နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံအတည်ပြု ဝင်ရောက်ရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံအတည်ပြု ဝင်ရောက်ရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 23 August 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံအတည်ပြု ဝင်ရောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က သြဂုတ်  ၂၃ ရက်၌ သဘောတူခဲ့သည်။
 
အဆိုပါစာချုပ်သို့ အတည်ပြု ဝင်ရောက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ သြဂုတ် ၁၆ ရက်က လာရောက်တင်သွင်းခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၃ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
 
မြန်မာနိုင်ငံအနေဖြင့်  နျူကလီးယား လက်နက်ထုတ်လုပ်နိုင်လောက်သည့် နည်းပညာမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က သြဂုတ် ၁၆ ရက်က လွှတ်တော်သို့ လာရောက်ရှင်းလင်းခဲ့သည်။
 
အာဆီယံနိုင်ငံများတွင် မြန်မာနှင့် ထိုင်းနိုင်ငံမှလွဲပြီး ကျန်သည့် နိုင်ငံများသည် အဆိုပါစာချုပ်တွင် ပါဝင်ပြီးဖြစ်ကြောင်း၊ အဆိုပါစာချုပ်သည် ယနေ့အချိန်အထိ အာဏာသက်ဝင်ခြင်း မရှိသေးသည့်အတွက် ဥပဒေအရ စည်းနှောင်မှု မရှိသေးကြောင်း၊ စာချုပ်တွင် သတ်မှတ်ထားသည့် အဆင့်မြင့်နျူကလီးယားနည်းပညာ ပိုင်ဆိုင်သည့် နိုင်ငံ ၄၄ နိုင်ငံမှ အတည်ပြုဝင်ရောက်လာမှသာ စာချုပ်သည် အာဏာသက်ဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ ၄၄ နိုင်ငံအနက် တရုတ်၊ အီဂျစ်၊ အီရန်၊ အစ္စရေး၊ အမေရိကန်၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ပါကစ္စတန် စသည့် ရှစ်နိုင်ငံ ပါဝင်ခြင်းမရှိသေးကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
 
ဒုတိယဝန်ကြီးက “မြန်မာနိုင်ငံအနေနဲ့  နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ နိုင်ငံရေးဆန္ဒ လုံးဝမရှိပါဘူး။ နည်းပညာအရ ကြည့်မယ်ဆိုရင်လည်း  နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်လောက်တဲ့ နည်းပညာမရှိခြင်းတို့ကြောင့် အဲ့ဒီ စာချုပ်အပေါ် လိုက်နာပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ရပ်တည်ချက်က နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
 
စာချုပ်သို့ ဝင်ရောက်ပြီးပါက မြန်မာနိုင်ငံအနေဖြင့် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်များတွင် အသုံးပြုနိုင်ရန်အတွက် နည်းပညာများကို တရားဝင်ရရှိမည် ဖြစ်ကြောင်း၊ ဆေးဝါးကုသရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ အဆင့်မြင့် နည်းပညာများအတွက် သုတေသနဆောင်ရွက်မှုနှင့် သင်ကြားမှုများ၊ လျှပ်စစ်စွမ်းအင်အတွက်  နျူကလီးယားစွမ်းအင်အသုံးချသည့် ကိစ္စရပ်များ၊ မြေငလျင်ကြိုတင်သတိပေးမှု အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သည့်  နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူနိုင်ရန်အတွက် ပေးပို့ထားခြင်း ဖြစ်သည်။
 
မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်သို့ ဝင်ရောက်ခြင်းအားဖြင့်  နျူကလီးယားလက်နက်များနှင့် စပ်လျဉ်းပြီး နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် စွပ်စွဲနေမှုများအား ပပျောက်စေနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
 

Most Read

Most Recent