တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၉ ရက် ညနေပိုင်းက တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရာတွင် တရုတ်သမ္မတရှီကျင်ပင်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးမြှင့်တင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ တရုတ်နိုင်ငံအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ထိုသို့မတွေ့ဆုံမီ ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက်များနှင့်တွေ့ဆုံခဲ့ပြီး အိမ်နီးချင်းကောင်းဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ၊ Villa 12 တွင် Asia Infrastructure Investment Bank (AIIB) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာ ဝန်ကြီးနှင့်အတူ တရုတ်ရိုးရာ လက်ဖက်ရည်ပွဲ သုံးဆောင်ကာ တရုတ်ရိုးရာ ဂီတပွဲဖြင့် ဖျော်ဖြေတင်ဆက်သည့် လူငယ်များအား နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခယ်ကျင်း၏ ဖိတ်ကြားချက်အရ သြဂုတ် ၁၇ ရက်က သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်သည် ငါးရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၈ ရက်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခယ်ကျင်းနှင့် တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး၊ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား ဆောင်ရွက်ဆဲ စီမံကိန်းများ၊ နှစ်နိုင်ငံအကြား တပ်မတော်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့နောက် Great Hall of the People, He Bei Hall ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် သက်ဆိုင်ရာ အစိုးရကိုယ်စားလှယ်များက မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ ကွမ်းလုံတံတား တည်ဆောက်ရေးအတွက် Exchange of Note နှင့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တို့အား လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ သြဂုတ် ၁၈ ရက် နံနက်ပိုင်းကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ အလုပ်သဘော နံနက်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း၊ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲ တွင် ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများအား တွေ့ဆုံပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းကလည်း တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် လေးရက်ကြာ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ဦးဆောင်သည့် အစိုးရတက်လာပြီးနောက်ပိုင်း ပြည်ပခရီးစဉ်များအဖြစ် မေ ၆ ရက်က လာအိုနိုင်ငံသို့လည်းကောင်း၊ ဇွန် ၂၃ ရက်မှ ၂၅ ရက်ထိ ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်ထိ ၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် လာအိုနိုင်ငံသို့ လည်းကောင်း သွားရောက်ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်း တွေ့ဆုံဆွေးနွေး















