အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာအိုနိုင်ငံသို့ ယနေ့သွားရောက်မည်

အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာအိုနိုင်ငံသို့ ယနေ့သွားရောက်မည်
Published 5 September 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာအိုနိုင်ငံ၊ ဗီယင် ကျန်းမြို့တွင် ပြုလုပ်မည့် ၂၈ ကြိမ်နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန် လာအိုနိုင်ငံသို့ ယနေ့ (စက်တင်ဘာ ၆  ရက်) တွင် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ၂၈ ကြိမ်နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများဖြစ်သည့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေး၊ ၁၈ ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီး အစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံ +၃ ထိပ်သီးအစည်းအဝေး၊ ပထမအကြိမ် အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအ ဝေး၊ ၈ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး၊ ၁၄ ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေး၊ ၄ ကြိမ်မြောက် အာဆီယံ-အမေရိကန်ပြည် ထောင်စု ထိပ်သီးအစည်းအဝေး၊ ၁၁ကြိမ် မြောက်အရှေ့အာရှ ထိပ်သီးအစည်းအဝေး တို့ကို ယနေ့ (စက်တင်ဘာ ၆ ရက်) မှ ၈ ရက်အထိ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်းစင်တာ (NCC) တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၈ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးကိုလည်း ဆက်စပ်အစည်းအဝေးအဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၈ ကြိမ်နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (စက်တင်ဘာ ၆ ရက်) တွင် ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်းစင်တာ (NCC) ၌ ကျင်းပမည်ဖြစ်သည်။
၂၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ထူထောင်မှု ကြိုးပမ်းဆောင်ရွက်ချက်များ အထူးသဖြင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နှင့် ရှေ့ဆက်ဆောင်ရွက်မှု ဆိုင်ရာ အကောင်အထည်ဖော်မှုကို ဆွေးနွေးမည်ဖြစ်ပြီး ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံ ပြည်ပဆက်ဆံရေးနှင့် အနာဂတ် ဦးတည်ချက်များ ဆိုင်ရာကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများတွင် ဘုံစိတ်ဝင်စားမှုနှင့် စိုးရိမ်ပူပန်မှုအပေါ် အမြင်ချင်းဖလှယ်ခြင်းတို့ကို အလေးထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံ +၁ ထိပ်သီးအစည်းအဝေးများတွင် ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း၊ အနာဂတ်ဦးတည်ချက်များ ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်း၊ ၁၉ ကြိမ်မြောက် အာဆီယံ+၃ (တရုတ်-ဂျပန်-ကိုရီးယား) ထိပ်သီးအစည်းအဝေးနှင့် ၁၁ ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးတို့တွင် အာဆီယံနှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေး ဦးတည်ချက်တို့ကို ဆွေးနွေးသုံးသပ် သွားမည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုခရီးစဉ်အပြီး၌ စက်တင်ဘာလလယ်တွင် ပြုလုပ်မည့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ရန် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent