ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း စီးပွားရေး ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ အခြေအနေပေးပါက ပြောကြားသွားမည်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း စီးပွားရေး ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ အခြေအနေပေးပါက ပြောကြားသွားမည်ဟုဆို
Published 8 September 2016
နေထွန်းနိုင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများအပေါ် အခြေအနေပေးပါက ပြောကြားသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တွင် ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက်မှ ၂၆ ရက်အထိ ၁၆ ရက်ကြာ ခရီးစဉ်အဖြစ် အမေရိကန်၊ ဗြိတိန်နှင့် ကုလသမဂ္ဂသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် ဝါရှင်တန်တွင် တွေ့ဆုံရန်ရှိသည်။အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုအပေါ် ဆွေးနွေးရန် ရှိ၊ မရှိ မေးမြန်းမှုကို ဦးကျော်ဇေယျက ပြန်လည်ဖြေကြားရာ၌ အခြေအနေပေးပါက ပြောဆိုသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။“Sanction ကတော့ ကျွန်တော်တို့ Position က ပြီးခဲ့တဲ့ မေ ၂၇ ရက်က ဂျွန်ကယ်ရီ လာတဲ့အခါကျတော့ Sanction နဲ့ ပတ်သက်တဲ့ Position အပြောင်းအလဲ မရှိပါဘူး။ အခုလုပ်နေတာက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ သွားနေတယ်ဆိုတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့က မပြောဘဲနဲ့ Sanction မလိုတဲ့ အခြေအနေကို သွားမှာပေါ့။ ဒါပေမဲ့ အခုအခြေအနေက ဒီထက်ပိုပြီး လုပ်နေတယ်ဆိုတဲ့အခါကျတော့ sanction နဲ့ပတ်သက်ပြီး ပြောဖို့ အခြေအနေပေးလာရင် ပြောသွားမှာပါ”ဟု ဦးကျော်ဇေယျက ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ လာအိုနိုင်ငံတွင် ပြုလုပ်ခဲ့သော ၂၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ အစိုးရအဖွဲ့ အကြီးအကဲအနေဖြင့် တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့သည်။စက်တင်ဘာ ၇ ရက် ညပိုင်းက ပြုလုပ်သော အာဆီယံ ဂုဏ်ပြုညစာစားပွဲ၌ လည်းကောင်း၊ စက်တင်ဘာ ၈ ရက်က ပြုလုပ်သည့် ၄ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် ၁၁ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများတွင် လည်းကောင်း သမ္မတအိုဘားမားနှင့် ဒေါ် အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သော်လည်း  မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများ ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။အမေရိကန်သမ္မတ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှု ဖြေလျှော့ရေး အပါအဝင် နှစ်နိုင်ငံ စီးပွားရေး တိုးမြှင့်ဆောင်ရွက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဟု သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာပြီး ဗြိတိန်နိုင်ငံသို့ ပထမဆုံး သွားရောက်မည်ဖြစ်ကာ လန်ဒန်တွင် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကအခြေစိုက် မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့် တွေ့ဆုံမည် ဖြစ်ပါသည်။ထို့နောက် စက်တင်ဘာ ၁၄ ရက်တွင် အမေရိကန်သို့ ရောက်ရှိပြီး စက်တင်ဘာ ၁၅ ရက်တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်ကာ စက်တင်ဘာ ၂၁ ရက်တွင် ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရပါသည်။                  

Most Read

Most Recent