နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ရန်ကုန်မြို့dမှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ တရုတ်လေကြောင်းဖြင့် သြဂုတ် ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကူမင်းမြို့မှတစ်ဆင့် ပေကျင်းမြို့သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ည ၇ နာရီ ၅၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း၊ မြန်မာကိုယ်စားလှယ် အဖွဲ့အား တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာလီခယ်ကျင်း၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်သည် လေးရက်ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းနှင့် ဝန်ကြီးချုပ်လီခယ်ကျင်းတို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အစိုးရက နိုင်ငံတော်အကြီးအကဲ အဆောင်အယောင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် သတင်းစာဖြစ်သည့် Global Times သတင်းစာက ဖော်ပြထားသည်။
ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံဘက်မှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သေချာပေါက် ဆွေးနွေးလိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းကလည်း တရုတ်နိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် လေးရက်ကြာ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေကျင်းမြို့သို့ ရောက်ရှိ