ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရခြင်းမှာ ငြိမ်းချမ်းရေး ရရန်ဖြစ်ပြီး ငြိမ်းချမ်းရေးရရန် ကိစ္စတွင် ယုံကြည်မှု လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရခြင်းမှာ ငြိမ်းချမ်းရေး ရရန်ဖြစ်ပြီး ငြိမ်းချမ်းရေးရရန် ကိစ္စတွင် ယုံကြည်မှု လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 25 August 2016
နေရိုင်း၊ ဇေယျာထွန်း၊ ကျော်မျိုး

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရခြင်းမှာ ငြိမ်းချမ်းရေး ရရန်ဖြစ်ပြီး ငြိမ်းချမ်းရေးရရန် ကိစ္စတွင် ယုံကြည်မှုလိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သြဂုတ် ၂၄ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တွေ့ဆုံခြင်းဆိုတာ သဘောထားညှိဖို့ နားလည်မှုရှိဖို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်နိုင်ဖို့၊ နောက်ဆုံးကျတော့ ယုံကြည်မှုပေါ့။ ကျွန်မတို့ ညီလာခံကြီး ဘာလုပ်ဖို့ ကျင်းပလဲဆိုရင် ငြိမ်းချမ်းရေးရဖို့၊ ငြိမ်းချမ်းရေးရဖို့ကိစ္စက ဘာလိုအပ်ချက် ရှိလဲဆိုရင် ယုံကြည်မှုပေါ့။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိသွားပြီဆိုရင် တခြားပြဿနာတွေအားလုံး ရှင်းလို့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု မရှိဘူးဆိုရင် စာချုပ်တွေ ဘယ်လိုပဲ လက်မှတ်ထိုးထား ထိုးထား၊ အဟောသိကံ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “ယုံကြည်မှုရှိဖို့ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့နေရာမှာ ပွင့်လင်းဖို့လိုပါတယ်။ အဲဒီမှာ ကျွန်မရိုးသားတယ်လို့ မသုံးချင်ဘူး။ မသုံးချင်တာ ရိုးသားမှုမရှိဘူးလို့ စွပ်စွဲသလို ဖြစ်မှာစိုးလို့။ အဲဒါ ပွင့်လင်းဖို့လိုတယ်။ ကျွန်မတို့ တည့်မတ်ဖို့လိုတယ်။ တည့်တည့်မတ်မတ် ပြောစရာရှိတာကိုပြောဖို့ အင်မတန်မှ လိုအပ်ပါတယ်။ တချို့ကလည်း ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းကြီး ပြောလိုက်လို့ရှိရင် ဟိုဘက်က မခံနိုင်များ ဖြစ်သွားမလား ဆိုပြီးတော့ စိတ်ပူကြတာ ရှိပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အစည်းအဝေးပွဲများ ပြုလုပ်ရာမှာ အလကား ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး အမြင်ချင်း ဖလှယ်မှ လိုချင်သည့် တိုးတက်မှု ရရှိမည်ဖြစ်ကြောင်း၊ အောင်မြင်အောင် လုပ်နိုင်မှသာ နိုင်ငံအတွက် အများကြီး အကျိုးရှိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ယခုတစ်ခါ မအောင်မြင်နိုင်ပါက နောက်တစ်ခါ မည်မျှအထိ စောင့်ရမည်ဖြစ်ကြောင်း၊ စောင့်နေသည့် အချိန်အတွင်း နိုင်ငံမည်မျှလောက် ထိခိုက်မလဲဆိုတာ စဉ်းစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဘာကြောင့်ဆိုတဲ့ မေးခွန်းက အရေကြီးဆုံးပါ။ ကျွန်မတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာက အခုအထိ ဘာကြောင့် ထာဝရ ငြိမ်းချမ်းရေး မတည်ဆောက် နိုင်တာလဲ။ အဲဒီဘာကြောင့်ထဲမှာ ကိုယ့်ဘက်က ဘာပါလဲ။ ဘာကြောင့်ဆိုတာ သူများတွေကိုပဲ လက်ညှိုးထိုးလို့ ရှိရင်တော့ ကျွန်မတို့ဟာ အဖြေကိုရမှာ မဟုတ်ဘူး။ ဘာကြောင့်ဆိုတာ သူ့ဘက်ကလည်း မေးလို့ရတယ်။ သူ့ဘက်ကရော ဘာကြောင့် ငြိမ်းချမ်းရေးရအောင် မလုပ်သေးလဲ။ ကိုယ့်ဘက်ကရော ဘာကြောင့်ငြိမ်းချမ်းရေးရအောင် မလုပ်ပေးနိုင်လဲ ဆိုပြီးတော့ ဟိုဘက် ဒီဘက် မျှမျှတတ စဉ်းစားနိုင်မယ်ဆိုရင် တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “အခွင့်အလမ်း တစ်ခုဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ နှစ်ခါပြန် မလာတတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်း ဆိုတာကလည်း အင်မတန်မှ ရှည်ပါတယ်။ အခွင့်အရေး ပြန်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကြားထဲမှာ အဟောသိကံ ဖြစ်သွားတဲ့အချိန် လူတွေရဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ဒီကြားထဲမှာ ကျွန်မတို့က အဟောသိကံ မဖြစ်သွားစေချင်ဘူး။ ကျွန်မတို့ရဲ့ အချိန်၊ ကျွန်မတို့ ရဲ့ ပြည်သူလူထု၊ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးမှာ ပါနေတဲ့ ပုဂ္ဂိုလ်များရဲ့ အရည်အချင်းတွေကို အလကားချည်းပဲ အဟောသိကံ မဖြစ်သွားစေချင်ဘူး” ဟု ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတင်ပါက နိုင်ငံသူ နိုင်ငံသားများအတွက် ဆုံးရှုံးမှုများ မဖြစ်ရန် ဆက်လက် ကြိုးစားပေးရန် အစည်းအဝေးသို့ တက်ရောက်လာသူများအား ၎င်းက ပြောကြားသည်။
အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “နိုင်ငံရေးမူဘောင် ဆွေးနွေးတဲ့နေရာမှာ အားလုံးတန်းတူ ပါဝင်ရေးပေါ့။ ဒါလည်း Joint Committee ဆက်သွားတဲ့ဟာမှာ အားလုံးလက်မှတ် ထိုးထားတဲ့ အဖွဲ့ရော၊ မထိုးထားတဲ့အဖွဲ့ရော မူဘောင်တွေမှာ ညှိနှိုင်းတာ ဆွေးနွေးတာ ပါတာပေါ့။ တန်းတူပဲပေါ့။ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်ရေးဆိုတာ ဆရာတို့က Joint Committee ဖွဲ့တာ။ အဲဒီမှာ အားလုံးပါဝင်လို့ ရတယ်ပေါ့။ လက်မှတ်ထိုးတဲ့ အဖွဲ့ရော မထိုးတဲ့ အဖွဲ့ရောပေါ့။ အဲဒါတွေအားလုံး ပြန်ဖြေသွားတာပေါ့” ဟု ပြောကြားသည်။
 

Most Read

Most Recent