ပြည်ထောင်စုတပ်မတော် ထူထောင်ရေးအချက် ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများ ၂၁ ရာစု ပင်လုံညီလာခံတွင် UNFC တင်သွင်း

ပြည်ထောင်စုတပ်မတော် ထူထောင်ရေးအချက် ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများ ၂၁ ရာစု ပင်လုံညီလာခံတွင် UNFC တင်သွင်း
Published 2 September 2016
ငြိမ်းဇော်လင်း၊ ဇာလီမြင့်ဦး

ပြည်ထောင်စု တပ်မတော် ထူထောင်ရေး အချက် ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများကို စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယနေ့တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက တင်သွင်းခဲ့သည်။ညီလာခံတွင် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ငါးဦးက ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများတွင် ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အဓိကကျသည့် မူဝါဒ၊ လက္ခဏာများနှင့် လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ မူဝါဒများ၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အစိုးရစနစ်၊ အာဏာခွဲဝေခြင်း ကဏ္ဍများ၊ အာဏာခွဲဝေခြင်းမှ ထပ်တူပြုအာဏာ၊ အခွန်ဘဏ္ဍာနှင့် သယံဇာတခွဲဝေမှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး၊ လက်နက်ကိုင် တပ်ဖွဲ့ ကဏ္ဍများ၊ ရွေးကောက်တင်မြှောက်ပုံ စနစ်၊ အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများ အပိုင်းလိုက်ခွဲ၍ ဖတ်ကြား တင်သွင်းခဲ့ကြသည်။“ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံကို အေးချမ်းမှု တည်ဆောက်ချင်ရင် အဓိကကတော့ ကျွန်တော်တို့ နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ စုစည်းဖွဲ့စည်းထားတဲ့ နိုင်ငံ ဖြစ်တယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ ချစ်ကြည် ညီညွတ်ရေးကို ကျွန်တော်တို့ မတည်ဆောက်နိုင်ရင် အဲဒီ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ မတည်ဆောက်နိုင်ပါဘူး။ အဲဒီမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုတဲ့ နေရာမှာ အခြေခံ အကျဆုံးနဲ့ လွယ်လွယ်ကူကူနဲ့ ကျွန်တော်တို့ ပြောရမယ်ဆိုရင် အဲဒီ တိုင်းရင်းသား လူမျိုးပေါင်းစုံမှာ တန်းတူညီမျှတဲ့ အခွင့်အရေးရှိဖို့ လိုပါတယ်။ လက်ရှိ အနေအထားသည် ကျွန်တော်တို့ ဒီအခွင့်အရေးတွေက မရှိဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါပေမဲ့ နိုင်ငံသား အနေနဲ့ နိုင်ငံသား အားလုံးမှာ အခွင့်အရေး တန်းတူမှု ရှိပေမယ့် လူမျိုးရေးအရ မရှိပါဘူး ခင်ဗျာ။ ကျွန်တော်က ချုပ်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအေးချမ်းတည်ငြိမ်ဖို့နဲ့ နောင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အတွက်ပေါ့။ ကျွန်တော်တို့ တိုင်းရင်းသား အခွင့်အရေး အားလုံးကို ညီတူညီမျှ ရရှိနိုင်အောင် ကျွန်တော်တို့က အားလုံး စဉ်းစားပြီးတော့မှ အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ တကယ်ပဲ စစ်မှန်တည်ငြိမ် အေးချမ်းတဲ့ နိုင်ငံကို ကျွန်တော်တို့ ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အကြောင်း၊ အဲဒီအတွက် အားလုံး ကြိုးပမ်းပြီးတော့မှ အကောင်အထည်ဖော်ကြဖို့ ကျွန်တော်က တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု မွန်ပြည်သစ်ပါတီ (NMSP) မှ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများတွင် ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရာတွင် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးများ အဖွဲ့ကို ကာကွယ်ရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ဖွဲ့စည်းထားရှိရမည်ဟု ပါရှိပြီး၊ စစ်ဦးစီးများ အဖွဲ့ကို ပြည်နယ်အသီးသီးမှ စေလွှတ်သော စစ်ဦးစီးမှူးများဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးကို အဆိုပါ အဖွဲ့ထဲမှ နှစ်နှစ်သက်တမ်း ကာလအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ အလှည့်ကျရွေးချယ် ခန့်အပ်ရမည်ဟု ဖော်ပြပါရှိသည်။ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ကို ပြည်ထောင်စု တပ်နှင့် ပြည်နယ်တပ်များဖြင့် ဖွဲ့စည်းရမည် ဖြစ်ကာ ပြည်ထောင်စုတပ်ကို ပြည်နယ်များမှ အချိုးကျစေလွှတ်သော တပ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ စုစုပေါင်း အမြဲတမ်း စစ်အင်အားသည် ပြည်ထောင်စု လူဦးရေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းထက် မပိုစေရ၊ လိုအပ်သည့် အချိန်တွင် အင်အားဖြည့်တင်းနိုင်ရန် အရန်တပ်ဖွဲ့များ ထားရှိရမည်ဟုလည်း ဖော်ပြပါရှိသည်။၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီး နေဝင်းသည် လက်နက်ကိုင် တပ်မတော်ကို အခြေပြု၍ ယနေ့ မြန်မာနိုင်ငံ၏ နယ်မြေဒေသ အသီးသီးကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းအချိန်မှစ၍ စစ်ဝါဒ ကြီးစိုးရေး၊ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ ခိုင်မြဲရေး အစီအစဉ်များ ချမှတ်ခဲ့ကြောင်း၊ ထိုသို့ အာဏာရှင်စနစ် ရေရှည်တည်တံ့ ခိုင်မြဲစေရန် လုပ်ဆောင်ခဲ့သည့်အတွက် ဒီမိုကရေစီ အခွင့်အရေးများနှင့် တိုင်းရင်းသား အခွင့်အရေးများ၊ ဆိတ်သုဉ်းလာခြင်း၊ စီးပွားရေး ချွတ်ခြုံ ကျလာခြင်း၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း နိမ့်ကျလာခြင်းတို့ကြောင့် စစ်အာဏာရှင် စနစ်၏ အခြေခံကျောရိုးဖြစ်သည့် လက်နက်ကိုင် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းရန် အရေးတကြီး လိုအပ်လာသည့် အပြင် စစ်တပ်အခြေပြု အာဏာရှင်စနစ် နောက်တစ်ဖန် မပေါ်ပေါက်လာစေရန် ရည်ရွယ်၍ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒ စာတမ်းကို တင်သွင်းရခြင်းဖြစ်ကြောင်း ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က စာတမ်းတင်သွင်းစဉ် ထည့်သွင်းပြောကြားသည်။အဆိုပါ တင်ပြချက်များမှာ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကချင်အဖွဲ့ (KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)၊ PSLF အဖွဲ့၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ဝအမျိုးသားအဖွဲ့ချုပ် (WNO)နှင့် MNDAA အဖွဲ့တို့၏ ညှိနှိုင်း သဘောထားရယူ၍ ပြင်ဆင်ထားချက်များဖြစ်ကြောင်း  သိရသည်။ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council– UNFC) ကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသော တိုင်းရင်းသားလူမျိုးများ ညီလာခံတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ အဖွဲ့၏ ရည်ရွယ်ချက်မှာ စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ အဓွန့်ရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရန်၊ တိုင်းရင်းသားလူမျိုးများ အားလုံး ထာဝစဉ်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ပူးပေါင်း နေထိုင်သွားနိုင်ရန် အတွက် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူမှုရှိသော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent