အစိုးရ၏ ဘတ်ဂျက်နှင့် လိုငွေ၊ ကြွေးမြီ ခံနိုင်ဝန် ပမာဏ အထိသာ ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အကြံပြု

အစိုးရ၏ ဘတ်ဂျက်နှင့် လိုငွေ၊ ကြွေးမြီ ခံနိုင်ဝန် ပမာဏ အထိသာ ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အကြံပြု
Published 21 August 2016
စိုးမင်းထိုက်

အစိုးရ၏ ဘတ်ဂျက်နှင့် လိုငွေ၊ ကြွေးမြီ ခံနိုင်ဝန် ပမာဏ အထိသာ အစိုးရငွေတိုက် စာချုပ်များ ထုတ်ဝေရောင်းချသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက အကြံပြု ဆွေးနွေးခဲ့သည်။ နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ) က “ငွေတိုက်စာချုပ်ကို ပြည်သူတွေ ဘယ်လောက်ဝယ်နိုင်လဲ ဆိုတာထက်ကို လိုငွေနဲ့ အစိုးရ ဘတ်ဂျက်နဲ့ ပြန်လည်ပေးဆပ်ရမယ့် ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည် ရှိသင့်တဲ့ ပမာဏပဲ ဖြစ်သင့်ပါတယ်။ ဈေးကွက် လိုအပ်ချက်ထက် အစိုးရက စာချုပ်တွေကို ရောင်းမယ်ဆိုရင် ကြွေးမြီ ဘယ်လောက် ဝန်ထုပ်ဝန်ပိုး ရှိသလဲဆိုတဲ့ ခံနိုင်ရည် ပမာဏ အထိပဲ Bond ကို ရောင်းသင့်ပါတယ်” ဟု ဆွေးနွေးသည်။ဆက်လက်၍ “အစိုးရ ငွေတိုက်စာချုပ်တွေကို ပြန်ရွေးနုတ်ဖို့ဆိုရင် အခွန်တွေ၊ ရငွေတွေ တိုးလာရမယ်။ ဘတ်ဂျက်ပိုငွေ ရရမယ်။ ဂျီဒီပီ မြင့်လာရမယ်။ ပြီးတော့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ အမြတ်ရရမှာပါ။ ဒီအချက်တွေ အပေါ်မှာ အခြေပြုထားတာပါ။ ဒီအချက်တွေ အားလုံးဟာ ဒီနှစ် ဘတ်ဂျက်လိုငွေကို ကိုယ်စားလှယ်တွေလည်း လေ့လာထားပြီးဖြစ်လို့ အခြေအနေ မကောင်းဘူးဆိုတာ သိပြီးသားပါ။ ငွေကြေးအရင်းအမြစ် ရနိုင်တဲ့ နည်းလမ်း အားလုံးမှာ ပြည်တွင်းဈေးကွက်မှ ရှာ၍ ရရှိနိုင်ပါတယ်။ ပြီးတော့ အမျိုးသား စုဆောင်းမှု စီမံချက်လည်း ရှိပါတယ်။ နောက်တစ်ခုက ပြည်ပဈေးကွက်လည်း ရှိပါတယ်။ ပြည်တွင်းဈေးကွက်ကနေ ငွေရဖို့အတွက် ပုဂ္ဂလိကမှာ ငွေမရှိနိုင်ပါဘူး။ အမျိုးသား စုဆောင်းမှု အချိုးကလည်း နိမ့်ကျနေပါတယ်။ နိုင်ငံသားတွေရဲ့ စုဆောင်းမှု အချိုးက နိမ့်ကျပြီး အားရစရာ မရှိပါဘူး။ မက်ခရို စီးပွားရေး အောင်မြင်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝယ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သုံးသပ်သည်။ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ)က ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ကြောင်း၊ အစိုးရလိုငွေ ဖြည့်ဆည်းရာတွင် ငွေတိုက်စာချုပ်၊ သက်သေခံလက်မှတ်များနှင့် ဖြည့်ဆည်းသည့် နည်းလမ်း၊ ငွေစက္ကူများကို ထုတ်ဝေသည့် နည်းဆိုပြီးရှိကြောင်း၊ ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာကို အနှစ်ချုပ်ရမည် ဆိုပါက ဥပဒေ၊ နည်းဥပဒေ၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်မှု၊ ဘဏ္ဍာရေးနှင့် ငွေကြေးပေါ်လစီ ပူးပေါင်းဆောင်ရွက်မှု၊ စီမံခန့်ခွဲမှု မူဘောင်များနှင့် ဘက်ပေါင်းစုံမှ မဟာဗျူဟာ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်များသာ မရှိခဲ့ပါက စီးပွားပျက်ကပ်ဖြစ်ပြီး အစိုးရ ရပ်တန့်သွားနိုင်ကြောင်း၊ ပြည်တွင်းပြည်ပ ကြွေးမြီ စုစုပေါင်း ၂၅ ဘီလျံကျော် ရှိကြောင်း၊ ဒေါ်လာနှင့်တွက်မည် ဆိုပါက ၁၉ ဘီလျံကျော် ရှိနေကြောင်း ဆွေးနွေးခဲ့သည်။“ကြွေးမြီဟာ တစ်နှစ်ကို လေးဘီလျံ နီးပါး ချေးယူထားတယ်လို့ အကြမ်းဖျင်း သုံးသပ်လို့ ရပါတယ်။ ပြည်တွင်း ကြွေးမြီအတွက် အစိုးရငွေတိုက် လက်မှတ်များ ဗဟိုဘဏ်ကို ရောင်းချခြင်းဖြင့် ငွေရှာထားတာဟာ အကြွေးစုစုပေါင်းရဲ့ ၇၈ ရာခိုင်နှုန်း ရှိပါတယ်။ ကျန်တဲ့ ၂၂ ရာခိုင်နှုန်းက ပုဂ္ဂလိကဆီက ငွေရှာတာလားလို့ စဉ်းစားစရာ ဖြစ်ပါတယ်။ ပြည်သူတွေက ငွေတိုက်စာချုပ်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု အရမ်းကို အားနည်းပါတယ်။ ငွေတိုက် အတိုးနှုန်းက ပုံမှန် ဘဏ်အတိုးနှုန်းနဲ့ ယှဉ်လိုက်ရင် နည်းလွန်းလို့ ဆွဲဆောင်မှုလည်း မရှိပါဘူး” ဟု ဦးသန်းစိုးက ဆွေးနွေးသည်။“ဗဟိုဘဏ်ကနေ ၇၈ ရာခိုင်နှုန်းအထိ ထုတ်ပေးနေရလို့ Money Supply က မြင့်လာပါတယ်။ ဒီအကျိုးဆက်ဟာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေမှာ အသေအချာပါပဲ။ အရင် အစိုးရလိုပဲ တစ်ပုံစံတည်း ဆက်လုပ်လို့ မရပါဘူး။ စာချုပ်ရောင်းတဲ့နည်းနဲ့ ပြောပေမယ့် ငွေထုတ်ပြီး ဝယ်ရင် မထူးပါဘူး။ ငွေတိုက် လက်မှတ်တွေအတွက် ပေးလိုက်ရတဲ့ အတိုးကို ကာမိစေဖို့အတွက် အခွန်တိုး ကောက်တာတွေ ဖြစ်လာနိုင်တယ်။ စာချုပ်ဝယ်ဖို့ ငွေပိုရိုက်ရမယ်။ အရင်းပြန်ဆပ်ဖို့ အခွန်တိုးကောက်ရမယ်။ ဒါဆိုရင် ဈေးနှုန်းတွေ တက်လာမယ်။ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာမယ်” ဟု ဆက်လက် ဆွေးနွေးခဲ့သည်။ပြည်ပ ကြွေးမြီနှင့် ဆောင်ရွက်သည့် ကိစ္စများတွင် မည်သည့်ကာလမှာ ငွေပြန်ဖော်နိုင်မည် ဆိုသည်ကို မပြောပြထားကြောင်း၊ ပွင့်လင်းမြင်သာစွာ အသိပေးရန် လိုအပ်ကြောင်း၊ စာချုပ်ရောင်းသည့် နေရာများတွင် ယင်းအချက်များကို ဖော်ပြထားသင့်ကြောင်း၊ ပြည်ပကြွေးမြီသည် ဆိုင်းငံ့ ၁၀ နှစ် အနည်းဆုံးဖြစ်ပြီး ချေးငွေကာလ နှစ် ၄၀ ဟု ချွေးသိပ်ထားကြောင်း၊ အကြွေးများ အားလုံးအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၇၇ သန်းနီးပါးနှင့် ၂၀၂၃ ခုနှစ်အထိ ဆပ်ရမည်ဟု သိရှိထားကြောင်း ဦးသန်းစိုးက ဆွေးနွေးခဲ့သည်။“လက်ရှိမှာ ပြည်တွင်းထုတ်လုပ်မှုက တက်မလာပါဘူး။ ကုန်သွယ်မှုလိုငွေ ပြနေတာကို မြင်လို့ရပါတယ်။ ကုန်သွယ်မှုလိုငွေ ပြတဲ့အတွက် ငွေလဲလှယ်နှုန်းက တစ်ဖြည်းဖြည်း မြင့်တက်လာပါတယ်။ ငွေလဲလှယ်နှုန်း မြင့်တက်လာတဲ့အတွက် မြန်မာငွေလဲလှယ်နှုန်းက ကျလာပါတယ်။ ကျလာရင် အတိုးနှုန်းနည်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ငွေတန်ဘိုးကျတဲ့အတွက် ပြန်ပေးဆပ်ရမယ့် ငွေလဲလှယ်နှုန်းက တော်တော်ကို ကြီးမားပါတယ်” ဟု ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

Most Read

Most Recent