အကယ်ဒမီ သရုပ်ဆောင် ခိုင်သင်းကြည်၏ ငယ်ဘဝဖြတ်သန်းရာ

အကယ်ဒမီ သရုပ်ဆောင် ခိုင်သင်းကြည်၏ ငယ်ဘဝဖြတ်သန်းရာ
Published 15 September 2016
သဲသီရိကျော်

ယခုတစ်ပတ်အတွက် အနုပညာရှင်ရဲ့ ငယ်ဘဝအမှတ်တရ ကဏ္ဍမှာတော့ အကယ်ဒမီ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု အမှတ်တရ အကြောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါခဲ့သူဖြစ်ပြီး၊ သူမရဲ့ သရုပ်ဆောင် ပိုင်နိုင်မှု အရည်အချင်းတွေကြောင့်သာမကဘဲ သွက်လက်တက်ကြွတဲ့ ဟန်ပန်၊ ဖော်ရွေတဲ့အပြုံးနဲ့ လူမှုဆက်ဆံရေး ကောင်းမွန်မှုတွေကြောင့်လည်း အနုပညာလောကမှာ နာမည်ကောင်းနဲ့ ရပ်တည်နေနိုင်သူ တစ်ဦးလည်းဖြစ်တဲ့  ခိုင်သင်းကြည်ကို စက်တင်ဘာ  ၂၇ ရက်မှာ ရန်ကုန်၊ အမှတ် ၂ စစ်ဆေးရုံမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးမောင်မောင်နှင့် မိခင် ဒေါ်ဝါဝါစိုးတို့ရဲ့ သမီးဖြစ်ပြီး မွေးချင်းအနေနဲ့ မောင်လေးတစ်ယောက် ရှိတယ်လို့လည်း သိရပါတယ်။
“အစ်မရဲ့ငယ်ဘဝမှာက ခက်ခဲကြမ်းတမ်းမှု သိပ်မရှိဘူး။ ငယ်ငယ်က အစ်မအတွက် ခက်ခဲနေတာဆိုရင် အဖေက အနုပညာ အလုပ်ကို ပေးမလုပ်ခိုင်းဘူး။ ဘာလို့လဲဆိုတော့ အစ်မအဖေက စစ်သားလည်းဖြစ်တယ်။ အဲဒီတုန်းက တာဝန်ကျတာကလည်း ရမည်းသင်းမှာဆိုတော့ အစ်မကိုရန်ကုန်မှာ ဒီလိုအနုပညာအလုပ်တွေ သွားလုပ်ခိုင်းဖို့လည်း စိတ်မချဘူး။ အစ်မကလည်း ဒီအနုပညာအလုပ်ကို ငယ်ငယ်လေးကတည်းကိုက ဝါသနာပါတာဆိုတော့ အဖေကလည်း လုံးဝမလုပ်ခိုင်းတော့ အဲဒါကတော့ မခိုင်ငယ်ဘဝရဲ့ အခက်အခဲ တစ်ခုလို့ပဲ ပြောရမှာပါ”လို့ သူမက ပြောပါတယ်။
ငယ်စဉ်ကတည်းက မင်းသမီးတစ်ယောက် ဖြစ်ချင်တဲ့စိတ်ရှိခဲ့တဲ့ သူမကကျောင်းရဲ့ Activity တွေမှာလည်း တက်ကြွစွာ ပါဝင်တက်သူလည်း ဖြစ်ပါတယ်။
မူလတန်းကျောင်းသူအရွယ်မှာ ရန်ကုန်၊ အ-မ-က ၁၅ ကျောင်းမှာ တက်ရောက်ခဲ့ပြီး၊ အဲဒီနောက်မှာတော့ မန္တလေး အမှတ် ၈၊ မိန်းကလေးကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ ဒါအပြင် ရမည်းသင်းနဲ့ မိတ္ထီလာမှာရှိတဲ့ အ-ထ-က ကျောင်းတွေမှာလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“အစ်မရဲ့ ကျောင်းသူဘ၀ အမှတ်တရဆိုရင်တော့ ငယ်ငယ်တုန်းကတော့ စာက ပုံမှန်ပဲ။ ဒါပေမဲ့ ကျောင်းစာထက် အစ်မက အနုပညာကို ပိုဝါသနာပါတော့ အချိန်ရတိုင်း ဓာတ်ပုံရိုက်ဖို့ ချည်းစဉ်းစားနေတာ။အစ်မတို့က အဖေ တာဝန်ကျတဲ့ ရမည်းသင်းမှာ ခုနစ်နှစ်လောက်နေခဲ့ရတော့ အဲဒီမှာ ဆိုရင်လည်း တပ်ထဲမှာရှိသမျှ ဓာတ်ပုံဆရာတွေခေါ် ဓာတ်ပုံတွေရိုက် ရူးသွပ်ခဲ့တာပေါ့။ ရုပ်ရှင်ဇာတ်ကားတွေဆိုရင်လည်း ကိုယ် ကြိုက်တဲ့မင်းသား၊ မင်းသမီးကားဆိုရင် အနည်းဆုံး လေးခေါက်လောက်ကြည့်တယ်။အဲဒီထဲက ဇာတ်ဝင်ခန်းတွေဆိုရင်လည်း အကုန်အလွတ်ရတယ်။ အဝတ်အစားတွေဆိုရင်လည်း အပြင်မှာ ကိုယ်လည်း လိုက်ဝယ် ဝတ်တယ်။ ကျောင်းမှာလည်း အနုပညာ လှုပ်ရှားမှုတွေဆိုရင် ပါဝင်ဖြစ်တယ်။ကျောင်းစာကတော့ အစ်မက စာကျက်ရမှာ အရမ်းပျင်းတယ်။ တွက်စာတွေ ဘာတွေ ဆိုရင်တော့ရတယ်။ အထက်တန်းတုန်းကလည်း စာမေးပွဲ ခဏခဏကျတယ်။အစ်မ ထက်သုံးနှစ်လောက်ငယ်တဲ့ မောင်လေးတောင် အစ်မထက်အရင် ဆယ်တန်းအောင်သွားခဲ့တယ်။ နောက်ပိုင်းမှာ အဖေက အစ်မကို ဆယ်တန်းအောင်မှ ဒီအနုပညာအလုပ်တွေ လုပ်ခွင့်ပေးမယ်ဆိုပြီး ပြောတော့မှ အစ်မ ကျောင်းစာကို သေချာပြန်လုပ်ခဲ့တာပါ” လို့ သူမရဲ့ ကျောင်းသူဘ၀ ဖြတ်သန်းမှု အမှတ်တရအကြောင်းကို ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။         
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၁၉၉၂ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး လှိုင် RC 2 မှာ Chemistry မေဂျာ အထူးပြု တက်ရောက်ခဲ့ပြီး တက္ကသိုလ်မှာ Queen အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
“ တက္ကသိုလ်တက်တဲ့ အချိန်မှာ အစ်မက အနုပညာအလုပ်တွေကိုလည်း နည်းနည်းပါးပါး လုပ်နေပြီ။ အဲဒီတုန်းကလည်း မြန်မာ့အသံလောက်ပဲ ရုပ်သံလိုင်းက ရှိသေးတာဆိုတော့ ပရိသတ်တွေ တော်တော်များများက ကြော်ငြာလေး နှစ်ခု သုံးခုလောက် ရိုက်ဖူးရင်ကိုပဲ သိနေကြတာပေါ့။ ကျောင်းမှာဆိုရင်လည်း ပြက္ခဒိန်ရိုက်တာပဲဖြစ်ဖြစ်၊ ကပွဲတွေ ဘာတွေပဲဖြစ်ဖြစ် ကိုယ့်ကို ဦးစားပေး ခေါ်ကြ တာမျိုးတွေရှိတယ်”လို့လည်း ပြောပြပါတယ်။
သူမရဲ့ ပထမဆုံးအနုပညာ လှုပ်ရှားမှုကတော့ ၁၉၉၂ ကျော်သူ  Special ပြက္ခဒိန် ရိုက်ကူးမှုဖြစ်ပြီး အဲဒီနောက်မှာတော့ ကြော်ငြာများလည်း ရိုက်ကူးခဲ့ရပါတယ်။
“အဲဒီတုန်းက ဇာတ်ကားတွေ ရိုက်ကူးဖို့ လာကမ်းလှမ်းရင် အဖေက ငြင်းလွှတ်တာ များတယ်။ ဖြစ်ချင်တော့ နိုင်ငံတော်ဇာတ်ကားတစ်ကား ရိုက်လိုက်တဲ့အချိန်မှာ အဲဒီဇာတ်ကားထဲက အစ်မ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နေရာကို ပရိသတ်တွေသတိထားမိခဲ့ပြီး အစ်မနာမည်အရင်းထက် ပရိသတ်တွေက မပုကျွတ်ဆိုပြီး ပိုသိသွားခဲ့တယ်။ ဒါပေမဲ့  အဲဒီဇာတ်ကား မတိုင်ခင်က ပထမဆုံး ဇာတ်ကားတစ်ကား ရိုက်ခဲ့ပေမယ့် အဲဒီ ဇာတ်ကားက မလွှင့်ဖြစ်ခဲ့တော့ ပရိသတ်တွေက အစ်မကို မပုကျွတ်ကားနဲ့ပဲ သိသွားခဲ့တယ်” လို့ သူမက ဆိုပါ တယ်။
“အစ်မက ၁၉၉၂ ခုနှစ်ကတည်းက အနုပညာလောကထဲဝင်တာဆိုတော့ တော်တော်ကြာနေပြီ။ နှလုံးလှလူမိုက် ဇာတ်ကားဆိုရင်လည်း အကယ်ဒမီတွေ ဘာတွေမှန်းကြတယ်။ ဒါပေမဲ့ အစ်မရဲ့ ကံပေါ့ နော်။ အကယ်ဒမီနဲ့ ခဏခဏ လွဲခဲ့တယ်။
ဒါပေမဲ့ ပရိသတ်တွေက အရမ်းအားပေးတော့ အစ်မအနေနဲ့ ပရိသတ်တွေကို အားနာလာတယ်။ အဲဒီနောက်ပိုင်း ၂၀၁၃ မှာ ကျတော့ အကယ်ဒမီရသွားတယ်။ အဲဒီတုန်းက ပရိသတ်တွေက အစ်မကို တအားကို ရစေချင်ကြတယ်။ အဲဒီတော့ အစ်မ အရမ်းပီတိ ဖြစ်ရတယ်။ မနှစ်က အကယ်ဒမီမှာလည်း ဇာတ်ဆောင်ဆု ရခဲ့တာ အရမ်းလည်း ဝမ်းသာရပါတယ်”လို့ အကယ်ဒမီ အမှတ်တရ အကြောင်းကို ပြောပြခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဗီဒီယို ဇာတ်ကားပေါင်း ၅၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ကျော်တို့ကို ရိုက်ကူးပြီးသွားတဲ့ ခိုင်သင်းကြည်ဟာ ၂၀၁၃ ခုနှစ်မှာ အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့ပြီး၂၀၁၄ ခုနှစ်မှာတော့ ‘ကောင်းကျိုးကိုယ်၌ တည်စေမင်း’ ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
သူမရဲ့အိမ်ထောင်ဖက်ဖြစ်သူ ကိုခန့်နိုင်နဲ့ ပတ်သက်ပြီးတော့လည်း “သူက အစ်မကို စိတ်ရှည်လက်ရှည်နဲ့ ရှစ်နှစ်လောက် သက်တမ်းထိ စောင့်ခဲ့တယ်။  ရည်းစားသာ ဖြစ်နေတာ တစ်လနေလို့ တစ်ကြိမ်တောင် မတွေ့ရဘူး။ အစ်မအဖေက အရမ်းတင်း ကျပ်တော့ ဖုန်းတောင်မှ သူတို့ရှေ့မပြောရဲဘူး။ အိမ်ကိုလည်း အဝင်အထွက် သိပ်မရှိဘူး။ ကိုယ်ကလည်းချစ်တာက သူတစ်ယောက်တည်း ရှိတော့ နောက်ဆုံးကျတော့ သူနဲ့ ပေါင်းကြတာပေါ့”လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့  MRTV 4 ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်လျက်ရှိပြီး ယခုနှစ်ကုန်အထိ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရန် လက်ခံထားကြောင်းလည်း သိရပါတယ်။                                

Most Read

Most Recent