ သိရတယ်။ ၁၆ ရက်က ဂျိလွန်ပို့စ်နဲ့ အင်ခရန်ပို့စ်တယ်။ လိုင်ဖောင်ပို့စ်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက ကေအိုင်အေရင်း ၁၁ တိုက်နယ်ရုံးရှိတဲ့ ဆွတ်လဲယာန် တိုက်နယ်ရုံးပေါ့။ ဆားမှော်ဘက်က မနက်စောစော တပ်မတော်က ဖြတ်သွားတယ်။ မနက်စောစော ခွေးဟောင်သံတွေကြားတော့ လှမ်းပစ်ကြတယ်ပြောတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ကေအိုင်အေနဲ့ တပ်မတော်ဘက်က အကြောင်းကြားလာမှ သွားရောက် ညှိနှိုင်းတာပဲ ရှိတယ်။ အခု ဒီကိစ္စတွေမှာ တပ်ကရော၊ ကေအိုင်ရော ဘာတစ်ခုမှ အကြောင်းကြားလာတာ မရှိတော့ ဘာတစ်ခုမှ လုပ်ပေးတာ မရှိပါဘူး။ အဲဒီတော့ ဘယ်သူ့ကိုမှ သွားပြောလို့ မရဘူး။ ဒီနေ့ကတော့ ၂၁ ရာစုပင်လုံကို အခြေခံပြီး TAT (နည်းပညာ အကြံပေးအဖွဲ့)နဲ့ လူမှု အဖွဲ့အစည်းတွေက ပြန်လည်သုံးသပ်တဲ့ ဖိုရမ်လေး လုပ်တာပါ” ဟု ပြောကြားသည်။တပ်မတော်နှင့် ကေအိုင်အေတို့သည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းနံဘေးရှိ ခိုင်ယာတောင်တန်းပေါ်မှ ၎င်းအရှေ့ဘက်ရှိ စခန်းသုံးခုကို စက်တင်ဘာ ၁၂ ရက် ကတည်းက ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ပြောကြားထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် စစ်ရေးတာဝန် ထမ်းဆောင်နေသူ တစ်ဦးက “စက်တင်ဘာ ၁၇ ရက် မနက် အစောကြီးဗျ။ ၄ နာရီ ဝန်းကျင်လောက်မှာ ဖြစ်တာ။ ကျွန်တော်က အဲဒီစခန်းမှာ မရှိဘူး။ ရွာဘက်က စခန်းမှာ ၃၀၈ တောင်ကုန်းကို ကေအိုင်အေက ဝင်သိမ်းမလို့ လုပ်တယ်လို့ သိရတယ်။ တစ်နာရီလောက်တော့ ပြင်းပြင်းထန်ထန် ပစ်လိုက်ရတယ်” ဟု ပြောကြားသည်။တပ်မတော်နှင့် ကေအိုင်အေ ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၂၀၁၆ ခုနှစ် ဇူလိုင် နောက်ဆုံးပတ်အတွင်း ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-တနိုင်း လမ်းမကြီးပေါ်ရှိ ရှဒူဇွပ် ကျေးရွာအနီးရှိ ရွှေမှော်များတွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့သည်။တပ်မတော်နှင့် ကေအိုင်အေတို့သည် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ဖားကန့်လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်သားကားများ မိုင်းထိမှု၊ ဖားကန့်ဒေသသို့ သွားရောက်သည့် ရဲယာဉ်တန်းများ ပစ်ခတ်ခံရမှု၊စာသင်ကျောင်းအတွင်း လက်နက်ကြီး ကျရောက်ပြီး ဆရာမနှင့် ကျောင်းသား ဒဏ်ရာရရှိမှု၊ နေအိမ် မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent