သစ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး သမိုင်းဝင် သဘောတူညီမှုရရှိဟု အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂ ထုတ်ပြန်

သစ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး သမိုင်းဝင် သဘောတူညီမှုရရှိဟု အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂ ထုတ်ပြန်
Published 16 September 2016
Ref: AFP

ပွင့်လင်းမြင်သာမှု မြှင့်တင်ရေးနှင့် တရားမဝင် သစ်ထုတ်လုပ်မှုအား တိုက်ဖျက်ရေး ရည်ရွယ်သော ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဥရောပသမဂ္ဂက ချမှတ်သော သဘာဝပတ်ဝန်းကျင် စံနှုန်းသစ်များကို ပြည့်မီသော ပထမဆုံး နိုင်ငံဖြစ်လာသည့် အင်ဒိုနီးရှားသည် နိုဝင်ဘာတွင် ဥရောပသမဂ္ဂသို့ သစ်ထုတ်ကုန်များ တင်ပို့တော့မည်ဖြစ်သည်။ဥရောပသမဂ္ဂနှင့် အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိသူများသည်  တစ်နှစ်လျှင် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ တစ်ဘီလျံ တန်ဖိုးရှိ သစ်ထုတ်ကုန်များကို တင်ပို့နိုင်မည့် အစီအစဉ်များကို စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး သစ်တင်ပို့သည့် နိုင်ငံတစ်ခုဖြစ်သော်လည်း ရာဇဝတ်မှုများနှင့် ခြစားမှုကြောင့်  ယင်းကဏ္ဍသည် အကျပ်အတည်းဖြစ်ခဲ့ရပြီး အပူပိုင်းဒေသ မိုးသစ်တောတစ်ခွင်သည်  မှောင်ခိုဈေးကွက်တွင် ရောင်းချရန်အတွက် ခုတ်လှဲခံခဲ့ရသည်။ဥရောပသမဂ္ဂအတွက်လျာထားသည့် သစ်ပျော့ဖတ်၊ အထပ်သားနှင့် ပရိဘောဂ အစရှိသည့် ဥပဒေနှင့်ညီညွတ်သော သစ်ထုတ်ကုန်များ တရားဝင်တင်ပို့မှုကို အသိအမှတ်ပြုမည့် အထူးလိုင်စင်များကို အင်ဒိုနီးရှားအစိုးရက နိုဝင်ဘာလလယ်တွင် ထုတ်ပေးမည်ဖြစ်သည်။ဥရောပမှ သုံးစွဲသူများသည် စစ်ဆေးထားသော စက်ရုံများနှင့် သစ်တောများမှ ထွက်သည့် သစ်ထုတ်ကုန်များကို မကြာမီ ဝယ်ယူနိုင်တော့မည်ဟု အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Vincent Guérend က ကြေညာချက် ထုတ်ပြန်ခဲ့သည်။အင်ဒိုနီးရှားသည် ၎င်း၏သစ်ထုတ်ကုန်များ တင်ပို့မှု၏သုံးပုံတစ်ပုံကို ဥရောပသမဂ္ဂသို့ တင်ပို့ခဲ့ပြီး ဂျာမနီနှင့် နယ်သာလန်က အများဆုံးတင်သွင်းသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။ ယခုသဘောတူညီချက်ကြောင့် အင်ဒိုနီးရှားသည် ဥရောပသမဂ္ဂသို့ သစ်တင်ပို့မှုကို တစ်နှစ်လျှင် ဒေါ်လာနှစ်ဘီလျံအထိ နှစ်ဆတိုးမြှင့်နိုင်မည်ဟု မျှော်လင့်ထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် တရားမဝင် သစ်ခုတ်မှုနှိမ်နင်းရေးနှင့် ဂေဟစနစ်ကို အထောက်အပံ့ပေးမှု စသည့် ဥရောပသမဂ္ဂ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ပထမဆုံးနိုင်ငံဖြစ်သည်။ ဥရောပသမဂ္ဂသည် နောက်ထပ် နိုင်ငံ ၁၄ နိုင်ငံနှင့်လည်း အလားတူ သဘောတူညီမှုရရှိရန် စေ့စပ်ဆွေးနွေးနေသည်။

Most Read

Most Recent