ဖိလစ်ပိုင် မွတ်စလင် စစ်သွေးကြွများက ကိုယ်ပိုင်နယ်မြေ ထူထောင်ရန် ဆန္ဒထက်သန်နေဟု ဒူတာတေး ပြောကြား

ဖိလစ်ပိုင် မွတ်စလင် စစ်သွေးကြွများက ကိုယ်ပိုင်နယ်မြေ ထူထောင်ရန် ဆန္ဒထက်သန်နေဟု ဒူတာတေး ပြောကြား
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခု၏ လမ်းပေါ်တွင် မောင်းနှင်နေသည့် စစ်တပ်တင့်ကားတစ်စီးကို မတ် ၃၁ ရက်က တွေ့ရစဉ် (Photo: AFP)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခု၏ လမ်းပေါ်တွင် မောင်းနှင်နေသည့် စစ်တပ်တင့်ကားတစ်စီးကို မတ် ၃၁ ရက်က တွေ့ရစဉ် (Photo: AFP)
Published 17 September 2016

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အဘူဆေယက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့သည် မွတ်စလင်နိုင်ငံတစ်ခု ထူထောင်ရန် ဆန္ဒပြင်းပြနေဟု စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ပြန်ပေးဆွဲပြီး ပြန်ပေးငွေတောင်းသော ယင်းစစ်သွေးကြွအဖွဲ့သည် ယခုလအတွင်း ဒူတာတေး၏ မွေးရပ်မြေ ဒါဗာအိုမြို့တွင် ဗုံးခွဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
လူ ၁၅ ဦး သေဆုံးစေခဲ့သော ယင်းတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့် အနေဖြင့် စစ်သွေးကြွများကို အရှင်လတ်လတ် စားပစ်မည်ဟု ခြိမ်းခြောက်ခဲ့သော ဒေါသကြီးသည့် ဒူတာတေးက အဘူဆေယက်အဖွဲ့သည် ရာဇဝတ်လုပ်ငန်းများမှတစ်ဆင့် ငွေရရှိရန် တစ်ခုတည်းကိုသာ စိတ်မဝင်စားတော့ဟု ပြောကြားခဲ့သည်။ ပဋိပက္ခများကြောင့် ပျက်စီးနေသော ဖိလစ်ပိုင်တောင်ပိုင်းတွင် အခြေစိုက်သည့် အဘူဆေယက် အဖွဲ့မှ အဖွဲ့ဝင် အများအပြားသည် IS အဖွဲ့ကို သစ္စာခံကြောင်း ကတိပြုထားသည်ဟု သိရသည်။ သို့သော် ၎င်းတို့သည် IS အဖွဲ့၏ စိတ်ကူးထက် ရန်ပုံငွေများကိုသာ ပိုမို စိတ်ဝင်စားနေကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။
“သူတို့တွေက အရှေ့တောင်အာရှမှာ မွတ်စလင်နယ်မြေတစ်ခု ထူထောင်နိုင်ဖို့အတွက် တိုက်ခိုက်ဖို့ စိတ်ဓာတ်တွေ ပြင်းထန်နေတယ်” ဟု ဒူတာတေးက စစ်သားများကို မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ “ပြဿနာက ကျွန်တော်တို့တွေ သူတို့ကို ဘယ်လိုကျောင်းမျိုး ပေးနိုင်သလဲဆိုတဲ့ အခြေခံကျတဲ့ အရာတွေကို သူတို့တွေက မပြောတော့တာပါပဲ” ဟု ဒူတာတေးက စစ်သွေးကြွများက ယခင်က တောင်းဆိုခဲ့သည့် ဒေသဆိုင်ရာ ဝန်ဆောင်မှုများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
အဘူဆေယက်အဖွဲ့သည် ကက်သလစ် ဘာသာဝင် အဓိက နေထိုင်သော ဖိလစ်ပိုင်တွင် နိုင်ငံတောင်ပိုင်း၌ ခွဲထွက်ရေးအတွက် သောင်းကျန်းတိုက်ခိုက်နေသည့် အစွန်းရောက် မွတ်စလင် အဖွဲ့ခွဲတစ်ခုဖြစ်ပြီး ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ ယင်းအဖွဲ့၏ တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၂၀၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း သိရသည်။
အဘူဆေယက်အဖွဲ့နှင့် အီရတ်၊ ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းယူထားသော IS အဖွဲ့အကြား တရားဝင် ချိတ်ဆက်မှု မရှိကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဌာနက ထုတ်ပြန်ခဲ့သည်။ “သူတို့တွေက ISIS ကို လေးစား အားကျနေတယ်။ ဒါပေမဲ့ အမှန်တကယ်က ထောက်ခံနေတာ မဟုတ်ဘူး။ သူတို့တွေက ISIL တွေလို ဖြစ်ချင်နေတာ” ဟု ယင်းဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် အာဆင်နီယိုအန်ဒိုလောင်က IS အဖွဲ့၏ အခြားအမည်ကို အသုံးပြု၍ ပြောကြားခဲ့သည်။
ဇွန် ၃၀ ရက်တွင် သမ္မတရာထူးကို စတင်ထမ်းဆောင်ခဲ့ပြီးနောက် ဒူတာတေးက နိုင်ငံတွင်းရှိ အဓိက မွတ်စလင် သူပုန်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြန်လည် စတင်ခဲ့သည်။ အဘူဆေယက်အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည် စတင်မည်ဟု ဒူတာတေးက အစောပိုင်းတွင် ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းအဖွဲ့ကို အကြမ်းဖက် အဖွဲ့ဟု တံဆိပ်ကပ်ခဲ့ပြီး ယင်းအဖွဲ့ကို ဖြိုခွင်းရန် စစ်တပ်ကို ညွှန်ကြားခဲ့သည်။ အဘူဆေယက်အဖွဲ့ အင်အားကောင်းသော နိုင်ငံတောင်ပိုင်းရှိ ဂျိုလိုနှင့် ဘာစီလန်ကျွန်းစုများကို ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များက ပြီးခဲ့သောလတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးနှင့် စစ်သွေးကြွ ၃၂ ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်က ထုတ်ပြန်ခဲ့သည်။
Ref: AFP

Most Read

Most Recent