၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း ကိုးကန့်၊ တအာင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ သဘောထားထုတ်ပြန်

၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း ကိုးကန့်၊ တအာင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ သဘောထားထုတ်ပြန်
Published 18 August 2016

၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသော တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့က သြဂုတ် ၁၈ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိမြန်မာနိုင်ငံ အစိုးရမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အပြုသဘောဆောင်သည့် နိုင်ငံရေးပြောင်းလဲမှု ခြေလှမ်းတစ်ရပ် အနေဖြင့် ကြိုဆို ထောက်ခံကြောင်း၊ သြဂုတ် ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် UPDJC အစည်းအဝေးက ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်မည့် အားလုံးပါဝင်ရေးမူကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ကြားသိရသည့်အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုကို ဝမ်းမြောက် အားတက်မိပါကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံကိုလည်း သြဂုတ် ၃၁ ရက်တွင် ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့သည်ကိုလည်း ကြိုဆိုပြီး မိမိတို့ အနေဖြင့် တက်ရောက်နိုင်ရန် အဆင်သင့်ရှိကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။ထို့ပြင် မြန်မာအစိုးရ အဆက်ဆက်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးတို့သည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး ပြဿနာများကို မရှင်းနိုင်ခဲ့ကြဘဲ လက်နက်ကိုင် ဖြေရှင်းခဲ့ကြသဖြင့် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရကြောင်း၊ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်မှ လက်ရှိအစိုးရအထိ အစိုးရနှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်ကာ ပြည်တွင်းစစ်မီး ပြေငြိမ်းနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာလာသည်မှာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး နည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့ကြောင့် လက်ရှိ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး အတူတကွ လုပ်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် အဆင်သင့်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အပြန်အလှန် ရပ်စဲပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆန္ဒအပြည့်အ၀ ရှိကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။NCA လက်မှတ်ထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ချင်းအမျိုးသားတပ်ဦး (CNF)၊ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်ဖွဲ့(DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)တို့ ဖြစ်သည်။NCA မထိုးရသေးသည့် အဖွဲ့များမှာ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA)၊ နာဂလက်နက်ကိုင်အဖွဲ့(NSCN-K)၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA၊ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ၀ အမျိုးသားအဖွဲ့ချုပ်(WNO)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်သည်။