ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင်အမျိုးသားပါတီတီု့ ထောက်ခံ ဆွေးနွေးခဲ့သော်လည်း NLD ကိုယ်စားလှယ်များ ကန့်ကွက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင်အမျိုးသားပါတီတီု့ ထောက်ခံ ဆွေးနွေးခဲ့သော်လည်း NLD ကိုယ်စားလှယ်များ ကန့်ကွက်
Published 7 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင်အမျိုးသားပါတီတီု့ ထောက်ခံ ဆွေးနွေးခဲ့သော်လည်း NLD ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးသဖြင့် မဲခွဲဆုံးဖြတ်ရာ အဆိုရှုံးနိမ့်ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်နေခြင်းသည် ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာရောက်စေသဖြင့် အဆိုပါကော်မရှင်တွင် ပြည်တွင်း တတ်သိပညာရှင်များဖြင့်သာ ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်တွင် စက်တင်ဘာ ၆ ရက်က ဆွေးနွေးခဲ့သည်။အရေးကြီးအဆိုကို ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက သြဂုတ် ၃၀ ရက် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့၍ ယခုမှ ဆွေးနွေးခြင်းဖြစ်ကာ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုယ်စားလှယ် ၂၃ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လေးဦး၊ ရခိုင်အမျိုးသားပါတီမှ သုံးဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် လေးဦး စုစုပေါင်း ၃၄ ဦး ပါဝင်ဆွေးနွေးခဲ့ကြသည်။ထိုသို့ ဆွေးနွေးရာတွင် တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင်အမျိုးသားပါတီတို့ ထောက်ခံဆွေးနွေးကြသော်လည်း NLD ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးသဖြင့် မဲခွဲဆုံးဖြတ်ရာ အဆိုရှုံးနိမ့်ခဲ့ပြီး အတည်မပြုကြောင်း လွှတ်တော်က ကြေညာခဲ့သည်။မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက “ကျွန်တော်တို့နိုင်ငံမှာ တရုတ်နိုင်ငံနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ မြစ်ဆုံစုံစမ်းရေးကော်မရှင်ကို နိုင်ငံသားများဖြင့်သာ ဖွဲ့စည်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးကိုမှ နိုင်ငံတကာခေါင်းစဉ်အောက်ကို ထိုးသွင်းလိုက်ခြင်းဟာ နိုင်ငံတကာက တရားဝင် ဝင်ရောက်စွက်ဖက်လာနိုင်အောင် နှပ်ကြောင်းပေးလိုက်သလို ဖြစ်နေပါတယ်။ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိသူတွေ မြန်မာပြည်မှာ မရှိဘူးလို့ ဝန်ခံလိုက်သလို ဖြစ်နေပါတယ်။ ကိုဖီအာနန်ဟာ  ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂအစီရင်ခံစာများ၊ နိုင်ငံတကာက အစီရင်ခံစာများနဲ့ ပညာရှင်အမည်ခံ ကြေးစားဘင်္ဂါလီလော်ဘီများရဲ့ တစ်ဖက်သတ် ဝါဒဖြန့်ချိမှုတွေနဲ့ ထိတွေ့ယဉ်ပါးပြီး ရခိုင့်အရေးမှာ နိုင်ငံတကာ လူ့အခွင့်အရေး စံပေတံများနှင့် ဝေဖန်သုံးသပ်ခြင်း၊ ကောက်ချက်ချခြင်း၊ အကြံပြုခြင်းတို့ကို ပြု လာလိမ့်မယ်ဆိုတာကို လုံးဝယုံကြည်ပါတယ်”ဟု ပြောကြားသည်။ထို့အတူ ကော်မရှင်သည် အကြံပြု ရုံသာ လုပ်ဆောင်နိုင်ပြီး အကြံပြုချက်များကို လုပ်ဆောင်ခြင်းသည် အစိုးရအပေါ်သာ မူတည်သောကြောင့် စိုးရိမ်စရာမရှိဟု ဆိုသော်လည်း အကြံပေးချက်များသည် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မှတ်တမ်းများအဖြစ် ကမ္ပည်းတင်ခံရခြင်း မှတ်တမ်းများဖြစ်လာမည်ဖြစ်ကြောင်း၊ အကြံပေးချက်များအတိုင်း လိုက်နာ မဆောင်ရွက်သောအစိုးရကိုလည်း တစ်ကမ္ဘာလုံး၏ အပြစ်တင်ခြင်းကို ခံရမှာဖြစ်ကြောင်း ဦးဖေသန်းက ဆက်လက်ပြောကြားသည်။ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက “ကျွန်မက ရခိုင်ပြည်သူလူထုတွေကို ကိုယ်စားပြုပြီး ပြောနေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေဟာ ဒီကိစ္စအတွက် အထူး စိုးရိမ်ပူပန်နေကြပါတယ်။ ရခိုင်ပြည်သူတွေရဲ့ စိုးရိမ်ပူပန်နေမှုကို နိုင်ငံတော်အစိုးရအနေနဲ့ အလေးထားဖို့ လိုအပ်ပါတယ်။ ခိုးဝင်ဘင်္ဂါလီပြဿနာဟာ ရခိုင်ပြည်နယ်တစ်ခုတည်း နဲ့၊ ရခိုင်လူမျိုး တစ်မျိုးတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ တို့တာဝန်အရေးသုံးပါး ဦးထိပ်ထားကြတဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ရခိုင်ပြည်နယ်တွင် ရခိုင်နဲ့ဘင်္ဂါလီပြဿနာဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့အစိုးရလက်ထက်ကပင် ဒေါက်တာမျိုးမြင့်ဦးဆောင်တဲ့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ယင်းကော်မတီက တင်ပြခဲ့တဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ဖို့သည် အစိုးရရဲ့တာဝန်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ နောက်ထပ် ကော်မရှင်ဖွဲ့စရာလည်း မလိုပါဘူး။ ဖွဲ့မယ်ဆိုရင်လည်း ကိုယ့်နိုင်ငံရဲ့အချုပ်အခြာနဲ့ ဆိုင်တဲ့ကိစ္စဖြစ်လို့ နိုင်ငံခြားသားတွေလက်ထဲကို ထိုးအပ်ပြီး ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာ ပြဿ နာဖြစ်အောင် မလုပ်သင့်ပါဘူး”ဟု ပြောကြားသည်။ထို့အတူ တပ်မတော်မှ ကိုယ်စားလှယ်များကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေတွင် တာဝန်နှင့် လုပ်ပိုင်ခွင်၊ ရပိုင်ခွင့်များအခန်းတွင် ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ထားခြင်း မရှိကြောင်း၊ ကော်မရှင်ဖွဲ့စည်းခြင်းသည် နိုင်ငံတော်အတွက် အထူးအရေးကြီးပြီး အတိမ်းအစောင်းမခံသည့် ကိစ္စဖြစ်သည့်အတွက် လုပ်ဆောင်ချက်မှားယွင်းခြင်း၊ ဒေသခံပြည်သူလူထု၏ ထောက်ခံမှု မရရှိခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ၊ နစ်နာဆုံးရှုံးမှုများ နက်ရိုင်းစွာ ဖြစ်ပေါ်လာနိုင်ခြင်း၊ နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာနိုင်ခြင်းတို့ကြောင့် ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အတည်ပြုချက် ရယူပြီး အထူးဂရုပြုဆောင်ရွက်သင့်သည့် ကိစ္စဖြစ်ကြောင်း၊ ကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များပါဝင်လာခြင်း၏ နောက်ကွယ်တွင် နိုင်ငံအတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရောက်သွားနိုင်ကြောင်း၊  ကော်မရှင်၏ ကုန်ကျစရိတ်နှင့်လည်း မည်သို့ဆောင်ရွက်မည်ကို ဖော်ပြထားခြင်း မရှိကြောင်း။ ကုန်ကျစရိတ်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ သုံးစွဲမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရမှသာ MoU လက်မှတ်ရေးထိုးနိုင်မှာ ဖြစ်ကြောင်း၊ ပြည်ပမှ ထောက်ပံ့မည်ဟုဆိုပါကလည်း မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၊ အနှောင်အဖွဲ့ ကင်းလွတ်မှု ရှိ မရှိ စသည်တို့ကို အသိပေး ရှင်းလင်းသင့်ကြောင်း၊ ပြည်တွင်း ပြဿနာကို ကော်မရှင်ကြောင့် နိုင်ငံတကာ ပြဿနာအဖြစ် ကူးပြောင်းပြီး ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီး၏ ပါဝင်စွက်ဖက်နိုင်မှုကို လက်ယပ်ခေါ်သလိုဖြစ်ကာ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးလာနိုင်ကြောင်း အထူးသတိချပ်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်၏ လူ့အခွင့်အရေးကို လွန်စွာ ဦးစားပေးမှုအပေါ် အခြေခံသည့် သုံးသပ်အကြံပြုချက်တစ်ခုခုကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး၊ ဒေသခံ တိုင်းရင်းသားများ၏ မူလရပိုင်ခွင့်များအပေါ် မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်လာပါက လွှတ်တော်ကိုယ်စားလှယ်များတွင် သမိုင်းကြောင်းအရ တာဝန်ရှိမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့် ညီ၊ မညီ ပြည်သူလူထုအား ပွင့်လင်းမြင်သာမှုရှိစွာ ချပြသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။“ဒေသခံ တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ခိုင်မာစွာ ရပ်တည်ပြီး အပြည့်အ၀ ကာကွယ်ပေးရန်နှင့် မှန်ကန်သည့် သမိုင်းကြောင်းကို လျစ်လျူရှုခြင်း မပြုဘဲ ရခိုင်ပြည်နယ်ရဲ့အရေးကို နိုင်ငံတော်၏ အရေး၊ အမျိုးသားအရေးအဖြစ် ခံယူပြီး ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တာဝန်ရှိသူများမှ မှန်ကန်မျှတစွာ ချင့်ချိန်သုံးသပ်ပြီး တိုင်းရင်းသားများအရေးနဲ့ လူ့အခွင့်အရေးတွင် မည်သည့်ဘက်ကို အလေးထားသင့်သည်ကို အမျိုးသားရေးအသိဖြင့် မှန်ကန်စွာ စဉ်းစားဆောင်ရွက်ရန် လိုအပ်ပါတယ်။ ယခင် အစိုးရအဆက်ဆက် လက်ထက်တွင်လည်း ဘင်္ဂါလီများကို အသုံးချပြီး အစိုးရဖွဲ့နိုင်ရေး ဆောင်ရွက်ခဲ့ကြရာ သမိုင်းတရားခံအဖြစ်   စွပ်စွဲပြစ်တင်မှုများ ရှိခဲ့ပါတယ်။ သို့ဖြစ်ပါ၍ လက်ရှိအစိုးရအနေဖြင့်လည်း လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြီး နိုင်ငံခြားသားများ ပါဝင်သည့် ကော်မရှင်ကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ်အရေးကို ဘက်မလိုက်ဘဲ မှန်ကန်စွာဖြင့် အစီရင်ခံစာ ရေးသားတင်ပြနိုင်ခြင်း မရှိပါက ယခင်အစိုးရများနည်းတူ သမိုင်းတရားခံ ဖြစ်သွားမည်ကို သိရှိသုံးသပ်နိုင်ပါရန် သတိပေးဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ဗိုလ်မှူးကြီး ထွန်းသန်းအုန်းက ပြောကြားသည်။ထို့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ ဆွေးနွေးရာတွင်လည်း ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းနိုင်ရန်အတွက် ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းတတ်သိပညာရှင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီငါးခုကို အကောင်အထည်ဖော်ကာ ဗဟိုကော်မတီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်အစိုးရရော၊ ယခုအစိုးရပါ ရခိုင်ပြည်နယ်အရေးကို ပြည်တွင်းရေးကိစ္စဟု ခံယူပြီး ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကော်မရှင်တွင် ပါဝင်သည့် နိုင်ငံခြားသားများသည် ရခိုင်ပြည်နယ်အရေး၊ မိမိတို့၏ နိုင်ငံလုံခြုံရေးကို မသိရှိသည့်အတွက်  မမှန်ကန်သည့် လူ့အခွင့်အရေးနှင့် လူသားချင်းထောက်ထား စာနာထောက်ထားရေးကို ရှေ့တန်းတင်လာနိုင်ကြောင်း၊ ထိုသို့ဖြစ်လာပါက တိုင်းရင်းသား ပြည်သူများ၏ မူလအခွင့်အရေးများကို ထိခိုက်နစ်နာစေသည့်အပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်စေနိုင်သည့် အခြေအနေများဖြစ်လာနိုင်ကြောင်းနှင့် အရေးကြီးအဆိုကို ထောက်ခံကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကဲ့သို့  ငြိမ်းချမ်းရေး နိုဗယ်ဆုရထားသူ ကျွန်တော်တို့နိုင်ငံမှာ ရှိပြီးသားဖြစ်ပါတယ်။ မစ္စတာ ကိုဖီအာနန်က ၁၀ နှစ်သာသာ လူသိများပြီးတော့ ကျွန်တော်တို့ဆီက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ နှစ်ပေါင်း ၃၀ လောက် ယနေ့ထိ ထင်ရှားတဲ့သူ ဖြစ်ပါတယ်။ နိုဗယ်ဆုအရည်အချင်း တူပြီး ထင်ရှားတာ ဘယ်သူမှ ကိုယ့်နိုင်ငံလောက် ၊ ကိုယ့်လောက် မသိတဲ့သူကို အကြံဉာဏ်ရယူခြင်းဟာ ခေတ်အဆက်ဆက် ရခိုင်ပြည်အရေးကို ကျွန်တော်တို့မြန်မာတွေ ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်လျက်သားနဲ့ အစဉ်အလာကောင်းကို ငါတို့ခေတ်ကျမှ ညံ့ရလေရော့လားလို့ သမိုင်းတင်ခံရခြင်း မရောက်အောင် ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီမှာ ပြည်တွင်းတတ်သိပညာရှင်များဖြင့်သာ ဆက်လက်ကြိုးပမ်းဆောင်ရွက်ရင်း အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသင့်ပါတယ်။ အမှန်တရားက ကျွန်တော်တို့ဘက်မှာ ရှိပြီးသားပါ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားသုံးဦး ပါဝင်ခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့လူမျိုးညံ့တာကို ဖော်ပြရာရောက်ခြင်း၊ ပြည်တွင်းရေးကို ပြည်ပမှ တရားဝင်စွက်ဖက်သည့် သဘောဆောင်နေခြင်း၊ လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းကသာ ဆုံးဖြတ်မှုကြောင့် နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အမျိုးသားအကျိုးစီးပွားပျက်ပြားမှာကို ပြည်သူများအားလုံး စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ပြည်သူက ယုံကြည်စွာ အပ်နှင်းထားသော နိုင်ငံတော်အစိုးရ တစ်ရပ်အနေဖြင့် ပြည်သူတို့ရဲ့ စိုးရိမ်သောကကို အလေးထား ဖြေဖျောက်ပေးရန် နဲ့ နိုင်ငံတော်ရဲ့ရေရှည်အကျိုးဖြစ်ထွန်းမှုအားလုံးကို ကြည့်၍ ဆောင်ရွက်ပေးသင့်ပါတယ်”ဟု မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက ထောက်ခံဆွေးနွေးခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကမူ ရခိုင်ပြည်နယ်အရေးသည် တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားနေသည့်ကိစ္စ မဟုတ်ဘဲ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့် ဖြစ်သော ပြဿနာကို ပြည်တွင်းပြည်ပ အရေး၊ နိုင်ငံတော်၏အရေးဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ယခင်က ပြည်တွင်းရေးဟု ကျိတ်၍ ဖြေရှင်းခဲ့သည့်အတွက် ပြေလည်မှု မရရှိခဲ့ဘဲ ပိုမိုကြီးထွားလာခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် ပြည်ပမှ စိမ့်ဝင်လာသည့်သူများက လူမျိုးစုတစ်စုဖြစ်သည်ဟု နိုင်ငံတကာတွင် ဟစ်ကြွေးလာခဲ့ရာ နိုင်ငံတကာမှ လက်ခံလာခြင်းကြောင့် ယခုပြဿနာ ကို ဖြေရှင်းရန် ဘက်ပေါင်းစုံမှ စဉ်းစားရကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်တွင်း ပြဿနာတစ်ခုအနေဖြင့် ဆောင်ရွက်ပါက အမှန်တရားများကို နိုင်ငံတကာမှ လက်ခံလာမည် မဟုတ်ကြောင်း၊ ကော်မရှင်သည် ဆုံးဖြတ်ပေးရမည် မဟုတ်ကြောင်း၊ လေ့လာတွေ့ရှိချက်များကို သုံးသပ်အကြံပြုရုံသာ ဖြစ်ကြောင်း၊ ကော်မရှင်တွင်လည်း ရခိုင်လူမျိုး တိုင်းရင်းသားဘက်မှ လေးစားအားထားရသူများ ပါဝင်ကြောင်း၊ ကိုဖီအာနန်သည်လည်း ကုလသမဂ္ဂအထိ သြဇာလွှမ်းမိုးသူဖြစ်ကြောင်း၊  ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုရှိသည့် ရခိုင်အရေးကိစ္စတွင်လည်း ၎င်း၏ ဂုဏ်သိက္ခာနှင့်ရင်း၍ မှန်မှန်ကန်ကန် သုံးသပ်ချက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ကြပြီး အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။“ပြဿနာတစ်ရပ် ကိုင်တွယ်ဖြေရှင်းရာမှာ စိတ်ခံစားချက်သက်သက်၊ ချစ်ခြင်း၊ မုန်းခြင်းသက်သက်နဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ တင်ပြလိုပါတယ်။ ပြဿနာရဲ့အတိမ်အနက်၊ ပကတိအခြေအနေကို ရဲရဲရင့်ရင့် မှန်မှန်ကန်ကန် ကြည့်ပြီး အသိ၊သတိ၊ ပညာတို့ နဲ့ချဉ်းကပ်နိုင်မှသာ မှန်ကန်တဲ့ အဖြေမှန်ကို ရမှာဖြစ်ပါတယ်။ ကော်မရှင်မှာ တာဝန်ပေးလိုက်တဲ့ နိုင်ငံခြားသား သုံးဦးဟာ ဘယ်လိုပုဂ္ဂိုလ်တွေ ဖြစ်တယ်။ သူတို့နဲ့ တွဲဖက်တာဝန်ပေးထားတဲ့ တိုင်းရင်းသားပညာရှင် ခြောက်ဦးဟာ ဘယ်လိုပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဘာကြောင့် ဒီလိုဖွဲ့စည်းရတယ်ဆိုတဲ့ အခြေခံအချက်တွေကို သုံးသပ်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားသား သုံးယောက်ပါတာနဲ့ အရာရာကို သူတို့အလိုအတိုင်း ဖြစ်သွားမယ်လို့ ကောက်ချက်ချလိုက်တာကမှ မိမိတို့ရဲ့တိုင်းရင်းသားတွေရဲ့အရည်အချင်းကို မယုံကြည်ရာ ရောက်သွားပါတယ်။ ဒီပြဿနာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကစပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေ နိုင်ငံတကာမီဒီယာတွေရဲ့အရေးအသားတွေမှာ လူမျိုးတုန်း သတ်ဖြတ်မှုအခြေအနေကို ရောက်နေပြီလို့ဆိုတဲ့ ဝေါဟာရတွေ လှိုင်လှိုင်သုံးနေကြတာ အားလုံးသိထားမိပြီး ဖြစ်ပါတယ်။ မဟုတ်မမှန်တဲ့ သတင်းကို အမှန်တရားနဲ့ ဖြေရှင်းရမှာက ကိုယ့်ဘက်က မှန်ကန်ကြောင်း ပြနိုင်ဖို့အတွက် ဘယ်နိုင်ငံခြားသားမဆို လာကြည့်လှည့်စမ်းပါလို့ ရဲရဲကြီး မဖိတ်ခေါ် နိုင်စရာအကြောင်း၊ ကြောက်စရာမလိုဘူးလို့ ယုံကြည်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်လို့၊ မိမိရဲ့အစွမ်းအစကို ယုံကြည်လို့  နိုင်ငံတကာမှာ သြဇာတိက္ကမရှိတဲ့၊ အများလေးစားတဲ့ ကုလသမဂ္ဂချုပ်ဟောင်းနဲ့ ပညာရှင်တွေကို အမြင်ကျယ်ကျယ် သတ္တိရှိရှိ  ထည့်သွင်း ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာ မေဝင်းမြင့်က ပြောကြားသည်။အရေးကြီးအဆိုနှင့် ပတ်သက်၍ အဆိုကို အတည်မပြုသင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က သဘောထားပြောကြားခဲ့ပြီး အဆိုရှင် ဦးအောင်ကျော်ဇံက လွှတ်တော်၏ အဆုံးအဖြတ်ရယူလိုကြောင်း တင်ပြရာ အဆိုနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရန် စက်ခလုတ် ချို့ယွင်းနေမှုကြောင့် မတ်တတ်ရပ် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကို ထောက်ခံသူ ၁၄၈ ဦး၊ ကန့်ကွက်သူ ၂၅၀ နှင့် ကြားနေတစ်ဦးဖြစ်သောကြောင့် အဆိုကို လွှတ်တော်က အတည်မပြုကြောင်း ကြေညာခဲ့သည်။ 

Most Read

Most Recent